Pages

Friday, June 22, 2012

ဦးအောင်သောင်း လွှတ်တော်ထဲက ထွက်မှာလား

~


စက်မှုဝန်ကြီးဟောင်း ဦးအောင်သောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ်က နုတ်ထွက်လွှာ တင်သွင်းတော့မယ် ဆိုတဲ့ သတင်းက ရန်ကုန်မြို့ရှိ နိုင်ငံရေးလေ့လာသူတချို့အကြား ပျံနှံ့နေပါတယ်။

ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီဝင်တချို့ အဆိုအရကတော့ ကျန်းမာရေး အကြောင်းပြချက်နဲ့ လာမယ့် ဇူလိုင် ၄ ရက်နေ့မှာ ပြုလုပ်မယ့် လွှတ်တော်မှာ နုတ်ထွက်လွှာ တင်မယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီး ဧရာဝတီက သီးခြားအတည်ပြုချက် ရယူနိုင်ခြင်းမရှိသေးပါဘူး။

ဗိုလ်မှူးကြီးဟောင်း ဦးအောင်သောင်းဟာ ကြံခိုင်ရေးပါတီမှာ ထိပ်ပိုင်းခေါင်းဆောင်တဦးဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်ရေးရာ ကော်မတီမှာလည်း ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေးကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတယ်။

သိပ်မကြာသေးခင်အထိ ကချင်ပြည် လွတ်လပ်ရေးအဖွဲ့(KIO)နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဖော်ဆောင်ရာမှာ ခေါင်းဆောင်အဖြစ် ပါဝင်ခဲ့ပေမယ့်၊ အောင်မြင်မှု မရရှိခဲ့တဲ့နောက်ပိုင်း ကျန်းမာရေး အကြောင်းပြချက်နဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီကနေ နုတ်ထွက်ခဲ့တယ်လို့ AFP သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

မကြာသေးမီက ပေါက်ကြားခဲ့တဲ့ အမေရိကန်သံတမန် လျှို့ဝှက်ကြေးနန်းများမှာတော့ ဦးအောင်သောင်း သားနှစ်ဦးဖြစ်တဲ့ ကိုပြည်အောင်၊ ကိုနေအောင် နှစ်ဦးစလုံး ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနဲ့ အလွန်နီးစပ်ပြီး မိသားစုသဖွယ် သဘောထား ကြောင်း၊ ဒီအခြေအနေကို အသုံးချပြီး အလွန် ချမ်းသာ သွားကြကြောင်း ရန်ကုန်အခြေစိုက် စီးပွားရေးသမားတဦးရဲ့ ပြောဆိုချက်ကို ရေးသားထားပါတယ်။

ဒီလဆန်းပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခတွေဟာ သမ္မတ ဦးသိန်းစိန် အစိုးရ အကျပ်အတည်း တွေ့စေဖို့ လုပ်ကိုင်သူတွေ ရှိတယ်၊ အဲဒီလို နောက်ကွယ်ကနေ လုပ်ကိုင်သူတွေထဲမှာ ဦးအောင်သောင်း ပါဝင် ပတ်သက်နေတယ်ဆိုတဲ့ ပြောဆိုချက်တချို့လည်း ထွက်ပေါ်နေပါတယ်။

လတ်တလော ပြောဆိုနေကြတဲ့ ဦးအောင်သောင်း ပတ်သက်တဲ့ သတင်းတွေကို ကြံခိုင်ရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးက ငြင်းဆိုပါတယ်။

“အဲဒီသတင်းတွေ မဟုတ်ပါဘူး၊ အမြဲတမ်းလည်း အဆက်အသွယ် ရှိပါတယ်၊ ပါတီတာဝန်တွေကိုလည်း အခု အချိန် အထိ ထမ်း ဆောင်ဆဲပါလို့” ဆိုပါတယ်။


ဆက်စပ် ဖတ်ရှုရန် -
ဦးအောင်သောင်းနှင့် သားများ အနာဂတ် ဘာဖြစ်လာမလဲ

~

5 comments:

  1. thank you for your right decision.

    ReplyDelete
  2. သူတို့တွေနှုတ်ထွက်ရင် ကျန်းမာရေးချည်းပဲ အကြောင်းပြကြတယ်နော် ၊ မစားသင့်တာတွေစားလို့လား၊ အစာမကျေတာတွေများလို့လား ၊ သေသင့်ပါတယ်လေ ၊ မသေရင်ဒုက္ခတွေတပုံတပင်နဲ့

    ReplyDelete
  3. htwet thint tar kyar p

    ReplyDelete
  4. Oh! Welcome to you get out from Myanmar Parliament.But Aung Thung's partners will not be glad to hear that.

    ReplyDelete
  5. ကိုအောင်သောင်းရယ် ထွက်သင့်နေတာကြာပါပြီ။ မထွက်မှာပဲ စိုးနေတာပါ။ မြန်မာပြည်ကို ဦးသန်းရွှေနှင့်အတူ သူ့မိသားစု နဲ့ အဲဒီ ပုဂ္ဂိုလ်များပဲအကြီးအကျယ် ဖျက်ဆီးခဲ့လို့ ဘာမှ မရှိတော့တာပါ။ မြန်မြန်သွားလေ မြန်မြန်ကောင်းလေပါပဲ။ ကျေးဇူးလဲ အထူးတင်ပါတယ်။ စွမ်းအားရှင်တွေကို တည်ထောင်ခဲ့တဲ့ ဖခင်ကြီးအား အထူးလေးစားလျှက်ပါ။

    ReplyDelete