Pages

Friday, May 24, 2013

လင်မယားနှစ်ယောက်ကိုအုတ်ခဲနဲ့ထုတဲ့ ပုသိမ်ကဗိုလ်ကြီး



 နေအိမ်ရှေ့မှာ ကားရပ်လို့ဆိုပြီးတော့ ပုသိမ်မြို့အခြေစိုက် လေတပ်စခန်းက ဗိုလ်ကြီး ဖြိုးပြည့်အောင်က ကားပိုင်ရှင်လင်မယားကို ပါးရိုက်၊
ထိုးကြိတ်တာတွေ ပြုလုပ်ခဲ့တဲ့အတွက် ပုသိမ်မြို့ ဘူတာဈေးအနီးမှာ ဒီကနေ့ ရုတ်ရုတ်သည်းသည်း ဖြစ်ပွားခဲ့ပါတယ်။

 ပုသိမ်မြို့ ဗွက်ကြီးတန်းလမ်းထဲမှာ ဖွင့်ထားတဲ့ “မျိုး” စားသောက်ဆိုင်ပိုင်ရှင် ဦးမျိုးဝေဟာ ဒီနေ့မနက် ၈ နာရီလောက်က သူ့ဇနီးနဲ့အတူ ဘူတာဈေး (အောင်ဧရာဈေး) ကို ဈေးဝယ်ဖို့ ရောက်လာခဲ့ပါတယ်။

 ဦးမျိုးဝေဟာ ဘူတာဈေးနားရောက်တော့ ဒေါက်တာ အောင်ငြိမ်းရဲ့နေအိမ်ရှေ့ ကားလမ်းဘေးမှာ ကားကိုရပ်ခဲ့ပါတယ်။ နေအိမ်နဲ့ ကားရပ်ထားတဲ့နေရာဟာ အနည်းဆုံး ပေ ၂၀ လောက် အကွာအဝေး ရှိတယ်လို့ ဦးမျိုးဝေက ဧရာဝတီကိုပြောပါတယ်။


 “ကျနော်က ဈေးလာဝယ်တာ လမ်းဘေးမှာပဲ ကားရပ်လိုက်တယ်။
 ၁၀ မိနစ်လောက် နေတော့ အဲဒီအိမ်ထဲကနေ ဆိုင်ကယ်နဲ့ကောင်လေးတယောက် ထွက်လာတယ်။ အစ်ကို ကားရွှေ့ပေးပါတဲ့။ မင်းဆိုင်ကယ်ထုတ်ဖို့ကို အစ်ကို့ကားက အလွတ်ကြီးပါကွာလို့ ပြောတော့ သူက မဟုတ်ဘူး ကားရွှေ့ပေးပါလို့ပဲ ပြောတယ်”

 “အဲဒီမှာကျနော်က တကယ်လို့ မင်းကားနဲ့ ထွက်တာ မလွတ်ဘူးဆိုရင် ဖယ်ပေးမယ်လို့ ပြောတော့ သူ့ဆိုင်ကယ်ကို ပြန်သွင်းသွားပြီးတော့ ခြံတံခါးကို ဖွင့်လိုက်တယ်။ ပြီးတော့ ကျနော့်ဆီပြန်လာတယ်။ ကျနော့်ကားထွက်မယ် ခင်ဗျားဖယ်လိုက်တော့လို့ပြောတယ်။ မင်းကားမှ ထွက်မလာသေးဘဲ၊
မင်းကားထွက်လာရင် အလွတ်ကြီးရှိပေမယ့် ငါဖယ်ပေးမှာပါလို့ပြောရော သူက ဆဲပြီးတော့ ပါးကို ၁ ချက် စရိုက်တယ်

 
 “ပါးကိုရိုက်ပြီး သူတို့အိမ်ရှေ့မှာ စိုက်ထားတဲ့အပင်အောက်က အုတ်နီခဲတွေ သွားယူတယ်။ ကျနော်လည်း ကားပေါ်ကဆင်းလိုက်တော့ အုတ်နီခဲနဲ့ ၂ ချက် ပစ်တယ်။ ပထမ ၁ ချက်ပစ်တာ
 ရှောင်လိုက်တော့ လွတ်သွားပြီးတော့မှ နောက် ၁ ချက် ထပ်ပစ်တော့ မလွတ်တော့ဘူး။ ခေါင်းကိုထိပြီး မူးလဲသွားတယ်။ အဲဒီမှာ ခြေထောက် ၂ ချောင်းကို ဆွဲထားပြီးတော့ ရင်ဘတ်ကို တက်နင်းတယ်။ ကန်တာတွေလုပ်တယ်” လို့ ရိုက်နှက်ခံခဲ့ရတဲ့ ဦးမျိုးဝေက ပြောပါတယ်။

 ခင်ပွန်းဖြစ်သူကို ထိုးကြိတ် ကန်ကြောက်နေလို့ ဦးမျိုးဝေရဲ့ဇနီး ဒေါ်သူဇာက ၀င်ရောက်တားဆီးခဲ့တယ်လို့ သိရပါတယ်။ 

 ဗိုလ်ကြီး ဖြိုးပြည့်အောင်က ဒေါ်သူဇာကိုပါ အုတ်နီခဲနဲ့ပေါက်၊ ဗိုက်ကို ခြေထောက်နဲ့ ကန်တာတွေ လုပ်ခဲ့တယ်၊  ဗိုလ်ကြီး ဖြိုးပြည့်အောင်ရဲ့ဖခင် ဒေါက်တာ အောင်ငြိမ်းကလည်း သံပိုက်လုံးနဲ့ ၀င်ရိုက်ခဲ့တယ်လို့ ဈေးအနီးမှာနေထိုင်တဲ့ မျက်မြင်သက်သေတွေက ပြောပါတယ်။
ဒီလိုရိုက်နှက်နေတာကို ဈေးသွားဈေးလာတွေနဲ့ ဈေးသည် ၃၀၀ လောက်က ၀ိုင်းအုံ ကြည့်ရှုနေကြပါတယ်။

“ကျမတို့က ၀င်မဆွဲရဲဘူး။ ၀င်ဆွဲရင် ကိုယ်ပါ အရိုက်ခံရနိုင်တယ်။ ဈေးနားက လူတယောက် ၀င်ဆွဲတာတောင် သူ့ကိုရန်ပြုမယ်လုပ်လို့ မဆွဲတော့ဘဲ ပြန်သွားတယ်”လို့ ဈေးသည်အဒေါ်ကြီးတဦးက ပြောပါတယ်။

 ဗိုလ်ကြီးတို့သားအဖရဲ့ လက်ချက်ကြောင့်   ဦးမျိုးဝေနဲ့ ဇနီး ဒေါ်ခင်သူဇာတို့မှာ ဒဏ်ရာအသီးသီးရခဲ့ပြီး ပုသိမ်ဆေးရုံမှာ အတွင်းလူနာအဖြစ်နဲ့ တက်ရောက်ကုသနေရကြောင်း သိရပါတယ်။

 ရိုက်နှက်ခံရသူတွေရဲ့ တိုင်တန်းမှုကြောင့် ဒေါက်တာ အောင်ငြိမ်းနဲ့ ဗိုလ်ကြီး ဖြိုးပြည့်အောင်တို့ကို ပုသိမ်မြို့ အသည်ကြီးရဲစခန်းက  ပြစ်မှုအမှတ် (၉၉/၂၀၁၃)
ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၄ (ညစ်ညမ်းစွာဆဲဆိုမှု)၊
၃၂၅ (နာကျင်ဒဏ်ရာရအောင် လက်ရောက်ကျူးလွန်မှု) နဲ့
၃၅၄ (ကာယအိနြေ္ဒပျက်စီးသည်အထိ လက်ရောက်မှု) တို့နဲ့ အမှုဖွင်အရေးယူထားကြောင်း သိရပါတယ်။

သားအဖ ၂ ဦးကို ရဲက ကိုယ်ပိုင်ခံဝန်ချက်နဲ့ ပြန်လွှတ်ပေးထားတယ်၊ သူတို့အိမ်နားမှာတော့   ရဲတပ်သားတွေ လုံခြုံရေးယူကာ စောင့်ကြပ်နေကြောင်း သိရပါတယ်။

ရိုက်နှက်ခံရသူတိုရဲ့ ဆွေမျိုးတွေကတော့ အခုကိစ္စကို မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ဥပဒေအရ ထိထိရောက်ရောက် အရေးယူပေးစေလိုကြောင်း ပြောပါတယ်။

 ပုသိမ်လေတပ်စခန်းဌာနချုပ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဗိုလ်ကြီး ဖြိုးပြည့်အောင်ဟာ အသက် ၂၇ နှစ်ရှိပြီး ကိုယ်ပိုင်အမှတ် (လေ - ၃၂၆၂) ဖြစ်ကြောင်း သိရပါတယ်။

ဗိုလ်ကြီး ဖြိုးပြည့်အောင်က အရင်တုန်းကလည်း သူ့အိမ်ရှေ့မှာ ဆိုင်ကယ်ရပ်တဲ့လူ၊ ဈေးရောင်းတဲ့လူတွေကို ရန်စ စော်ကားရိုက်နှက်တဲ့လုပ်ရပ်တွေ ကျူးလွန်တာ ၄ ကြိမ် ရှိပြီလို့ ဘူတာဈေးက ဈေးသည်တွေက ပြောပါတယ်။

 “သူတို့အိမ်ရှေ့မှာ ဈေးသည်က သခွားသီးတွေခင်းရောင်းနေတာကို ကားနဲ့တက်ကြိတ်ပစ်တယ်။ အဲဒါနဲ့ ဈေးသည်က သူ့ပစ္စည်းတွေသိမ်းနေတုန်း ပြန်ရောက်လာပြီး မြန်မြန်မဖယ်ဘူးလား လူပါတက်ကြိတ်ပစ်လိုက်ရမလား ဆိုပြီး ပြောတယ်။
အဲဒီလို ဥပဒေမဲ့ရမ်းကားနေတဲ့လူတွေကို ဥပဒေအရ ထိထိရောက်ရောက် အရေးယူစေချင်ပါတယ်”လို့ ဘူတာဈေးက ကုန်စိမ်းရောင်းသူဈေးသည်တဦးက ပြောပါတယ်။



.

5 comments:

  1. စပြီးကိုယ်ထိလက်ရောက်စော်ကားပြီဆိုကတည်း ကကောင်းတယ်ဆိုတာ မရှိတော့ပါဘူး။မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့ သက်သက်ကြီးလုပ်ဆောင်မယ်ဆို ရင်တော့မြင်သာမှုမရှိဘူး လို့လူအများပြောလာနိုင်စ ရာရှိပါတယ် လူထုကပိုပြီးယုံကြည်မှုရှိတဲ့အဖွဲ့အစည်းတစ်ခုခုနဲ့ တွဲပြီးတရား စီရင်ရေးအပိုင်းမှာ ဒီအမှုအတွက်တွဲဖက်လုက်ဆောင်တာကောင်းမယ်လို့ထင်တာပါပဲ။ ဘာပဲလုပ်လုပ်ပါ ၊ အရေးယူတာလည်း အရေးယူတာပေါ့ ၊ညှာတာသင့်တာ လည်း ညှာတာပေါ့ဗျာ ။မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ ဂုဏ်သတင်း က ပြည်သူတွေကြားမှာ မွှေးနေတာလား ဘာလားဆိုတာကိုတော့လူတိုင်းသိပြီးသား ပါ။ဒီအ မှုကိုင်ရမယ့်တရားသူ ကြီးလည်းဒီအချိန်လောက်ဆို ဖင်ကျိန်းနေလောက် ပါပြီ။ အော်...တစ်ခုတော့ပြောချင် ပါသေးတယ် အဲ့ဒါကတော့ "အလွန်တစ်ရာမှ ပညာတတ်လှပါသော အချို့ တရားသူကြီးများ သည်တရားစီရင် ရာမှာ ခေါင်းသုံးပါဆိုနေမှ ဂျွမ်းကြီးသာလှိမ့်ထိုးနေသောကြောင့် တရားစီရင်ရေးနှောင့်နှေးနေကြောင်း လူတော်တော်များများသုံးသပ် ကြပါသည်"

    ReplyDelete
  2. ချာတိတ်ဗိုလ်ကြီးထက် ဖအေဆရာဝန်လူကြီးကို နားရင်း ရိုက်သင့်တယ် အလကားလူ

    ReplyDelete
  3. We are frustrated to learn that the Tatmadaw personnel, from top to down, are still addicted to power.
    As a matter of fact, they are still undisciplined persons rather than ordinary people of Myanmar.
    How can Myanmar become a disciplined democratic state with these badly behaved persons ruling our country?

    ReplyDelete
  4. သတင်းသမားတစ်ယောက်ရဲ့ ကျင့်ဝတ်တွေသေချာဖတ်သင့်ပါတယ်။ သတင်းတစ်ခုကိုတင်ရင်သေချာဖို့ မှန်ကန်ဖို့က အရေးကြီးဆုံးပါ။ တဘက်တည်းမေးပြီးတင်ထားတဲ့ သတင်းအတွက် တာဝန်ယူနိုင်မယ်ဆိုရင်တော့ တင်တဲ့သူနာမည်ပါရေးပြီးတင်လိုက်သင့် ပါတယ်။ သေချာမသိဘဲသူများကို ဘာလုပ် လိုက်သင့်တယ် ပြောနေတဲ့သူတွေဟာ သူတို့အဆင့်အတန်းကိုဖော်ပြနေတာပဲ။

    ReplyDelete
  5. သာမန်ပြည်သူတွေကိုတောင် ဒီလောက် လူပါးဝနေရင် သူ့လက်အောက်က ရဲဘော်လေးတွေဆို တနေ့ကို ဘယ်နှစ်ခါလောက်များ ပါးရိုက်ခံနေရမှာပါလိမ့်။ ဒါကြောင့် ဗိုလ်သိန်းစိန်က အနာဂတ်နိုင်ငံရေးမှာ စစ်တပ်ရှိသင့်တယ်လို့ ပြောနေတာဖြစ်မယ်။

    ReplyDelete