အင်ဒိုနီးရှားနိုင်ငံ အနောက် အာချေးဒေသ၊ Meulaboh မှာ ၂၀၀၄ ဆူနာမီတုန်းက ဖခင်လက်ကနေ လွတ်ပြီး ပျောက်ဆုံးသွားတဲ့ ၇ နှစ်အရွယ် မိန်းကလေးငယ်ဟာ ၇ နှစ်ကြာပြီးတဲ့နောက် မိသားစုနဲ့ ပြန်ဆုံရပါတယ်။
မိသားစုနဲ့ ကွဲပြီးနောက် ဘန်ဒါအာချေးမြို့တော်မှာ ၇ နှစ်လုံးလုံး တောင်းရမ်းစားသောက်သူ အဖြစ် ခိုင်းစေခံခဲ့ရပါတယ်။ အခုဆိုရင် မာရီ ယုရန်ဒါလို့ ခေါ်တဲ့ ဒီကလေးမဟာ အသက် ၁၄ နှစ် ရှိနေပါပြီ။
မာရီဟာ ကားဂိတ်တခုကနေ ၆ နာရီကြာ ကားတက်စီးလာခဲ့တယ်။ အဲဒီနောက် ကားဂိတ်တခုက ကော်ဖီဆိုင် အပြင်ဘက်မှာ ထိုင်နေခဲ့ပါတယ်။ ကားသမားတယောက် ဘယ်ကလာသလဲ၊ ဘယ်သွားမလို့လဲ စပ်စပ်စုစု မေးမြန်းခဲ့ပါတယ်။
မာရီက သူ့မိသားစုဟာ Ujong Baroh ရွာမှာ ရှိကြောင်း၊ ဒါပေမယ့် သူမသွားတတ်ကြောင်း ပြောပြပါတယ်။ ဒါနဲ့ ကားဆရာလည်း အဲဒီရွာက ခေါ်သွားပေးတော့ သက်ဆိုင်ရာ အာဏာပိုင်တွေက အီဘရာဟင် ဆိုသူကို ဆင့်ခေါ်ပေးပါတယ်။ မာရီက သူ့အဖိုးဟာ အီဘရာဟင်ပါလို့ ဆိုတာကိုး။
အဘိုးဖြစ်သူ အီဘရာဟင်ကလည်း သိပ်မမှတ်မိ။ ဆူနာမီကလည်း တရွာလုံးကို ဖျက်ဆီးသွားတာကိုး။ ၇ နှစ်ကြာပြီဆိုတော့လည်း မမှတ်မိ ဖြစ်နေတယ်။
ဒါနဲ့ မာရီရဲ့ ဖအေဖြစ်သူကို ခေါ်ပြပြန်တော့လည်း သူကလည်း ရုပ်ကို ဖမ်းမရဖြစ်နေတယ်။ ဒါတွေ အားလုံးက မအေဖြစ်သူ ယွတ်စနီဒါ လာမှပဲ ရှင်းသွားပါတော့တယ်။
"မာရီက သူ့အမေကို အမေလို့ အော်ပြီး ပြေးဖက်တယ်။ သူတို့ နှစ်ယောက်စလုံး ငိုကြတယ်" လို့ အီဘရာဟင်က ပြောပါတယ်။
မအေဖြစ်သူက သမီးရဲ့ ခန္ဓာကိုယ်အမှတ်အသား၊ ခြေလက်တွေကို မှတ်မိတယ်။ ဒါနဲ့ပဲ ဇာတ်လမ်းက ရှင်းသွားပါတယ်။
ဆူနာမီ ကံဆိုးသူ မိမာရီတယောက် အခုတော့ မမျှော်လင့်ဘဲ မိသားစုနဲ့ ပြန်ဆုံသွားပါပြီ။ နှစ်သစ်ကူးမှာ ကံကောင်းမှု တရပ်ပေါ့။
Ref: Jakarta Globe
မိခင်ရဲ့ မေတ္တာကို ရှင်းလင်းပြတ်သားစွာ မြင်နိုင်တယ်၊
အဖေလည်း မမှတ်မိ၊
အဖိုးလည်း မမှတ်မိ၊
အမေသာ သေသွားခဲ့ရင် ဒီကလေးမဘ၀ကို တွေးကြည့်။