Pages

Tuesday, June 19, 2012

ထူးထူးခြားခြား ပန်းချီဆွဲပြသူ

ပန်းချီ မဆွဲပြခင် တွေ့ရပုံ

ထိုင်းရုပ်သံလိုင်း အမှတ် ၃ မှာ တနင်္ဂနွေနေ့က လွှင့်သွားတဲ့ အရည်အချင်းပြိုင်ပွဲက အင်မတိ အင်မတန် လူပြောများနေပါတယ်။

Duangjai Jansaunoi ဆိုတဲ့ ပြိုင်ပွဲဝင်သူ ကလေးမရဲ့ ပန်းချီအစွမ်းပြချက်ကြောင့်ပါ။ သူ့အလှည့်မှာ ပရိသတ်ကို ကျောပေးပြီး ပန်းချီဆွဲပါတယ်။ ပထမဆုံး လူပုံကြီးကြီး ခဲရာပေးပါတယ်။
ပြီးတော့ သူ့အင်္ကျီတွေ ကုန်အောင် ချွတ်ချ၊ သူ့ရင်ဘတ်ပေါ် ဆေးတွေလောင်း၊ ပြီးတော့ ပရိသတ်ဘက် လှည့်လာပြီး ပြုံးပြပါတယ်။ (ရုပ်သံမှာတော့ သူ့ရင်သား ရှိတဲ့နေရာကို ဆင်ဆာဖြတ်ထားလေရဲ့။)

နောက်တော့ ခဲရာပေး ပုံကြမ်းခြစ်ထားတဲ့ ကင်းဗတ်စကို သူ့ကိုယ်နဲ့ ဖိလိုက်၊ ပွတ်လိုက်ပါတော့တယ်။
စုတ်တံ မရှိလည်း ပန်းချီဆွဲလို့ရကြောင်း သက်သေပြတာ ဖြစ်နိုင်သလို မတူခြားနားတဲ့ စွမ်းရည်တခုကို ပြသတာလည်း ဖြစ်နိုင်ပါတယ်။ အင်း ... စွမ်းရည်တော့ စွမ်းရည်ပါပဲလေ ...။

ပန်းချီဆွဲပုံအဆင့်ဆင့်

စွမ်းရည်ပြသွားတဲ့ ကလေးမက ဒိုင်တွေကို ဘာပြောလိုက်သလဲ ဆိုတော့ "ပုံမှန်အတိုင်းဆွဲရင် သိပ်ပြီး ရိုင်းစင်းလွန်းတယ်လေ" တဲ့။

ပုံမှန်အတိုင်းဆွဲရတာ ရိုးလွန်းပါတယ်ရှင် လို့ ဒိုင်လူကြီးတွေကို ပြောပြနေပုံ

ဒိုင်လူကြီးတွေထဲက တယောက်ဖြစ်တဲ့ နာမည်ကျော် သရုပ်ဆောင်
Pornchita Na Songkhla မျက်လုံးပြူး မျက်ဆံပြူး ဖြစ်သွားတာကို ရုပ်သံမှာ တွေ့လိုက်ရမှာပါ။

အမျိုးသမီး ဒိုင်လူကြီး Pornchita
က "မကောင်းဘူးလို့တော့ မပြောပါဘူး။ ဒါပေမယ့် သင့်လျော်တဲ့အလုပ်တော့ မဟုတ်ဘူးရှင့်" တဲ့။

ကျန် အမျိုးသားဒိုင် ၂ ဦးကတော့ ဒီကလေးမကို ကန့်ကွက်ခြင်း မရှိပါဘူး။

ပန်းချီစွမ်းရည်ကို ကြည့်ပြီး ပါးစပ်အဟောင်းသားဖြစ်သွားသူ အကဲဖြတ်ဒိုင်လူကြီး၊ နာမည်ကျော်သရုပ်ဆောင်၊ အဆိုတော်၊ မော်ဒယ်၊ အခမ်းအနားတင်ဆက်သူ၊ စီးပွားရေးလုပ်ငန်းရှင် (ဟောဟဲ) Pornchita Na Songkhla


ကန့်ကွက်သူကတော့ ယဉ်ကျေးမှုဝန်ကြီးပါ။ ရုပ်သံထုတ်လွှင့်ပြီး နောက်တနေ့မှာ ကန့်ကွက်တာပါ။ ရုပ်သံမှာ ၀တ်လစ်စလစ်ပြသမှုဟာ ထိုင်းယဉ်ကျေးမှုအရဆိုရင် မသင့်လျော်ဘူးလို့ ပြောပါတယ်။ အစီအစဉ်တင်ဆက်ထုတ်လွှင့်သူတွေကို ထုချေလွှာ တင်ခိုင်းထားတယ်၊ ပြီးမှ ဘယ်လို အရေးယူမယ် ဆိုတာကို ဆုံးဖြတ်မယ် တဲ့။

"ဒီအစီအစဉ်က လူငယ်တွေရဲ့ ထူးခြားတဲ့စွမ်းရည်တွေ ပြသနိုင်ဖို့ တွန်းအားပေးတဲ့ အစီအစဉ်ပါ။ ဒါပေမယ့်လည်း အကန့်အသတ်တော့ ရှိရပါမယ်" လို့ ၀န်ကြီးက ဆိုပါတယ်။



(Wednesday, June 20 ဖြည့်စွက်ချက် -
ရိုင်းစင်းလွန်းတယ် ကို ရိုးစင်းလွန်းတယ် လို့ ပြင်ဆင်ဖတ်ရှုပေးပါရန်)

~

1 comment:

  1. "ပုံမှန်အတိုင်းဆွဲရင် သိပ်ပြီး ရိုင်းစင်းလွန်းတယ်လေ" တဲ့။
    ကဲ ဧရာဝတီရေ..ဟိုတနေ့က မြန်မာစာဖတ်မတတ်လို့
    သတင်းတက်လာပြီးပြီနော်..အထက်ပါစာက သင်တို့ဧရာဝတီသည် ဘာကိုဆိုလိုပါသလဲ..။
    လုပ်ပါဦး။

    ReplyDelete