Pages

Thursday, October 28, 2010

သုံးဖြတ် တကုံး (သို့) အလံသစ်သမိုင်း

(ဧရာဝတီ ဟော့တ်လိုင်း မေးလ်ထဲကို ရောက်လာတဲ့ သရော်စာ တပုဒ်ပါ။ မြန်မာပြည်က နယူတန် ဆိုတဲ့ မေးလ်နာမည်နဲ့ ပို့လာတာပါ။ ရယ်မောနိုင်ကြပါစေ)

ယနေ့ အကုန်လုံး အလုပ်ရှုပ်နေကြသည်။ “သုံးဖြတ် တကုံး” ဆိုသောစာတမ်းအား ခေါင်းဆောင်ကြီး၏ အိမ်သာနံရံတွင် ရေးထားသောကြောင့်ဖြစ်သည်။

ခေါင်းဆောင်ကြီး အိမ်သာတက်တော့ ထိုစာတမ်းကို မြင်၍ လန့်သွားပြီး ချက်ခြင်းဆိုသလို ဗေဒက၀ိန် ပညာပိန်တို့အားလည်းကောင်း၊ အဋ္ဌကထာ ဆရာလိမ် များအားလည်းကောင်း ငယ်သားများအား ချက်ခြင်းပင့်ဖိတ်ခိုင်းလိုက်လေသည်။ ခေါင်းဆောင်ကြီး၏ အရေးတကြီးနိုင်မှုကြောင့် ငယ်သားများစွာမှာ ချက်ခြင်း ကားကြီးကားငယ် အသွယ်သွယ်ဖြင့် တမျိုး၊ ၀န်ကြီး ၀န်လေးများစွာမှာလည်း တံမြက်စည်းပျံများ စီး၍ တသွယ် ဆရာ့ဆရာများစွာအား သွားရောက်ပင့်ဖိတ်ကြရလေသည်။

ခေါင်းဆောင်ကြီးမှ အရေးတကြီး အိမ်သာမှ ထွက်ခဲ့သောကြောင့် ကိစ္စများကိုပင် ရေမလောင်းခဲ့ရသေးပေ။ ဆရာများ မကြည့်မီ ခြေရာလက်ရာ ပျက်မှာစိုးသောကြောင့်လည်း ဖြစ်လေသည်။

ထိုအရာများပင် မအေးသေးမီ ဆရာများစွာ အလျှိုအလျှို ရောက်ရှိလာလေသည်။

တယောက်တပေါက် ပြောဆိုရင်း အိမ်သာတွင်းမှ စာတမ်းအား အမျိုးမျိုး ငြင်းခုန်နေကြလေ၏။

“သုံးဖြတ် တကုံး” ဆိုသည်မှာ သုံးယောက်ပြီးနောက် နန်းသက်ကုန်ဆုံးမည်ဟု ဆိုလိုနိုင်ကြောင်း အားလုံးက ယေဘုယျ သဘောတူထားလိုက်သည်။



ခေါင်းဆောင်ကြီး၏ အခင်းကြီးများမှာလည်း အနံ့အသက်အားဖြင့် ကောင်းမွန်ကြောင်းကြံဖန် ချီးကျူးသွားသူများလည်း ပါသေးသည်။

ခေါင်းဆောင်ကြီးမှာ နန်းသက်ကုန်ဆုံးမည်ဆိုသဖြင့် ထိတ်လန့်သွားသည်။ မိမိရှေ့တွင် ခေါင်းဆောင်၂ ဦး ဆုံးခဲ့ပြီးပြီ မဟုတ်ပါလား။

ချက်ချင်း ဆရာများအား လိုင်စင်မဲ့ကား တစီးစီပေးပြီးနောက် မည်သို့ ယတြာလုပ်ရမည်ကို အမြန်မေးမြန်းသည်။

ဆရာများ ခေါင်းချင်းဆိုင်ပြီးနောက် ဆွေးနွေးနေကြရပြန်သည်။

ခေါင်းဆောင်ကြီးသာမက ခေါင်းဆောင်ကတော်ကြီးနှင့် သားသမီးများမှာလည်း ရင်တမမဖြင့် စောင့်ကြည့်နေကြသည်။

ဟုတ်ပေသည်။ ခေါင်းဆောင်ကြီး နန်းသက်ကုန်လျှင် သူတို့အားလုံးလည်း အိမ်နိမ့်စံဘ၀ ချက်ချင်း ရောက်သွားနိုင်သည် မဟုတ်ပါလား။

ဝန်ကြီး၊ ၀န်လေးမှအစ အစောင့်၊ အိမ်တော်ထိန်း၊ ဗိုလ်ခြေဗိုလ်ပါ စသည့်သူများမှာလည်း ခေါင်းဆောင်သုံးဆက်နှင့် ဤခေတ်ကြီးကုန်သွားလျှင် သူတို့ခေတ် မရောက်နိုင်တော့မည် စိုးသောကြောင့် ပူပန်နေကြလေသည်။

အားလုံးမှာ ဆရာများ ဆွေးနွေးပြီးသည်အထိ စိုးရိမ်တကြီး စောင့်နေကြရလေသည်။

နောက်ဆုံးမှ ဆရာများ ဆွေးနွေးပြီးနောက် နန်းသက် မကုန်စေရန်အတွက် လူများ အထွတ်အမြတ်ထားသော နေရာတွင် အဖြတ်သုံးဖြတ်ပါသော အစ၏ အလယ်တွင် ထွန်းလင်းတောက်ပသော အရာတခု ထည့်ပေးခြင်းပြုလုပ်လျှင် နန်းသက် ဆက်နိုင်သေးသည်ဟု ဆိုကြလေသည်။

ခေါင်းဆောင်ကြီးသာမက အားလုံးမှာ ယခုမှ သက်ပြင်းချနိုင်တော့သည်။ ခေါင်းဆောင်ကြီးက ချက်ခြင်း အမိန့်ချလိုက်သည်။

ဖွတ်ညီလာခံကြီးတွင် ရေးဆွဲနေသော ဖွတ်ဥပဒေတွင် ဖွတ်အလံကို အရောင်သုံးရောင် ကြားပြီး အလယ်တွင် ကြယ် သို့မဟုတ် နေ ထည့်လိုက်ရန် ဖြစ်လေသည်။

ခေါင်းဆောင်ကြီးကတော် သာမက နောက်လိုက်ဗိုလ်ပါ မိသားစုများမှာ အားရ၀မ်းသာဖြင့် လက်ခုတ်သြဘာ တီးလိုက်ကြလေတော့သည်။

အားလုံး စိတ်အေးချမ်းသာစွာ ပြန်သွားပြီးနောက် ခေါင်းဆောင်ကြီး၏ မြေး ဖိုးခွေးချေးလေး မှာ အိမ်သာတက်ရန် အိမ်သာတွင်းသို့ ၀င်လေသည်။

ခေါင်းဆောင်ကြီး၏ အခင်းများမှာ နဂိုအတိုင်း ရှိနေသေးသည်။ ထို့ကြောင့် သူ့ခမျာ ပြန်ထွက်လာပြီး သူ့အဖိုး ခေါင်းဆောင်ကြီးကို ပြောလိုက်သည။်

“ဖိုးဖိုး.. အိမ်သာတက်ပြီး မကုံးဘူး၊ ရေလည်းမလောင်းဘူး၊ သားဆို သားဘာသာ ကုံးတတ်တယ်၊ ရေလည်း လောင်းတတ်တယ်။ ဖိုးဖိုးကိုလည်း ဆရာမဆီ အပ်ရမယ်”

ခေါင်းဆောင်ကြီး က “ဟေ မင်းဆရာမက တယ်တော်ပါလား၊ ဖိုးဖိုးတောင် စိတ်ဝင်စားလာပြီ၊ ဆရာမက ဘယ်လို သင်ပေးတုန်းကွ”

ဖိုးခွေးချေးက “ဆရာမက အိမ်သာကုံးရင် တစ်ရှူး သုံးဖြတ်လောက်ကို ဖြတ်ယူ၊ ဒီလို ခေါက်ပြီး သေချာသုတ်ရမယ်လို့  သင်ပေးတယ်။ အဲဒါ သားတောင် မေ့မှာစိုးလို့ နံရံမှာ စာရေးထားခဲ့သေးတယ်။ သုံးဖြတ် တကုံးလို့”

ပြောရင်း ဖိုးခွေးချေးမှာ အိမ်သာတစ်ရှူးကို သုံးဖြတ်ခန့်ဖြတ်ပြီး အသေအချာခေါက်ပြနေလေရာ ခေါင်းဆောင်ကြီးနှင့်တကွ၊ ကတော်ကြီးနှင့် ဗိုလ်ခြေများမှာ ပက်လက်လန်သွားလေတော့သတည်း။

11 comments:

  1.း) တကယ်ရီရတယ်ဗျာ

    ReplyDelete
  2. ယုတ္တိရှိရှိ ထိထိမိမိ လေး သရော်ထားသည့်အတွက် ရယ်လဲရယ်ရ တရားလည်းကျဖို့ ကောင်းပါသည်။ ချီးကျူးဖွယ်သရော်စာတစ်ပုဒ်ဖြစ်ကြောင်း မှတ်ချက်ပြုမိပါသည်။

    ReplyDelete
  3. ကိုယ့်နိုင်ငံအလံကိုပြောရက်တယ်...ခင်ဗျားတို့တွေက ပုဂ္ဂိုလ်ရေးမုန်းတီးမှုနဲ့
    ပတ်သက်ပြီး လုပ်သမျှကိုလိုက်ဝေဖန်နေတာပဲ...ဘယ်နိုင်ငံကမှ
    ဒီလိုကိုယ့်နိုင်ငံအလံကို မိုက်မိုက်ရိုင်းရိုင်းမသရော်ဘူးထင်ပါတယ်...
    စဉ်းစားကြပေါ့ဗျာ..ကိုယ့်နိုင်ငံအလံ ကိုယ်မှမရိုသေဘယ်နိုင်ငံ
    ရိုသေမှာလဲ..ဒီစာရေးတဲ့လူလဲအသက်ကြီးပြီး(ကျွန်တော့်အထင်)
    အတွေးအခေါ်တော်တော်နိမ့်တာပဲ.....ခုအလံကိုခင်ဗျားသဘောမကျ
    ဘူးထား...ပြောစမ်းပါအုံးခင်ဗျားအလေးပြုမယ်ဆိုဘယ်အလံသွားပြု
    မှာလဲ...အလံချိန်းတယ်ဆိုတာခုမှထူးပြီးလုပ်တာလဲမဟုတ်ဘူး..ရှေ့မှာ
    လဲ ချိန်းခဲ့တဲ့သာဓကတွေရှိတယ်..ခုအလံကိုဒေါ်အောင်ဆန်းစုကြည်
    သာချိန်းခဲ့ပါလား..ဟာအရမ်းကျက်သရေရှိတာပဲ...ဘာညာခင်ဗျား
    ချီးကျူးမှာမှတ်လား..အေးအဲတာဟာခင်ဗျားဟာ ပုဂ္ဂိုလ်ရေးမုန်းတီး
    မှုနဲ့ လိုက်ဝေဖန်နေတယ်ဆိုတာသက်သေပဲ....စဉ်းစား
    ပါ..တွေးတောပါ....အားလုံးထမင်းစားပြီးအသိဉာဏ်ရှိတဲ့သူတွေပဲ..
    ဧရာဝတီကလည်းကျွန်တော့်ကွန်းမန့်ကိုဖော်ပြပေးစေလိုပါတယ်..
    ကျွန်တော်ရေးတာမှားရင်အောက်ကထောက်ပြမဲ့ကွန်းမန့်တွေလာပါလိမ့်
    မယ်...ဒီမိုကရေစီဆန်တဲ့ သတင်းဌာနဖြစ်လိမ့်မယ်
    လို့ထင်တဲ့အတွက် ဒီကွန်းမန့်ဖော်ပြပေးမယ်ထင်ပါတယ်..
    ကျေးဇူးတင်ပါတယ်...
    အမှန်တွေးတောစေချင်သူ...

    ReplyDelete
  4. လူရီစရာလုပ်ရင်တော့ ဘယ်သူဖြစ်ဖြစ် ဒီလို ဟားခံရမှာပေါ့ဗျာ

    ReplyDelete
  5.ူနိုငိငံတော်ရဲ့....ပထမဆုံးအလံတင်အခန်းအနားမှာ..ဖိနပ်စုတ်နဲ့အလံတင်ဂုဏ်ပြုသွားတဲ့..မြို့တော်ဝန် လောက်တော့ အောက်တန်းမကျဘူး လို့ပြောချင်တယ်....သာမာန် မဂ်လာဆောင် အခန်းအနား အဆင့်တောင် ဒီလိုဖိနပ်စုတ် သွားခဲ့သလား.....သွားရဲလား....ဒါက...နိုင်ငံတော် အဆင့်.ပွဲကြီးနော်..ရင်နာပါတယ်ဗျာ..

    ReplyDelete
  6. ဘယ်နိုင်ငံကမှဒီလိုကိုယ့်နိုင်ငံအလံကိုမိုက်ရိုင်းရိုင်းမသရော်ဘူးထင်ပါတယ် <<What about burning the old flag? Noone burn their old flag at the New Flag ceremony. You only know how to find fault on other but you didn't see your own fault. Do you have any shame?

    ReplyDelete
  7. အော်..ခင်ဗျားတို့ကိုမေးခွန်းတစ်ခုမေးခဲ့ပြီပဲ...ဒီအလံကို
    ဒေါ်အောင်ဆန်းစုကြည်တင်ခဲ့ရင် ခင်ဗျားတို့တွေ
    ချီးကျူးကြမှာလား..ကဲ့ရဲ့ကြမှာလားလို့....အင်းလေ
    ဒီလိုဆိုလဲ..ခင်ဗျားတို့ ခုမြန်မာနိုင်ငံတော်အလံကို
    အလေးမပြုကြတော့ဘူးပေါ့...ဒေါ်အောင်ဆန်းစုကြည်တင်တဲ့
    အလံကျမှပဲအလေးပြုကြတော့မှာပေါ့....အော်..ပုဂ္ဂိုလ်
    စွဲတွေ..တကယ်တော့ခင်ဗျားတို့ဟာ...ဒီမိုကရေစီရရေးထက်
    ကိုယ်ခင်မင်ရာပုဂ္ဂိုလ်အာဏာရရေး...အတိုက်အခံလုပ်ရေးကိုပဲ
    အဓိကထားပြောဆိုနေကြတာပဲ...ပြည်သူတွေအတွက်မှမဟုတ်တာ..
    အရင်အလံကိုတန်ဖိုးထားတယ်လို့လဲမပြောပါနဲ့...အရင်အလံတုန်းက
    ကျတော့ခြေနဲ့နင်း မီးနဲ့ရှို့နေပြီ..ဟေးဒီမှာ ခုအုပ်ချုပ်နေတဲ့လူတွေ
    ထဲမှာ ကိုယ့်နိုင်ငံအလံကိုအဲလိုလုပ်တဲ့သူတစ်
    ယောက်မှမတွေ့ဖူးသေးဘူး..ခင်ဗျားတို့တွေ့ဖူးရင် ပုံတင်ပြပါကွန်းမန့်လာရေးတဲ့သူများ....ရန်လာတွေ့နေတာ
    မဟုတ်ဘူး..ပြည်သူအတွက်ကောင်းစေ
    ချင်တယ်ဆိုတဲ့ခင်ဗျားတို့စိတ်ဓါတ်တွေ မှန်နေလားမှားနေလား
    တွေးတောစေချင်လို့...ကိုယ်ဟာအတိုက်အခံလုပ်နေတာလား
    ဒီမိုကရေစီရရေးလုပ်နေတာလားဆိုတာ တွေးတတ်စေချင်လို့ပဲ...
    ကျေးဇူးတင်ပါတယ် ဧရာဝတီ..ကွန်းမန့်ဖော်ပြပေးလို့....
    အမှန်တွေးတောစေချင်သူ....

    ReplyDelete
  8. ဖြေးဖြေးလဲပြော...ေ-ွး လဲကိုက်မိအုံးမယ်....သိပ်ချစ်နေရင်လဲ နေပြည်တော်သွားပြီး..အာဝါးလေးဘာလေးပေးလိုက်ဦးနော်......

    ReplyDelete
  9. ဒေါ်အောင်ဆန်းစုကြည်လဲ ပြည်သူတွေသဘောဆန္ဒမပါပဲတင်ရင်၊ သူ့သဘောအတိုင်းသူဆောင်ရင် ဒီလိုပဲ အလှောင်ခံရမှာပဲခင်ဗျ။
    ပထမဆုံးအနေနဲ့ အလံ ဆိုတာ အစိုးရသစ်က ပြောင်းရမယ့်ကိစ္စ။
    အခု ဒီအလံပြောင်းလိုက်တယ်ဆိုတော့ လွှတ်တော်ခေါ်ပြီးရင် နောက်တစ်မျိုးထပ်ပြောင်းဦးမှာလား??????
    ဒီတော့ အလံသစ်က ပြည်သူ့ဆန္ဒ ပါတယ်မပါတယ်ထားဦး၊ ဥပဒေ နဲ့တောင်မညီဘူး..။
    ထင်ရင်မြင်ရာ လုပ်နေတဲ့ အာဏာရ လူတစ်စုကို လှောင်တာ လှောင်ပါစေဗျာ..။ လှောင်တဲ့သူလဲ နိုင်ငံ အတွက် ပြညသူအတွက် ဆိုပြီးလှောင်နေတာမဟုတ်သလို.. အာဏာရ လူတစ်စုကလဲ ပြည်သူအတွက် လုပ်နေပါတယ်လို့ ခင်ဗျား ထင်နေရင်.. မျက်လုံးလေးနည်းနည်း ဖွင့်ကြည့်ပြီး အမှန်ကို မြင်အောင်ကြည့်။ ပြီးမှဆက်ပြော။

    ReplyDelete
  10. ဗေဒက၀ိန် ပညာပိန် ဆိုတာတော့ ပြောလို့ ရပါတယ်။ အဋ္ဌကထာ ဆရာလိမ်ဆိုတဲ့ စကားကတော့ ဗုဒ္ဓဘာသာကို စော်ကားသလိုဖြစ်နေတယ်။ ကျနော် နားလည်သလောက်တော့ အဋ္ဌကထာဆိုတာ ဘုရားဟောတဲ့ဓမ္မ (ပါဠိတော်)ကို ဖွင့်ဆို ရှင်းပြထားတဲ့ ရှင်အာနန္ဒာစသော ရဟန္တာအရှင်မြတ်များရဲ့ စကားတွေ ဖြစ်ပါတယ်။ ကျနော်တို့ နိုင်ငံရေး သက်သက်ကိုပဲ ဦးတည်ပြောဆိုရင် ပိုကောင်းမယ်။ သူများ ယုံကြည်ကိုးကွယ် တန်ဖိုးထားတဲ့ ဘာသာတရားကိစ္စကို မထိခိုက်ရင် ပိုကောင်းမယ်။

    ReplyDelete
  11. မင်းတို့တွေ မြန်မာနိုင်ငံက ဆင်းရဲမွဲတေမှုတွေကို ဘယ်လောက် တိုက်ဖျက်ပြီးပြီလဲ လူအထင်ကြီးအောင် ရေးမနေကြနဲ့ လူထု အတွက်ဆိုတိုင်းလဲ အထင်မကြီးတော့ဘူး ခံရပေါင်းများနေပြီကွ

    ReplyDelete