အဆိုတော် Bobby Soxer အင်တာဗျူး

Tuesday, June 4, 2013




အနုပညာ ရပ်ဝန်းကြီးမှာ အောင်မြင် ကျော်ကြားတဲ့ အနုပညာရှင် ဆိုတာ ပုံသေ မရှိနိုင်ပါဘူး။ ရပ်တန့် မနေတဲ့ ခေတ်ကြီးမှာ ငယ်ရာက ကြီးလာတဲ့ လူကြီးတွေက နောက်တက်လာတဲ့ လူငယ်တွေအတွက် နေရာ ဖယ်ပေးကြ ရစမြဲပါပဲ။

အရည်အချင်း ရှိတဲ့ လူငယ်တွေ အတွက်တော့ နေရာတစ်ခုက အမြဲ အဆင်သင့် ရှိလို့နေပါတယ်။ ယနေ့ခေတ် လူငယ်တွေ ဘာကြိုက်နေသလဲ။ ဘာကို လိုအပ်နေသလဲ။ ဘာကို လိုချင်ကြသလဲ။ ဒါတွေကိုဖြည့်ဆည်း ပေးနိုင်တဲ့သူက အောင်မြင်သူပါပဲ။ ဒီနေရာမှာ အသက် ငယ်တာကြီးတာ၊ အတွေ့အကြုံ ရင့်ကျက်တာ၊ မရင့်ကျက်တာနဲ့ တိုင်းတာလို့ မရဘဲ သူ့ရဲ့အနုပညာ စွမ်းအားကိုသာ အနုပညာ ပေတံနဲ့ တိုင်းတာကြရတာပါ။

ဂီတရပ်ဝန်းမှာလည်း  Next Generation တွေ များစွာ ပေါ်ထွက်လာနေတာပါ။ ယနေ့မှာ အဲဒီများစွာတွေထဲက အသံအကျယ်ဆုံး ထိုးဖောက်ထွက်လာနိုင်တဲ့  လူငယ် မိန်းကလေး အဆိုရှင်တစ်ဦးက Bobby Soxer (ထက်ထက်)ပါ။ Bobby Soxer (ထက်ထက်)က လွှမ်းပိုင်နဲ့စုံတွဲ တေးစီးရီးခွေ ဒုံးပျံ ကို မကြာခင်ကမှ ထွက်ထားပါတယ်။ အဲဒီ မတိုင်ခင်ကတည်း က Hip Hop Show ပွဲတွေမှာ အသံစာစာလေးနဲ့ ပရိသတ် ရထားပြီး ဖြစ်သလို အတွဲ တေးစီးရီး ခွေထဲက သူမရဲ့သီချင်းတွေကလည်း ပရိသတ်ကို အကြိုက် တွေ့စေခဲ့ပါတယ်။ မြူးမြူးကြွကြွနဲ့ သီဆိုရတဲ့ သီချင်း ပုံစံတွေနဲ့ အတွဲတေးစီးရီးထဲက လက်လက်ကိုထလို့ သီချင်း အောင်မြင်လာချိန်မှာပဲ ဒုံးပျံ စုံတွဲ တေးစီးရီး ထပ်မံ ထွက်နိုင်ခဲ့ပြီး စွာတေးလန် သီချင်းက ပရိသတ်ကြားထဲ ထပ်မံလွင့်ပျံလာခဲ့တာပါ။ ဆယ်ကျော်သက် အရွယ်သာ ရှိသေးတဲ့ ဒီကောင်မလေးက  အနုပညာ တစ်ခုတည်းမှာ စိတ်နှစ်ပြီး အောင်မြင် ကြိုးစားနေရတဲ့သူ မဟုတ်ဘဲ ပထမအရွယ် ဖြစ်တဲ့အတွက် ပညာလည်း ရှာဖွေနေရတဲ့ လူငယ်တစ်ဦးပါ။

Bobby Soxer (ထက်ထက်)က Business Management ဒုတိယနှစ် ကျောင်းသူ တစ်ဦးလည်း ဖြစ်ပါတယ်။ လူငယ် တစ်ယောက်ရဲ့ အချိန်တွေကို အနုပညာနဲ့ ပညာ ၂ ခုအတွက် တစ်လှည့်စီ အချိန်ပေးပြီး လှုပ်ရှားနေပေမဲ့ သူမကို ကြည့်လိုက်ရင် ပေါ့ပါး လန်းဆန်း တက်ကြွနေတဲ့ ပုံစံကိုပဲ တွေ့ရပါတယ်။ ထက်ထက်က ဒုံးပျံ တေးစီးရီး အတွက် ဒီဗီဒီကိုလည်း ပရိသတ်လက်ထဲ အမြန် ပို့ချင်တာကြောင့် စတင်ရိုက်ကူးနေပြီလို့ သိရပါတယ်။ ထက်ထက် ပါဝင် သီဆိုထားတဲ့ တစ်ကိုယ်တော် ၈ ပုဒ်ထဲမှာ ၃ ပုဒ် ရိုက်ကူးပြီးစီး နေပါပြီတဲ့။ လက်လက်ကိုထတဲ့ စွာတေးလန်    မလေးကိုလည်း ရွှေအမြုတေ ပရိသတ်ဆီ ပို့ပေးချင်ပါတယ်။

ဒုံးပျံ တေးစီးရီးကို စီဒီ အနေနဲ့ ထွက်လာပြီးတဲ့နောက်မှာ ထက်ထက် ဘာတွေလုပ်ဖြစ်နေလဲ။  အနုပညာ လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး အများဆုံး ဘာတွေ ပိုလုပ်ဖြစ်လဲ။


လတ်တလောကတော့ ဒုံးပျံ ကို ဗီစီဒီ ရိုက်နေပြီ။ ရှိုးပွဲတွေကလည်း မိုးတွင်း ဖြစ်ပေမဲ့လည်း နယ်ရှိုးတွေ သွားဆိုရတယ်။ ရန်ကုန်ရှိုးကလည်း ဘာပဲပြောပြော တစ်လခြားလောက်ကို တစ်ခါလောက်ရှိတယ်။  ရန်ကုန်ရှိုး၊ နယ်ရှိုး ဆိုဖြစ်တယ်။ MTV ရိုက်တယ်ပေါ့။ ပြီး တော့ အတွဲခွေတွေမှာလည်း သီချင်းတော်တော်များများ ပေးထားတာရှိတယ်။ ၂ ခွေ လောက်တော့ ထွက်ပြီးပြီ။ အဲဒါတွေကို MTV ရိုက်ပေးနေတယ်။ တစ်ပုဒ်ဆိုရင် မရိုက်ရသေးဘူး။ ရိုက်တော့ မှာ။ ချီးယားစ် ဆိုတဲ့ အခွေထဲမှာ မဒီးဒီနဲ့ ဆိုထားတာ။ အတွဲတစ်ပုဒ်ပေါ့နော်။ အဲဒါ ဆိုရင် ထက်ထက်တို့ မိုက် မိုက်လေး ရိုက်ဖို့ စဉ်းစားထားတယ်။ ဒါ့အပြင် မဂ္ဂဇင်းတွေအတွက်လည်း ဓာတ်ပုံ တွေ ရိုက်ပေးရတယ်။ ကြော်ငြာလည်း ၄-၅ ခုလောက် ရိုက်ထားပြီးပါပြီ။

လူငယ် အဆိုတော် တစ်ယောက်ပေမဲ့ ရှိုးပွဲတိုင်းမှာ Hip Hop ပွဲတိုင်းမှာ အမြဲလိုလိုတွေ့ရတတ်တယ်။ Show ပွဲတွေကို ဘယ်လိုပိုင်းခြား သတ်မှတ်ရွေးချယ်လေ့ရှိလဲ။


ထက်ထက်က အနုပညာနဲ့ ပတ်သက်တဲ့ မည်သည့် ဆုံးဖြတ်ချက်ကိုမဆို လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်။ ဒီတော့ အနုပညာကြေးက အစ ဘယ်ပွဲဘယ်လို ပွဲစီစဉ်တာကအစ ပွဲစီစဉ်သူတွေနဲ့ ညှိနှိုင်းတာတွေကိုလည်း ကိုယ့်ဟာနဲ့ ကိုယ်ပဲ လုပ်ပါတယ်။ ဒါပေမဲ့ ရန်ကုန်ရှိုးတွေကတော့ ကိုယ်နဲ့ လုပ်နေကျသူတွေဖြစ်တဲ့ အတွက် အထူးတလည် ပြောနေစရာတောင် မလိုပေမဲ့ နယ်ရှိုးပေါ့။ နယ်ရှိုး ကျတော့ ကိုယ့်ကို မသိဘဲ လာငှားတဲ့ သူများတယ်။ ပွဲစီစဉ်တဲ့သူနဲ့ ကိုယ်နဲ့ မသိတဲ့ အခါကျတော့ ညှိရတဲ့အပိုင်း တွေရှိတယ်။ အဲဒီအခါကျရင် ထက်ထက် အိမ်ကိုပြောပြရတာပေါ့။ ဒီလိုပုံစံရှိတယ်။ ဒီနေရာတွေကို သွားရမယ်ပေါ့။ ဒီလို စီစဉ် ထားတယ်ပေါ့။ ဒီတော့ အိမ်က သမီးလုပ်ချင် ရင်လုပ်၊ သွားချင်ရင်သွား။ အမေကတော့ သမီး ဘယ်သွားသွား လိုက်ပေးဖို့ အသင့်ပဲလို့ ပြောတယ်။ ထက် ဘာသာထက် ဆုံးဖြတ်တာ များတယ်။

ရန်ကုန်နဲ့ ဘယ်လောက်  ဝေးဝေးနယ်ရှိုးတွေ သွားဖြစ်လဲ။ ရန်ကုန် ပရိသတ်နဲ့ နယ် ပရိသတ်မတူတော့ နယ်ပရိ သတ်တုံ့ပြန်မှုက ဘယ်လိုရှိလဲ။


သမီးက ဒုံးပျံ အခွေ ထွက်ပြီးမှ နယ်ရှိုးတွေ ပိုသွားဖြစ်တာပါ။ သွားတယ်ဆိုတာကလည်း အရမ်းကြီး ခေါင်တဲ့ မြို့တွေတော့ မဟုတ်ပါဘူး။ မန္တလေး၊ နေပြည်တော်၊ မုဒုံ၊ ပုသိမ်လို မြို့တွေကို သွားဖြစ်တာပါ။ မန္တလေးလို မြို့တွေကတော့ ကိုယ့်ကို သိပြီးသားလို့ မျှော်လင့်ထားပြီးသားပေါ့။ ဒါပေမဲ့ ရန်ကုန် ပရိသတ်က ကိုယ့်ကို တွေ့နေကျဆိုတော့ သိပ်ပြီးမထူးဆန်းဘူး။ မန္တလေး ပရိသတ်ကတော့ ကိုယ့်ကိုတော်တော် ချစ်တယ်ဆိုတာ သိရတယ်။ ပြီးတော့ မုဒုံတို့ပုသိမ်တို့ သွားရင်လည်း ထက်တို့တည်းတဲ့ နေရာအထိ ပရိသတ်ကလာပြီး ကြည့်ကြတယ်။ ဓာတ်ပုံတွေ ရိုက်ကြတယ်။ မင်းကွန်းဘက်လည်းရောက်တယ်။ မင်းကွန်းဘက် ဆိုရင် ကိုယ့်ကို မသိလောက်ဘူးလို့ထင်ထားတာ။ ဒါပေမဲ့ ဘုရားပေါ်မှာ အမွှေးတိုင်ရောင်းတဲ့ ကလေးလေးတွေက အစ သိကြတယ်ဆိုတော့ ပျော်ဖို့လည်း ကောင်းတယ်။ သူတို့က မကြီးထက်ထက်၊ မကြီး ထက်ထက်နဲ့ သူတို့ လေသံ လေးတွေနဲ့ ခေါ်ကြပြီး ကိုယ့်နောက်တောက်လျှောက်လိုက်ပြီး ဘုရားအကြောင်းတွေ ပြောပြကြတယ်။ ပျော်ဖို့ ကောင်းတယ်။

ထက်ထက်က ဒုံးပျံကို လွှမ်းပိုင်နဲ့ စုံတွဲခွေ ထွက်ခဲ့တော့ အဲဒီထဲမှာ တစ်ကိုယ်တော်လည်းပါတယ်။ စုံတွဲ တေးလည်းပါတယ်။ သမီးကို ပရိသတ်က ဘယ်သီချင်း ပုံစံမျိုးကို ပိုပြီး လက်ခံကြလဲ။ သမီးကရော စုံတွဲနဲ့ တစ်ကိုယ်တော် ဘာကိုဆိုရတာ ပိုအားရလဲ။


ထက်ရဲ့ ဖီလင်တစ်ခု တည်းကိုပဲ ပြောမယ်ဆိုရင် တစ်ယောက်တည်း ဆိုရတာကိုလည်းကြိုက်တယ်။ ပရိသတ်က ၂ ယောက်ဆိုတာကို ပိုကြိုက်လို့ ပိုအားပေးပြီး မြူးတဲ့ အခါကျတော့လည်း ကျေနပ်မိတယ်ပေါ့နော်။ ဒါပေမဲ့ ထက်ကတော့ ဒီ ဒုံးပျံ ခွေကို တစ်ကိုယ်တော်လို့ မသတ်မှတ်ထားပါဘူး။ တစ် ကိုယ်တော်ခွေက ၁၂ ပုဒ် လောက်ပါမယ်။ ဒီအခွေက ထက်ရဲ့တစ်ကိုယ်တော်(Solo)  က ၈ ပုဒ်ပါတယ် ဆိုတော့ တစ်ကိုယ်တော် နီးနီးပဲ။ ဒါပေမဲ့ ညီမတို့ ဒီ Album ကို ခေါင်းစဉ်တပ်ထားတာက စုံတွဲ သီချင်းများလို့ပဲ တပ်ထားတဲ့အတွက် ဒီ ဒုံးပျံကတော့ ၂ ယောက်ပေါင်းအခွေ လို့ပဲ သတ်မှတ်ထားတယ်။ ကိုယ့်ဟာကိုယ် ဆိုရတဲ့အပိုင်းမှာတော့ သီချင်းရွေးချယ်မှုက ကိုယ့်စိတ်ကြိုက်ပေါ့။ နှစ်ယောက် ပေါင်းပြီဆိုရင်တော့ ဘယ်သီချင်းကို ဘယ်ပွဲမှာ ဆိုမယ်။ နောက်တစ်ပွဲကျရင် ဘယ်သီချင်း ပြောင်းဆိုမယ်ပေါ့။ တစ်ကိုယ်တော်ထက် စာရင် သီချင်းနည်းတော့ ပွဲခြားအောင် သီချင်း ရွေးရတာပေါ့။

ထက်ထက် ပရိသတ်က အမြူးနဲ့ အအေး ဘယ်ဘက်ကို ပိုအားသာလဲ။


ညီမက စထွက်ကတည်းက အေးတာဆိုလို့ ဒွိဟလောက်ပဲရှိမယ် ထင်တယ်။ လက်လက်ကိုထလို့ တို့ နောက်ပိုင်း ထွက်လာတဲ့ စွာတေးလန် တို့ အမြူးတွေကိုပဲ ထက်က ပိုအားသန်တယ်။
ပရိသတ်တွေကလည်း ထက်ကို စင်ပေါ်မှာ ငြိမ်ငြိမ်လေး ကြည့်ရတာကို အားမရကြဘူး။ ထက် ခုန်ပေါက်ပြီး ဆိုတာကို ပိုကြိုက်ကြတာ။



အာရုံလို သီချင်းမျိုး၊ အိမ့်ချစ်နဲ့ တွဲဆိုထားတဲ့ သီချင်းမျိုးကျတော့ တစ်ယောက်တည်းသွားတဲ့ ပွဲတွေမှာ အခက်အခဲ ရှိမှာပေါ့။ အဲဒီလို နှစ်ယောက်တွဲဆိုထားတဲ့  သီချင်းမျိုးကို ပရိသတ် တောင်းလာခဲ့ရင် ဘယ်လို တင်ဆက်ပေးလေ့ရှိလဲ။


အဲဒါကျတော့ ထက်က သီချင်းကို Instrumental တွေ ခုတ်ထားတယ်။  ပြီးတော့ မအိမ့်ချစ်ပါတဲ့ သီချင်းဆိုရင် မအိမ့်ချစ် အသံပါတယ်။ ထက်ရဲ့ Rap ရွတ်သံ မပါဘူး။ ပြီးတော့ တစ်ပုဒ်လုံး အသံ မပါတဲ့ဟာ မျိုးလည်း ခုတ်ထားတယ်။ ပွဲအနေအထားကိုကြည့်လိုက်တယ်။ အောက်မှာရှိတဲ့ ပရိသတ်တွေက သီချင်းကို အဆိုတော်လိုမျိုး လိုက်ဆို ပေးနိုင်တဲ့ အားရှိလား။ အဲဒီ လောက်ထိ အားပေးနိုင်တဲ့ ပွဲလားဆိုတာ ကြည့်လိုက်တယ်။ အဆင်ပြေတယ်ဆိုလို့ ရှိရင် စကားလေးနဲ့ နည်းနည်း ချုပ်တာပေါ့အစ်မရယ်။ မအိမ့်ချစ် မပါလို့ပါ အကူအညီပေးပါပရိသတ်ကြီးပေါ့လေ။ ကိုလွှမ်းပိုင်နဲ့ ဆိုတဲ့ ခုန်လိုက် ဆိုရင်လည်း အဲဒီလိုပဲပေါ့။ အဓိကကတော့ အချစ်သီချင်းတွေထက်စာလို့ရှိရင် ခုန်လိုက် တို့ နှုတ်မဆက်ချင်ဘူး တို့က တစ်ယောက်တည်းသွားလည်း ပိုပြီး တောင်းကြတဲ့ သီချင်းတွေပေါ့။ Instrumental နဲ့ပရိသတ်နဲ့ ဆိုရတာပေါ့။ အဲဒါလည်း ပျော်ဖို့ကောင်းပါတယ်။ ပြီးတော့ ထက်ထက်က မယ်လိုဒီပိုင်းတွေကိုလည်း ဆိုနိုင်အောင် စာသားတွေကို လိုက်ကျင့်ထားတာပေါ့။

ဒုံးပျံထဲက သီချင်းတွေ ထဲမှာ သမီး မှန်းထားတဲ့ သီချင်းတွေထဲကပဲ ပရိသတ် နှစ်သက်ပြီး ပေါက်သွားလား။


အင်း။ မှန်းထားတဲ့ သီချင်းတော့ ပေါက်တယ်။ စွာတေးလန်။ စွာတေးလန်က ကိုယ့်ဟာကိုယ် စဉ်းစားတယ်။ သီချင်းအကြောင်း အရာပိုင်းရော၊ သံစဉ်ပိုင်းရော၊ သုံးထားတဲ့ Music ပိုင်း ရော အားလုံးကြည့်တယ်။ ကြည့်ပြီးတဲ့အခါကျတော့ မြန်မာ ပရိသတ် ကြိုက်နိုင်တဲ့ အနေအထားဆိုတာသိတယ်။ သီချင်းနဲ့ ဆိုတဲ့သူနဲ့ လိုက်တဲ့အခါကျတော့ ကြိုက်မယ် ဆိုတာ မှန်းမိတယ်။ ထက်ရဲ့ Solo ပိုင်းမှာတော့ စွာတေးလန်က အပေါက်ဆုံးပဲ။

ဒုံးပျံကို အခုဗီစီဒီ ရိုက် နေပြီဆိုတော့ အသံနဲ့ပါ မက ရုပ်နဲ့ပါ ပရိသတ်ကို ဘယ်လို ထူးခြားအောင် လူငယ် စိတ်ကူးနဲ့ တင်ဆက်မလဲ။


စိတ်ကူးတွေကတော့ လူငယ် ဆန်ဆန်ပါပဲ။ နည်း နည်းအပြောင်လေးတွေ၊ အပျော်အပြက်လေးတွေပါ တယ်။ ပရိသတ်ကို Music Video ပုံစံ တင်ဆက်ပေးထား တယ်။ ပြီးတော့ Story ပိုင်း ကတော့ ပါတော့ပါတယ်။ အချစ် သီချင်းကျတော့ Story ပါမှ ကောင်းမယ်။ မြန်မာ ပရိသတ်က Music Video အရမ်း ဆန်လွန်းရင်လည်း သိပ်မကြိုက်တဲ့အခါကျတော့ Story ကတော့ ပါးပါးလေး တွေပါတယ်။ ထက်ထင်တာ ကတော့ အာရုံတို့ ယုံကြည် လိုက်တော့ တို့လိုမျိုး အချစ် သီချင်းတွေက ပရိသတ်ပို ကြိုက်တယ်။ ပိုကြိုက်တော့ သူတို့တွေ အနေနဲ့ ရုပ်နဲ့တွဲ ကြည့်ရရင်တော့ ပရိသတ်ကြားထဲ ပိုပြန့်မယ်လို့ ထင်တယ်။

ဗီစီဒီ ရိုက်ကူးရေးမှာ မိန်းကလေး အဆိုတော်တွေ အနေနဲ့က အမျိုးသား အဆိုရှင်တွေထက် ပိုလုပ်ရတဲ့ အပိုင်းက မိတ်ကပ်၊ ဖက်ရှင်တွေ ပါလာပြီ။ ဗီစီဒီ ဆိုတာကလည်း ခုချက်ချင်းရိုက်၊ ခုချက်ချင်း ပရိသတ်လက်ထဲ မရောက် ပြန်ဘူး။ အချိန်ကာလ တစ်ခု တော့ ရှိတယ်။ ဒီတော့ ထက် ထက်က လက်ရှိခေတ်ထက် ပိုပြီး ဖက်ရှင်နဲ့ မိတ်ကပ်ပိုင်းကို ဘယ်လို ပြင်ဆင်ရလဲ။

အဓိကကတော့ ဖက်ရှင်ပေါ့။ အင်္ကျီ အ၀တ်အစား ဒီဇိုင်းကို တော်တော်ကြီး စဉ်းစား ရပါတယ်။ MTV သီချင်း တွေရဲ့ အဆိုကတ်အတွက်ကျ တော့ ဖက်ရှင် ဒီဇိုင်နာတွေနဲ့ လုပ်တယ်။ ဒါပေမဲ့ Story ပိုင်း တွေအတွက်ကျတော့ ကိုယ့် ဟာကိုယ်ပဲ အရမ်း ခြေတိုအောင် ရှာဝယ် ရပါတယ်။ ထက်က လူကောင်လည်းသေး တဲ့အခါကျတော့ အင်္ကျီတွေကို ကျဉ်းသင့်တာကျဉ်း။ ဖြတ်သင့်တာ ဖြတ်လုပ်ရတာ ပေါ့။ မိတ်ကပ်ပိုင်းကျတော့ ၀တ်တဲ့အင်္ကျီကို လိုက်ပြီး ပြင်တယ်။ အင်္ကျီကိုကျတော့ သီချင်းပုံစံနဲ့ သီချင်း Story ကို လိုက်ပြီး ၀တ်တယ်ပေါ့။ ထက်တို့က အခွေကိုတော့ Target ထားထားတာပေါ့ နော်။ ဒီနှစ်တော့မကျော်ဘူး ပေါ့။ ဒါပေမဲ့ ဒီနှစ်ကုန်ပိုင်းမှာ Fashion Trend က ဘယ်လို သွားမလဲဆိုတာကိုတော့ ကိုယ်က နည်းနည်းလေး ခန့် မှန်းလို့ရတဲ့ အနေအထားမှာ ရှိတဲ့အတွက် ထွက်မဲ့ အချိန်နဲ့ ကိုယ့်ရဲ့ Fashion တွေ၊ သီချင်းကို ရိုက်ပြထားတဲ့ဟာတွေက ကွာဟမှု မဖြစ်နေဘူး လို့တော့ ထင်ပါတယ်။



သရုပ်ဆောင်ပိုင်းမှာ ရော ကိုယ်တိုင် ပါဝင်ရိုက်ကူး ထားတဲ့ သီချင်းတွေ ပါတယ် ဆိုတော့ ပရိသတ်က ဘယ်လို တွေ့မြင်ရမှာလဲ။

တစ်ပုဒ်နဲ့ တစ်ပုဒ် မတူအောင်လို့တော့ ပြထားပါတယ်။ ကိုယ့်ဟာနဲ့ ကိုယ်မျိုးစုံပေါ့။ မျိုးစုံဆိုတာက စွာတေးလန် မှာ ဆိုရင် ထက်က လူငယ် ဆန်ဆန်။ လူငယ်ဆန်ဆန်မှာ မှထက်က ဂျလေပီကောင် မလေးပုံစံပေါ့။ အရမ်းကို အပျော်အပါးမက်တယ်။ တကယ့် လူငယ်ပုံစံ။ ကြမ်း ကြမ်းတမ်းတမ်းလေးပေါ့။ Hip Hop ဆန်ဆန် ကြမ်းကြမ်း လေးလုပ်ထားတယ်။ တိတ် တခိုး သီချင်းမှာဆိုရင်တော့ သီချင်းနဲ့လိုက်ဖက်အောင် မိန်းကလေးဆန်ဆန် Cute ပေါ့။ ချစ်ဖို့ကောင်းတဲ့ ပုံစံမျိုးလေး။ မြန်မြန်ချစ်ရင် ချစ်တယ်ပြော မှာ ကျတော့ အပြင်အဆင်က Attracted ဖြစ်တဲ့ ပုံစံမျိုးနဲ့ သွားထားတယ်။

ထက်ထက်က အပြင်မှာလည်း စွာတေးလန် သီချင်းအတိုင်း စွာတေးလန်လေးပဲလား။

ဟုတ်တယ်။ ထက်ကို စွာတယ်လို့ ပြောကြတယ်။

ကြော်ငြာတွေမှာ သရုပ်ဆောင်နေပြီ ဆိုတော့ ဇာတ်ကားတွေ ရိုက်ဖို့ လာကမ်းလှမ်းရင် လက်ခံမှာလား။

ကမ်းလှမ်းတာတွေ ရှိတယ် အစ်မ။ ဟိုအရင်ကတည်းက ကမ်းလှမ်းတာတွေ ရှိတယ်။ အဲဒီထဲက ထက်ရဲ့ရည်ရွယ်ချက်က ပထမဦးစားပေး နံပါတ်တစ်က အဆိုတော်ပါ။ ကိုယ့်ကိုယ်ကိုယ် အခုထိ
တစ်ကိုယ်တော် မထွက်သေးတဲ့ အတွက် အဆိုတော်ကြီး တစ်ယောက်လို့လည်း မသတ် မှတ်သေးပါဘူး။ အခွေထွက်တယ်။ ဒါပေမဲ့ စုံတွဲ တေးစီး ရီး။ ဒါပေမဲ့ အဆိုတော်တစ် ယောက်အနေနဲ့ မှတ်တိုင်က ထက်ပုံတစ်ပုံတည်းပါတဲ့ အခွေ။ အဆိုတော်အတွက်က တစ်ကိုယ်တော်ခွေက အရမ်း အရေးကြီးပါတယ်။ တစ် ကိုယ်တော်ခွေဆိုတာကို အဓိကပန်းတိုင်ထားပြီး ကြိုး စားသွားမှာပါ။ အခုထိက တော့ ထက်ကဗီဒီယိုတွေပြော ထားတာ မရိုက်ဖြစ်သေးဘူး။ နောက်လည်း ဘယ်လိုဖြစ်လာ မလဲဆိုတာ မသိသေးဘူး။ ကြိုတော့ မစဉ်းစားထားဘူး။

ထက်ရဲ့ငယ်ဘ၀ အိပ်မက်နဲ့ အခုလက်ရှိ ဘ၀ တစ်ထပ်တည်း ကျနေပြီပေါ့။

အင်း။ အဲဒါကတော့ ထက်အမြဲ ပြောဖြစ်တယ်။ ထက်က ငယ်ငယ်လေးက တည်းက ဘာမှ မဖြစ်ချင်ခဲ့ ဘူး။ ဆရာဝန်လည်း မဖြစ် ချင်ဘူး။ ဆေးကျောင်းတက် ချင်တယ်ဆိုတာလည်း မရှိ ဘူး။ အင်ဂျင်နီယာကြီးလည်း မဖြစ်ချင်ဘူး။ အဆိုတော်လည်း မဖြစ်ချင်ဘူး။ ဒါပေမဲ့ ဂီတကိုတော့ ၀ါသနာပါခဲ့ တယ်။ သီချင်းတွေကို ငယ် ငယ်လေးကတည်းက အရမ်း ဆိုတယ်။ ကိုယ်ဝါသနာပါ လို့ ကိုယ့်ဟာကိုယ်သီချင်း တွေဆိုပြီး အသံ သွင်းရာက နေမှ ဂီတလောကကို ရောက် မှန်းမသိ ရောက်လာတာပေါ့ နော်။ ဒါပေမဲ့ ကိုယ်ဝါသနာ ပါတဲ့ အလုပ်နဲ့ အသက်မွေး ၀မ်းကျောင်း ပြုနေရတယ်။ အလုပ်လုပ်နေရင်းနဲ့ ကိုယ့်ရဲ့ စိတ်ချမ်းသာမှု ပေးသလို ပရိသတ်ကလည်း ထက်သီချင်း နားထောင်ပြီး စိတ်ချမ်းသာ တဲ့အတွက် ဒီအလုပ်ကိုတော့ ကျေနပ်တယ်။

အဆိုတော်လို့ ခံယူ ပြီလား။

ဘယ်လိုပြောရမလဲ။ ကိုယ့်ကို ပရိသတ်က နည်း နည်းလေး အသိအမှတ်ပြု ထားတဲ့ လူတစ်ယောက်လို့ပဲ သတ်မှတ်ထားပါတယ်။ အခွေထွက်ထားပြီးတဲ့အတွက် တော့ ကိုယ့်ကို လူနည်းနည်း ပိုသိလာပါတယ်။ ဒါပေမဲ့ Solo ခွေမထွက်နိုင်သေး သရွေ့ကတော့ ကိုယ့်ကိုယ် ကိုယ်ကတော့ တကယ့်ကို လက်မထောင်နိုင်တဲ့ အဆိုတော်တစ်ယောက်တော့ မဖြစ်သေးပါဘူး။

လူငယ် အဆိုတော် တစ်ယောက် အနေနဲ့ လက်ရှိရင် ဆိုင်ကြုံတွေ့နေရတဲ့ အခက် အခဲက။

ထက်အနေနဲ့ ဆိုရင် တော့ လူငယ်တစ်ယောက် ဖြစ်တဲ့အတွက် အချိန်ပေါ့။ ခု လက်ရှိ ထက်ရဲ့အချိန်က ကျောင်းတက်နေရတဲ့ အချိန် ပေါ့။ တက္ကသိုလ်တက်နေရ တဲ့အတွက် ကျောင်းချိန်နဲ့ အနုပညာအတွက်ကလည်း အချိန်တော်တော်ပေးရတာနဲ့ အဲဒီ နှစ်ခုက တော်တော် လေးကို ညှိယူနေရမဲ့ အချိန် မှာ ရှိပါတယ်။ ဒါမျိုးက လူငယ်တွေတော်တော်ဖြစ်မယ် ထင်ပါတယ်။ ဆေးကျောင်း သူလည်း ဆေးကျောင်းသူ အလျောက်၊ အဝေးသင်လည်း အဝေးသင် အလျောက် ကျောင်းစာမေးပွဲနဲ့ တိုက်တဲ့ အချိန်မှာ အလုပ်ကို ဆုံးရှုံး လိုက်ရတာမျိုးတွေ ရှိပါ တယ်။

ဒုံးပျံ ဒီဗီဒီနဲ့ ပတ် သက်ပြီး ထက်ထက် အနေနဲ့ ပြောချင်တဲ့ စကား ရှိသေး လား။

MTV မှာက တစ်ပုဒ်နဲ့ တစ်ပုဒ် မတူအောင်ပေါ့။ ဒီ အခွေမှာက ၁၇ ပုဒ်ပါတယ်။ ၁၇ ပုဒ်လုံး ထည့်မယ်ဆိုရင် ဗီစီဒီက မဆံ့တဲ့ အတွက်  ၂ ချပ်ထုတ်ရမယ်။ ၂ ချပ်ဆို တော့လည်း နောက်တစ်ချပ် မှာ အရမ်း နည်းသွားမယ် ဆိုတော့ ထက်တို့က ဗီစီဒီ မထုတ်ဘဲနဲ့ Only ဒီဗီဒီပဲ ထုတ်မယ်။ ဦးဇော် (ဇော်ထူး အောင်- CMP) ကို ပြောတော့ လည်း ဦးဇော်က လက်ခံပေး ပါတယ်။ အသာတကြည်ပဲ။ သိပ်မပြောရဘူး။ သူက လည်း Quality လည်းပို ကောင်းအောင် ထုတ်ချင်တဲ့ အခါကျတော့ သူကလည်း ထက်တို့ကို လိုက်လုပ်ပေးတဲ့ အတွက် ဒီဗီဒီပဲထုတ်မယ်။ ၁၇ ပုဒ်စလုံးကို ကြိုးစားပမ်းစား ရိုက်မယ်။ တစ်ပုဒ်နဲ့ တစ်ပုဒ်မထပ်အောင် ကြိုးစား ထားတဲ့အတွက် ပရိသတ် ကြီးက မျှော်လင့်ပြီး အားပေး ပါဦးလို့။

Bobby Soxer က တက္ကသိုလ် ကျောင်းသူတစ်ဦးဖြစ်တဲ့အတွက် ကျောင်းပိတ် ရက်မှာ အနုပညာ အလုပ်တွေ၊ အလှဓာတ်ပုံ ရိုက်ရတာတွေ ကို ပိုပြီး အချိန်ပေး လုပ်ဖြစ်ပါတယ်။ ရွှေအမြုတေ အလှ ဓာတ်ပုံ အတွက်လည်း သူမရဲ့ ကျောင်းပိတ်ရက်ကို အချိန် ပေးခဲ့ပေမဲ့ ကိုယ့်ဘက်က အဆင်မပြေမှုတွေကြောင့် ရက်ရွှေ့ ခဲ့ရပါတယ်။ ဒါ ကြောင့် သူမရဲ့ ကျောင်းပြန်ချိန် ညနေပိုင်းကို အရယူပြီး ရိုက်ကူးခဲ့ပါတယ်။ ဒီရာသီ က မိုးရာသီ ဖြစ်နေတဲ့ အတွက် မိုးမမိအောင် Studio ထဲမှာပဲ ရိုက်ကူးခဲ့ပေမဲ့ အဲဒီနေ့ ညနေ ပိုင်းက ကားလေးတစ်ဝက် မြုပ်အောင် ရွာချလိုက်တဲ့ မိုး ကြောင့် Bobby Soxer လည်း မိုးမိခဲ့ရပါတယ်။ မိုးကြီးလေ ကြီးထဲမှာ ချိန်းထားတဲ့ အချိန် ကို ရောက်အောင်လာပြီး ရိုက်ကူးပေးခဲ့တဲ့ Bobby Soxer နဲ့ ဓာတ်ပုံ ကိုလင်း (Studio-K)ကို ကျေးဇူးတင် ပါကြောင်း။          

သင်းပပ
(ရွှေအမြုတေ မဂ္ဂဇင်း၊ စက်တင်ဘာလ ၂၀၁၂)

http://shweamyutay.com ကနေ ကူးယူ ဖော်ပြပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved