Pages

Friday, November 18, 2011

၄၄ နှစ်မြောက် ခါတော်မှီ စစ်ဆင်ရေး


တော်လှန်ရေးကောင်စီလက်ထက်၊ ၁၉၆၇ ခုနှစ် နိုဝင်ဘာ ၁၈ ရက်နေ့မှာ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကဘော်ချိုင့်ဝှမ်းဒေသနဲ့ ချင်းတွင်းမြစ် အထက်ပိုင်းမှာ နေထိုင်ကြတဲ့ ကူကီးတိုင်းရင်းသားတွေကို နိုင်ငံခြားသားတွေဆိုပြီး ခါတော်မှီ စစ်ဆင်ရေးအမည်နဲ့ မောင်းထုတ်ခဲ့တဲ့ ဖြစ်ရပ်၊ ၄၄ နှစ်ပြည့်မြောက်တဲ့ ၀မ်းနည်းခြင်းအထိမ်းအမှတ်ကို အိန္ဒိယနိုင်ငံ၊ နယူးဒေလီရောက် ကူကီးတိုင်းရင်းသားတွေက ကျင်းပခဲ့ကြပါတယ်။
 

မြန်မာနိုင်ငံ၊ အိန္ဒိယနိုင်ငံတို့ အင်္ဂလိပ် ကိုလိုနီလက်အောက်ကျရောက်သွားပြီးတဲ့နောက် လွတ်လပ်ရေးအသီးသီးရလို့ နယ်နိမိတ်တွေ ပိုင်းခြားတဲ့အခါမှာ ကူကီးတိုင်းရင်းသားတွေနေထိုင်တဲ့ဒေသတွေဟာ အိန္ဒိယပိုင်နဲ့ မြန်မာပိုင်ဆိုပြီး ကွဲပြားသွားခဲ့ရပါတယ်။ မြန်မာနိုင်ငံအပိုင်ထဲကျရောက်တဲ့ ဒေသတွေက ကူကီးတိုင်းရင်းသားတွေကို တော်လှန်ရေးကောင်စီ အစိုးရလက်ထက်မှာ ချင်းတိုင်းရင်းသား မျိုးနွယ်စုထဲက ထာဒိုချင်းဆိုပြီး သတ်မှတ်ခဲ့ပါတယ်။ ကူကီးတိုင်းရင်းသားတွေကတော့ သူတို့ဟာ ချင်းမျိုးနွယ်စုမဟုတ်တဲ့အကြောင်း၊ ချင်းမျိုးနွယ်စုနဲ့ ဘာသာစကား ယဉ်ကျေးမှုတွေ ကွဲပြားတဲ့ ကူကီးတိုင်းရင်းသားသာ ဖြစ်ကြောင်း၊ ကူကီးတိုင်းရင်းသားအနေနဲ့ အသိအမှတ်ပြု မှတ်ပုံတင်ခွင့်ရဖို့ ကြိုးစားခဲ့ကြပေမယ့် မရရှိခဲ့ပဲ အိန္ဒိယနိုင်ငံသားတွေသာ ဖြစ်တယ်ဆိုပြီး နှင်ထုတ်ခြင်းကို ခံခဲ့ရတယ်လို့ ကူကီးတိုင်းရင်းသားတွေက ဆိုပါတယ်။
 

မြန်မာနိုင်ငံထဲမှာ ရှိနေတဲ့ ကူကီးတိုင်းရင်းသားတွေဟာ အခုအချိန်အထိ သူတို့ကိုယ်သူတို့ ကူကီးတိုင်းရင်းသားဖြစ်တယ်ဆိုတာ မပြောရဲကြပဲ၊ ထာဒိုချင်းလို့သာ ပြောဆိုနေထိုင်နေကြရတယ်၊ လူနည်းစုတိုင်းရင်းသားတွေဖြစ်တာနဲ့ အညီ အခြားသော တိုင်းရင်းသား လူမျိုးစုတွေလိုပဲ ခွဲခြားဆက်ဆံမှု၊ ဖိနှိပ်မှုတွေ ကြုံနေကြရတယ်၊ လက်ရှိအခြေအနေမှာ ကူကီးလူမျိုးစုဆိုတာ ပျောက်ကွယ်လုနီးနီး ဖြစ်နေတယ်လို့ ကူကီးတိုင်းရင်းသားတွေက ဆိုပါတယ်။
 

ကူကီးတိုင်းရင်းသားတွေ တွေ့ကြုံနေရသလို အခက်အခဲတွေကို မြန်မာနိုင်ငံတွင်းမှာ ရှိနေတဲ့ တိုင်းရင်းသား လူမျိုးစုတိုင်းမကြုံတွေ့ရစေဖို့ ဆန္ဒပြုတဲ့အကြောင်း၊ တိုင်းရင်းသားတိုင်း ရသင့်ရထိုက်တဲ့အခွင့်အရေးအားလုံး ညီတူညီမျှ ရစေဖို့၊ စစ်မှန်တဲ့ ဒီမိုကရေစီစနစ် မြန်မာနိုင်ငံတွင်းမှာ ဖြစ်ပေါ်စေဖို့ တိုင်းရင်းသားပြည်သူတရပ်လုံး ညီညီညွတ်ညွတ် ကြိုးပမ်းကြဖို့ ကူကီးတိုင်းရင်းသားတွေက တိုက်တွန်းတဲ့အကြောင်း၊ ကူကီးတိုင်းရင်းသားတွေက ပြောဆိုသွားပါတယ်။

1 comment:

  1. If the Kuki or Thado do not accept that they are Chins then they have no rights in Burma because they said they are not Chin simple as that.

    ReplyDelete