
~
လန်ဒန်မြို့က ဆံပင်ညှပ်ဆိုင်တခုမှာ ပြီးခဲ့တဲ့လ တလလုံး ၁၅% ဈေးလျှော့ပေးကြောင်း ကြော်ငြာခဲ့ပါတယ်။
ဆံပင် ပုံပျက်ပန်းပျက် ဖြစ်နေသလား လို့လည်း ကြော်ငြာမှာ ရေးပါတယ်။
သုံးထားတဲ့ ပုံကတော့ မြောက်ကိုရီးယား အာဏာရှင် ကင်ဂျုံအန်းရဲ့ပုံ ဖြစ်ပါတယ် တဲ့။
ဒီလိုနဲ့ လန်ဒန်မြို့ ဆင်ခြေဖုံးက အဲဒီဆိုင်ကို မြောက်ကိုရီးယား (သံအရာရှိ) ၂ ဦး ရောက်လာတယ် လို့ ဆိုတယ်။
ဒီပုံက ငါတို့ခေါင်းဆောင်ဂျီးပုံ။ မလေးမစား မလုပ်ပါနဲ့။ ဖြုတ်ပေးပါ လို့ အလေးအနက် တောင်းဆိုသတဲ့။
အဲဒီဆိုင်ကလည်း ဒါ မြောက်ကိုရီးယားနိုင်ငံမဟုတ်ဘူး၊ ဒီမိုကရေစီနိုင်ငံဖြစ်ကြောင်း ရှင်းပြပါတယ်။
သို့သော်လည်း ဟိုငနဲသားနှစ်ကောင် ထွက်သွားအပြီးမှာ ကြော်ငြာကို ဖြုတ်လိုက်တယ်လို့ ဆိုတယ်။ အကြောင်းကတော့ မြောက်သကောင့်သားအရာရှိတွေရဲ့ အစွမ်းထက်ချက်တွေကို ရှိန်လို့ ဆိုပဲ။
ဆံပင်ညှပ်ဆိုင်ဖောက်သည်တွေက အဲဒီကြော်ငြာ ပြန်တပ်ဖို့ တောင်းဆိုကြပါတယ်။ ဒါနဲ့ပဲ ကြော်ငြာက ဆိုင်ရှေ့မှန်နံရံပေါ် ပြန်ရောက်လာပါရော။
နောက်နေ့မှာ မြောက်ကိုရီးယား (သံအရာရှိ) ၁ ဦး ထပ်ရောက်လာပြီး ဓာတ်ပုံရိုက်တာတို့ ဘာတို့ လုပ်ပြန်သတဲ့။
အဲဒီငနဲ ပြန်သွားတော့ ဆိုင်ကလည်း ကြောက်လန့်ပြီး ကြော်ငြာ ဖြုတ်ချပြန်တယ်။
သို့သော်လည်း Facebook မှာ တယောက်က .... ဒီလို ဖြုတ်ချခိုင်းတာဟာ ဒီမိုကရေစီမဆန်ဘူး လို့ ကော်မန့်ပေးတာကြောင့် ကြော်ငြာကို နေသားတကျ ပြန်ထားရပြန်တယ် တဲ့။
နိုင်ငံတကာမှာ ဒီကြော်ငြာအကြောင်း သတင်းထဲ ထည့်ရေးခဲ့ကြတာပါ။
ကင်ဂျုံအန်းက နာမည်ကြီး ဆိုတော့ ကော်မန့်တွေ ရတာလည်း မနည်းမနော။
မလွှဲမရှောင်သာ အာဏာရယူထားတဲ့ ကင်ဂျုံအန်းကတော့ သူ့ပုံကို ကြော်ငြာထဲထည့်ထားတာ သိမှာ မဟုတ်ပါဘူး။
အဝေးရောက် သူ့တပည့်ကျော်တွေ အဖား ကောင်းတဲ့ရလဒ်ကြောင့် သူ့ရဲ့ ကမ္ဘာကျော်ဆံပင်ပုံစံကြော်ငြာအကြောင်း အခုလို သတင်းထဲ ထည့်ရေးလာကြတာပါပဲ။
မြန်မာပြည်က ဆံပင်ညှပ်ဆိုင်တခုခုလည်း ရဲဘော်ကင်ဂျုံအန်းရဲ့ ချစ်စရာကောင်းတဲ့ ဆံပင်ပုံလေးကို ကြော်ငြာမှာ သုံးမိရင် ဘယ်လို တုန့်ပြန်ကြမယ် မသိပါဘူး။ ရန်ကုန်မြို့က မြောက်ကိုရီးယားသံအရာရှိတွေက ဓာတ်ပုံ သွားရိုက်၊ ကြော်ငြာကို ဖြုတ်ခိုင်းတာမျိုးတွေ လုပ်ကောင်း လုပ်ကြပါလိမ့်မယ်။
ဒါဆိုရင် ရန်ကုန်အခြေစိုက် သတင်းစာ ဂျာနယ်တွေမှာ ဒီအကြောင်း ရေးကြ သားကြမှာ သေချာပါတယ်။
.
It is not democracy, you cannot use other people image without prior approval.
ReplyDeleteWe can use the other people image, after express on any type of news. It is Democracy.
ReplyDelete