Pages

Wednesday, June 11, 2014

မဟာသန္တိသုခ အင်္ဂါညသန်းခေါင်ယံ

 ~




ရန်ကုန်၊ တာမွေမြို့နယ်၊   မဟာသန္တိသုခ ကျောင်းတိုက်ကို အင်္ဂါညသန်းခေါင်ယံမှာ မီးဖြတ်လိုက်ပုံရပါတယ်။ အဲဒီကျောင်းကြီး မဲမှောင်သွားပါတယ်။
ကျောင်းတိုက်ဝန်းကျင်မှာလည်း သံဃာအများအပြား၊ ဘယ်ဌာန ဘယ်အဖွဲ့ကမှန်း မသိတဲ့ အရပ်ဝတ် အမျိုးသား အများအပြား ရှိနေပါတယ်။

သူတို့ကို ခေါ်လာတဲ့ ကားတွေထဲမှာလည်း တုတ်တွေ တွေ့ရပါတယ်။

သံဃာတချို့ရဲ့ လက်ထဲမှာ လမ်းလျှောက်စကားပြောစက်ကိုင်ထားကြပါတယ်။

သတင်းထောက်တွေကိုလည်း ကျောင်းထဲ ၀င်ခွင့်မပြု၊ အနားကပ်ခွင့်မပြုပါဘူး။

ထင်ရှားတဲ့ဘုန်းကြီးကျောင်းတကျောင်းကို သံဃာအများအပြား၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေလို့ ယူဆရတဲ့ အရပ်ဝတ် အမျိုးသားအများအပြား ... အင်အား ရာပေါင်းများစွာ ... ညအချိန်မတော် ဝိုင်းနေကြတာမျိုးက ထူးဆန်းနေပါတယ်။

ရှုပ်ထွေး မရေရာတဲ့ အခြေအနေကို ဓာတ်ပုံ စတင်ရိုက်တဲ့ သတင်းထောက်ကို ဘယ်သူလဲ၊ ဘယ်ကလဲ စသဖြင့် မေးမြန်းပါတယ်။ မေးမြန်းတဲ့ သံဃာတွေက သတင်းထောက်ကို ဒီနားမှာပဲနေလို့ မိန့်ပြီး တနေရာ ထွက်သွားပါတယ်။
ဘယ်သူတွေမှန်းမသိတဲ့ အရပ်ဝတ်နဲ့ အမျိုးသားတွေက သတင်းထောက်ကို ပြန်ဖို့ပြောပါတယ်။ ဘုန်းကြီးက ဆက်နေခွင့်ပြုကြောင်း ပြန်ပြောလိုက်ပါတယ်။ ဒီလို တင်းမာတဲ့ မရေရာတဲ့ အခြေအနေတွေ ဖြစ်ပေါ်လာမှာကို ကြိုသိလို့ ကျောင်းတိုက်စီးနင်းမှုအစီအစဉ်ကို ညဘက်မှ အကောင်အထည်ဖော်ပုံပါပဲ။

ကျောင်းထဲမှာ ရှိနေသူတွေကို ကားနဲ့ တင်ခေါ်သွားတဲ့အချိန်ကျမှ
(အထက်ပါပုံအတိုင်း) မီးတွေ ပြန်လင်းလာပါတော့တယ်။

ကျောင်းတိုက်ကို ချည်းကပ်ရာလမ်းကြောင်းတွေမှာ သံဃာတွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ ဘယ်သူမှန်း မသိတဲ့သူတွေက အလုံးအရင်း ပိတ်ဆို့ထားတဲ့အတွက် သတင်းထောက်တွေ အနားကပ်ဖို့ ကြိုးစားရတာ သိပ် အဆင်မပြေပါ။

အင်္ဂါညသန်းခေါင်ယံမှာ ပေါ်ပေါက်ခဲ့တဲ့ ဒီဖြစ်ရပ်ဟာ  နောက်တနေ့မနက် အလင်းမရောက်ခင်မှာ ယာယီ အဆုံးသတ်ပါတယ်။
 ဒီကျောင်းတိုက်နဲ့ ပတ်သက်တဲ့ နောက်ဆက်တွဲ သတင်းများ ဆက်တိုက်
ပေါ်ပေါက်လာပါလိမ့်မယ်။ 

သတင်းထူးကြီးတွေ ဆက်တိုက် ပေါ်ပေါက်နေတဲ့ကာလမှာ ဒါကလည်း ရုတ်တရက် ပေါ်ပေါက်လာတဲ့ ထူးခြားဖြစ်ရပ်ကြီးလို့ ဆိုရမှာဖြစ်ပါတယ်။
 



.

1 comment:

  1. အဲလို​တော့ မဖြစ်​သင့်​ပါဘူး ​ပြေလည်​ရာ ​ပြေလည်​​ကြောင်း​အေး​အေး​ဆေး​ဆေး ​ဖြေရှင်းကြ​ပေါ့အခု​တော့

    ReplyDelete