Pages

Friday, February 15, 2013

ဧရာဝတီလွှတ်တော်ဥက္ကဋ္ဌသစ် စစ်တပ်ကို ကျေးဇူးတင်

~



သန့်စင်ငြိမ်းချမ်း ~

 
ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌသစ် ဦးတင်စိုးက လွှတ်တော်၌ ပထမဦးဆုံး အမှာစကားပြောကြားခဲ့ရာ ၎င်းအနေဖြင့် တိုင်းပြည်နှင့် တပ်မတော်အပေါ် သစ္စာစောင့်သိ တာဝန် ထမ်းဆောင်သွားမည်ဟု ထည့်သွင်း ပြောဆိုသွားခဲ့သည်။

အလယ်တန်းကျောင်းသားဘ၀မှစ၍ တက္ကသိုလ်အထိ နိုင်ငံနှင့် တပ်မတော်က ထောက်ပံ့သည့်စရိတ်များဖြင့် ပညာသင်ယူခဲ့ရပြီး ပညာတတ်တယောက် ဖြစ်လာခဲ့ကြောင်းနှင့် တိုင်းပြည်နှင့် တပ်မတော်ကျေးဇူးကြောင့်သာ ယခုကဲ့သို့ လွှတ်တော် ဥက္ကဋ္ဌနေရာကို ရောက်ရှိလာခြင်းဖြစ်ကြောင်း ဦးတင်စိုးက ပြောကြားခဲ့သည်။

“ကျနော့်ရဲ့မိဘဆွေမျိုးများဟာ ပညာတတ်များ အင်မတန် နည်းပါးပါသည်။ တိုင်းပြည်ရဲ့ကျေးဇူးမပါဘဲနဲ့၊ တပ်မတော်ရဲ့ကျေးဇူးမပါဘဲနဲ့ ကျနော် ဒီနေရာကို ရောက်လာစရာ အကြောင်း မရှိပါဘူး”

“တိုင်းပြည်သည်ကျနော့်၏မိဘဖြစ်ပါသည်။ တပ်မတော်သည်လည်း ကျနော့်၏ မိဘဖြစ်ပါသည်။ တိုင်းပြည်နှင့်တပ်မတော်အပေါ်မှာ ကျနော်တသက်လုံး သစ္စာစောင့်သိစွာဖြင့် တာဝန်များကို ယခုအချိန်တိုင် ထမ်းဆောင်လျက်ရှိပါသည်။ နောင်ကိုလည်း ထမ်းဆောင် သွားမည် ဖြစ်ပါသည်” ဟု လွှတ်တော်ဥက္ကဋ္ဌ ဦးတင်စိုးက ပြောကြားခဲ့သည်။



 
တိုင်းပြည်နှင့် တပ်မတော်အပေါ် သစ္စာစောင့်သိ တာဝန်ထမ်းဆောင်သွားမည်ဟူသော လွှတ်တော်ဥက္ကဋ္ဌသစ်၏ စကားရပ်အပေါ် ပုသိမ်အခြေစိုက် နိုင်ငံရေးအဖွဲ့အစည်းများက ဝေဖန်ထောက်ပြ ပြောဆိုခဲ့ကြသည်။

လွှတ်တော်ဥက္ကဋ္ဌသည် ပြည်သူက ရွေးချယ်တင်မြှောက်ထားသည့်အတွက် တပ်မတော်အပေါ် သစ္စာစောင့်သိရန် မလိုအပ်ကြောင်း ပုသိမ်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့် ကာကွယ်ရေးကွန်ရက် (HRWDN) က ပြောသည်။

“တပ်မတော်နဲ့ တိုင်းပြည်အပေါ် သစ္စာစောင့်သိရိုသေပါမယ်ဆိုတဲ့စကားက တပ်မတော်သားတွေရဲ့ ကျမ်းသစ္စာ ကျိန်ဆိုတဲ့အထဲမှာ ပါပြီးသားဖြစ်နေတဲ့အတွက် ဗိုလ်ချုပ်ဟောင်းတယောက်အနေနဲ့ အလွတ်ရနေတာ ဖြစ်ပါလိမ့်မယ်။ လွှတ်တော်ဥက္ကဋ္ဌတယောက် အနေနဲ့က တိုင်းပြည်နဲ့တပ်မတော်ထက် ပြည်သူတွေအတွက် ပိုပြီး သစ္စာစောင့်သိရမှာပါ”
ဟု HRWDN အဖွဲ့ဝင် ကိုထွန်းထွန်းဦးက ဧရာဝတီသတင်းဌာနကိုပြောသည်။

လွှတ်တော်ဥက္ကဋ္ဌသည် ပြည်သူ့ကိုယ်စားလှယ်အဖြစ်ခံယူပါက ယခုစကားရပ်ကိုပြောဆိုရန် မလိုအပ်ကြောင်း အမျိုးသားဒီမိုကရေစီကွန်ရက်- NDN အဖွဲ့က ၎င်းတို့၏သဘောထားကို ထုတ်ဖော်ပြောဆိုသည်။


“သူဟာ ပြည်သူ့ကိုယ်စားလှယ်၊ လွှတ်တော်ဥက္ကဋ္ဌဗျ။ လွှတ်တော်ဥက္ကဋ္ဌဟာ လွှတ်တော်တရပ်လုံးကို တာဝန်ခံရမှာဖြစ်တယ်။ တပ်မတော်ကို တာဝန်ခံရမှာ မဟုတ်ဘူး။   ပြည်သူ့ကိုယ်စားလှယ်အဖြစ် တိုက်ရိုက်မခံယူရင် ဒီမိုကရေစီခေတ်မှာ မိုးကျရွှေကိုယ်ဆိုတာ မရှိအပ်ဘူးလို့ ခံယူတယ်”
ဟု NDN အဖွဲ့ခေါင်းဆောင် ၉၀ ခုနှစ် သာပေါင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဝင်းက ပြောသည်။

ပုသိမ်အခြေစိုက် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ဒေါက်တာလှခိုင်ကလည်း

“သူက စစ်တပ်ကလာတာ ဆိုတော့ စစ်တပ်ရဲ့ညဉ်မပျောက်နိုင်သေးတာကတော့ အားနည်းချက်တခု ဖြစ်သွားတာပေါ့။ အဲတော့ သူဘယ်လိုပြည်သူ့အတွက် အလုပ်လုပ်မလဲ ဆိုတာ စောင့်ကြည့်ပြီးတော့မှ သူဘယ်လိုလူလဲ ဆိုတာ ဆုံးဖြတ်ရမှာပါ”
ဟု ပြောသည်။

ဒီမိုကရေစီလိုလားသူဟု သတ်မှတ်ခြင်းခံခဲ့ရသည့် ဧရာဝတီတိုင်းလွှတ်တော် ဥက္ကဋ္ဌ ဦးဆန်းဆင့်သည် မကြာသေးမီက ဗဟိုအစိုးရအဖွဲ့ဝင် ၀န်ကြီး ဖြစ်သွားရာ လစ်လပ်သွားသည့်လွှတ်တော်ဥက္ကဋ္ဌနေရာတွင် တိုင်းအစိုးရ လူမှုရေးဝန်ကြီးဦးတင်စိုးအား ဧရာဝတီတိုင်းလွှတ်တော်က ယမန်နေ့က ရွေးချယ်တင်မြှောက်ခဲ့ခြင်း ဖြစ်သည်။

ဦးတင်စိုးမှာ အငြိမ်းစား ဗိုလ်ချုပ်ဟောင်းတဦးဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် ကျုံပျော်မြို့နယ်မှ ကြံ့ခိုင်ရေးပါတီကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့ကာ တိုင်းအစိုးရ ဖွဲ့စည်းချိန်ကစ၍ စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် လူမှုရေးဝန်ကြီးအဖြစ် ပြောင်းလဲတာဝန် ပေးအပ်ခံရပြီးနောက် လွှတ်တော်ဥက္ကဋ္ဌမဖြစ်မီ အချိန်အထိ ထိုတာဝန်ထမ်းဆောင်ခဲ့သည်။

လစ်လပ်သွားသည့် လူမှုရေးဝန်ကြီးနေရာအား ကြံ့ခိုင်ရေးပါတီမှကန်ကြီးထောင့်မြို့နယ် အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောမူအား အစားထိုး ခန့်အပ်ခဲ့သည်။ ထို့အတွက် ဒေါ်ခင်စောမူမှာ တိုင်းအစိုးရအဖွဲ့တွင် ပထမဆုံး အမျိုးသမီး ၀န်ကြီး ဖြစ်လာခဲ့သည်။

မြန်မာပြည်ရှိ တခြားသော လွှတ်တော်များတူ ဧရာဝတီတိုင်းလွှတ်တော်တွင်လည်း ကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ်အရေအတွက် အများဆုံး ဖြစ်သည်။
ကိုယ်စားလှယ် ပါဝင်မှု ရာခိုင်နှုန်းအားဖြင့် ၆၄ ရာခိုင်နှုန်း ရှိနေသည်။

 ဧရာဝတီတိုင်းလွှတ်တော်အတွင်း စစ်တပ် နှင့် ပါတီများ နေရာရရှိမှု အခြေအနေ

    ကြံ့ခိုင်ရေးပါတီ - ၄၆ ဦး
    တပ်မတော်သား ကိုယ်စားလှယ် - ၁၈ ဦး
    တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ -  ၆ ဦး
    NLD  -  ၁ ဦး

ဆက်စပ်ဖတ်စရာ -  ဗိုလ်ချုပ်ဟောင်းတဦး ဧရာဝတီလွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာ

 


















-

4 comments:

  1. That's why he was selected to be.
    nothing change but getting worse and worse in myanmar.

    ReplyDelete
  2. တော်ပါသေးတယ်။ ဦးသန်းရွှေသာ အဖ၊ ဒေါ်ကြိုင်ကြိုင်သာ အမိဆိုပြီး မပြောသွားလို့  ။ ဒီတပ်ထွက်စရိုက်၊ အာဏာရှင် စရိုက်က ပြောလိုက်ရင် အထင်သားပေါ်လာပါတယ်။ ဖုံးလို့  မရ ဖိလို့  မရဆိုတာ ဒါမျိုးဖြစ်နိုင်ပါတယ်။ ဘယ်လောက်ပဲ အရပ်ဝတ်ပြောင်းပေးပေး သန္ဓေမမှန်ရင် မမှန်တဲ့ အသံက ကျယ်ကျယ်လောင်လောင်ထွက်လာစမြဲပါ။

    ReplyDelete
  3. တိုင်းပြည်ပြာကျအောင် လုပ်ခဲ့တဲ့ တပ်မတော်ကိုပဲ ကျေးဇူးတင်လို့  မပြီးနိုင်ကြပါလား။

    ReplyDelete
  4. ဒီလို ဒီလို တပ်ထွက် တပ်ရူး၊ အာဏာရှင်စစ်တပ်ကို ကျေးဇူးတင်ရုံသာတင်တက်ပြီး တိုင်းသူပြည်သားတွေ အပေါ် ကျေးဇူးတင်ဖို့  နားလည်ရကောင်းမှန် မသိတဲ့ စစ်ဘောင်ဘီချွှတ်လွှတ်တော်ဥက္ကဌ စကားကို မှတ်တမ်းတင်ပါတယ်။ ဘယ်လိုမှတ်တမ်းတင်မလဲဆိုရင် တိုင်းပြည်ကို စစ်ကျွန်ပြုခဲ့တဲ့ သူတစ်ဦးအဖြစ် အသိအမှတ်ပြုပါတယ်။ နောင်လာနောင်သားတွေ ဒီလို မဖြစ်အောင် သတိပြုရမည့် အချက်ပါ။

    ReplyDelete