Pages

Wednesday, December 25, 2013

ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်က သင်းခွေချပ် ၄၈ ကောင်

~


 


တနင်္ဂနွေမနက်က သင်းခွေချပ် ၄၈ ကောင်ကို တရားမ၀င် သယ်လာတာ မွန်ပြည်နယ် ပေါင်မြို့နယ်အာဏာပိုင်တွေက  ရှာဖွေတွေ့ရှိလို့ သယ်လာတဲ့ ယာဉ်မောင်းဖြစ်သူကို အမှုဖွင့်ထားတယ်လို့  ရဲတပ်ဖွဲ့ Facebook မှာ ရေးထားပါတယ်။

ဟင်းအိုးထဲ ရောက်သွားမှာလား (ဓာတ်ပုံ - Jessica Mudditt)


ရန်ကုန်-မော်လမြိုင်ကားလမ်း၊ ကျွဲခြံရွာသစ်အနီး၊ မိုင်တိုင်အမှတ်(၁၇၅/၃-၄)ကြားမှာ သတင်းအရ စစ်ဆေးရှာဖွေရာကနေ ဖမ်းမိတာလို့ ဆိုတယ်။

 တောရိုင်းတိရစ္ဆာန်နှင့်သဘာဝအပင်များ ကာကွယ်ရေးနှင့်  သဘာဝနယ်မြေများ ထိန်းသိမ်းရေး ဥပဒေပုဒ်မ ၃၇(က)နဲ့  အမှုဖွင့် အရေးယူထားတယ်လို့ ဆိုတယ်။

(စစ်ဆေးရှာဖွေချိန်မှာ) သင်းခွေချပ် ၆ ကောင် သေနေတယ်လို့ ဆိုတယ်။

သင်းခွေချပ်ကို ဘာလုပ်ကြမှာလဲ။

ပြီးခဲ့တဲ့ ၂ လ ဝန်းကျင်လောက်က ထိုင်းနိုင်ငံ ဘန်ကောက်ပို့စ်သတင်းစာမှာ ရန်ကုန်မြို့က စားသောက်ဆိုင်တခုအကြောင်း Jessica Mudditt ဆိုသူက တစွန်းတစ ရေးထားပါတယ်။
အပေါ်ပုံကတော့ ... အဲဒီဆိုင်က စားပွဲထိုးတယောက် သင်းခွေချပ်ကိုင်ထားတဲ့ပုံ ဖြစ်ပါတယ်။

အစားအသောက်စာရင်းမှာတော့ သင်းခွေချပ် ဆိုတဲ့ စကားလုံး ပါချင်မှ ပါမယ်။ သို့သော်လည်း ဒါက အထူးဟင်းလျာ ဆိုတဲ့အတွက် အထူးမှာမှ အထူး ချက်ပြုတ်ပေးပုံပါပဲ။
ဈေးနှုန်းကလည်း အထူး များပြားမယ့်ပုံ။

အနံ့ အရသာ မည်သို့မည်ပုံရှိမယ် မသိရပါ။
သင်းခွေချပ်ဟာ ဆေးဖက်ဝင်တယ်၊ ကင်ဆာဝေဒနာကိုတောင် သက်သာပျောင်းကင်းစေ ဆိုပဲ၊ တချို့သောသူတို့ရဲ့ အယူအဆ ဆိုပါစို့။

သင်းခွေချပ် ဆိုတာ အကာအကွယ်ပေးထားတဲ့ တောရိုင်းတိရစ္ဆာန် ဆိုတဲ့အတွက် ပေါ်ပေါ်ထင်ထင် ရောင်းချခြင်းမပြုတာဖြစ်ပါလိမ့်မယ်။

ရဲသတင်းမှာတော့ အထက်ပါ ၄၈ ကောင်သော သင်းခွေချပ်တို့ကို ပေါင်မြို့နယ်မှာ တွေ့တာဆိုတော့ ဒီကောင်တွေကို ထိုင်းနိုင်ငံဘက် ပို့တဲ့ လမ်းကြောင်း ဖြစ်နေမလား။
ထိုင်းဘက်ကနေ ဒီကောင်တွေ ဘယ်ကို ထပ်သွားကြမယ် မသိပါဘူး။
အကောင် တရာ၊ နှစ်ရာ ဖမ်းမိတယ် ဆိုတဲ့ သတင်းတွေလည်း တနှစ်တကြိမ်လောက်တော့ ထိုင်းမီဒီယာတွေမှာ ပါလာတတ်ပါတယ်။

မြန်မာပြည်မှာ စားသုံးသူ များလာရင်တော့ သင်းခွေချပ်တွေ ပိုမို ရှားပါးလာဖွယ်ရှိမယ်လို့ ထင်ပါတယ်။


  




.

1 comment:

  1. မြန်မာနိုင်ငံရဲတပ်ဖွဲ့မှသတင်းတင်သောရဲဇာနည် fb တွင် အထက်ပါသတင်းနှင့်ပက်သက်ပီးတော့ သတင်းအရ ရှာဖွေဖမ်းဆီးဟုဖော်ပြထားသော်လည်း အမှန်မှာသင်းခွေချပ်သယ်ဆောင်လာသည့်ကားနှင့် မှန်လုံကားတိုက်မိပီး မှ ဖမ်းဆီးရမိခြင်းဖြစ်ပါသည်...သစ်ထူးလွင် သတင်းတွင်လည်း ပါရှိပီးဖြစ်ပါသည်....အမှန်ကိုသိရှိနိုင်ရေးအတွက် တင်ပြရခြင်းဖြစ်ပါသည်

    ReplyDelete