Pages

Friday, August 8, 2014

၈၈ ကာလ ပစ်ခတ်မှုအတွက် တာဝန်ရှိသူတွေ ဝန်ချတောင်းပန်ခြင်းမရှိသေး

 ~



 

သေဆုံးမှု အများအပြား ရှိခဲ့တဲ့  ၁၉၈၈ လူထုလှုပ်ရှားမှု  ပစ်ခတ် ဖြိုခွင်းတာနဲ့ ပတ်သက်ပြီး မည်သူကမှ တောင်းပန်စကား မဆိုသေးတဲ့အကြောင်း ပုသိမ်မြို့က ဒီမိုကရေစီအရေး လှုပ်ရှားသူတဦးက ပြောပါတယ်။

 ပြည်သူတရပ်လုံး ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ခဲ့ကြတဲ့ ၈၈ ဒီမိုကရေစီအရေးတော်ပုံကို စစ်တပ်က အကြမ်းဖက်နှိမ်နင်းခဲ့ခြင်းဖြစ်တယ်လို့ ၈၈ အရေးတော်ပုံကာလက  အထက်တန်းကျောင်းသားသမဂ္ဂခေါင်းဆောင် တဦးဖြစ်တဲ့ ကိုကျော်စွာက ပြောပြပါတယ်။

 “သူတို့ကတော့ ဒီကနေ့အချိန်အထိ ၈၈ အရေးတော်ပုံကို အကြမ်းဖက်နှိမ်နင်းခဲ့တာကို တောင်းပန်ခြင်း မရှိသေးဘူး။
 ဒါကတော့ ဆိုးဝါးတဲ့မှတ်တမ်းတခုပေါ့ဗျာ။
 ဒီပုံအတိုင်းဆို ဘယ်တော့မှတောင်းပန် လိမ့်မယ်

လို့လည်း မထင်ပါဘူး”လို့ ကိုကျော်စွာက ပြောပါတယ်။

 သြဂုတ်လ ၉ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ အကြမ်းမဖက် ငြိမ်းချမ်းစွာဆန္ဒပြမှုတွေကို တိုင်းမှူး ဗိုလ်ချုပ် မြင့်အောင် ဦးဆောင်တဲ့ လုံထိန်းတပ်ဖွဲ့တွေက ပစ်ခတ်နှိမ်းနင်းခဲ့ရာမှာ အများအပြား  သေဆုံးခဲ့တယ်လို့ ၈၈ အရေးတော်ပုံမှာ ပါဝင်ခဲ့သူတွေက ပြောပြကြပါတယ်။

 “ပုသိမ်မှာ သြဂုတ်လ ၉ ရက်နေ့မှာ အပြင်းထန်ဆုံးဖြစ်ခဲ့တာပါ။
 ကျောင်းသားတွေကစပြီး ဆန္ဒပြပွဲတွေ ဖြစ်ခဲ့တာပေါ့နော်။ အထက်တန်းကျောင်းတွေက စခဲ့တာပါ။
အဲဒီတနေ့တည်းတင် လုံထိန်းပစ်လို့ သေတာ ၂၀ ကျော် ၃၀ နီးပါးလောက်ရှိတယ်”လို့ ကိုကျော်စွာက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ သမိုင်းဝင်ဖြစ်တဲ့ ၁၉၈၈ ခုနှစ် သြဂုတ်လ ၈ ရက်နေ့ ဒီမိုကရေစီလှုပ်ရှားမှုကြီးအတွင်း အသက်ပေးခဲ့ရတဲ့ ရဟန်း၊ ရှင်၊ လူ၊ ကျောင်းသား၊ ပြည်သူတွေအတွက် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့က
 နိုင်ငံရေးအင်အားစုတွေစုပေါင်းပြီး ဒီကနေ့မနက်ပိုင်းမှာ အလှူဒါနပြု အမျှအတန်းပေးဝေတာတွေ ပြုလုပ်ခဲ့ပါတယ်။

 ပုသိမ်မြို့မှာ ၈၈ အထိမ်းအမှတ် အခမ်းအနားတွေကို နေရာ ၂ ခုမှာ တပြိုင်နက် ပြုလုပ်ကျင်းပခဲ့ကြတာပါ။

 ခတ္တာလမ်းမှာရှိတဲ့ မြို့နယ် NLD ရုံး နဲ့   ခါတော်မှီကျောင်းတိုက်မှာ ၈၈ အထိမ်းအမှတ်အခမ်းအနားတွေ ကျင်းပခဲ့ကြပါတယ်။

 အခမ်းအနား ၂ ခုစလုံးမှာ သံဃာတော်တွေကို ဆွမ်းကပ်၊ သင်္ကန်း၊ ထီး၊ ဖိနပ်စတဲ့ ပဋိက္ခရာတွေလှူဒါန်းပြီး ၈၈ ဒီမိုကရေစီလှုပ်ရှားမှုကြီးအတွင်း ကျဆုံးခဲ့သူများကို အမျှအတန်းပေးဝေတာတွေ ပြုလုပ်ခဲ့ကြပါတယ်။

 “မနက်ပိုင်းအစောကြီးမှာ သံဃာတော်တွေကို ဆွမ်းကပ်ပြီး ၈၈ မှာ ကျဆုံးခဲ့တဲ့ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေကို အမျှအတန်းပေးဝေပါတယ်။
ပြီးတော့ ကျဆုံးသွားတဲ့သူရဲကောင်းတွေကို အလေးပြုတဲ့အစီအစဉ်လုပ်ပါတယ်။
အဲဒီနောက်ပိုင်းတော့ ၈၈ မှာကြုံတွေ့ခဲ့တဲ့ အဖြစ်အပျက် အတွေ့အကြုံတွေကို နောက်လူငယ်တွေကို ပြောပြဝေငှကြပါတယ်”လို့ ပုသိမ်မြို့က နိုင်ငံရေးတက်ကြွ လှုပ်ရှားသူ ကိုကျော်စွာက ဧရာဝတီကို ပြောပါတယ်။

၁၉၈၈ ခုနှစ်တုန်းက ပုသိမ်မြို့မှာတော့ တနိုင်ငံလုံးမှာ တပြိုင်နက်တည်း ဆန္ဒပြခဲ့ကြတဲ့ ရှစ်လေးလုံးနေ့မှာ  ဆန္ဒမပြဖြစ်ခဲ့ကြပါဘူး။
အကြောင်းရင်းကတော့ ၈ ရက်နေ့မှာ ဆန္ဒပြမယ့် ကျောင်းသားတွေအကုန်လုံးကို အဲဒီတုန်းက အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးဖြစ်တဲ့ ဗိုလ်ချုပ်မြင့်အောင်က ဖမ်းဆီးထိမ်းသိမ်းခဲ့လို့ ဖြစ်ကြောင်း ပုသိမ်မြို့ခံ နိုင်ငံရေးလှုပ်ရှားသူတွေက ပြောပြပါတယ်။

၁၉၈၈ နဲ့ အဲဒီကာလ နောက်ပိုင်း ဧရာဝတီတိုင်းမှာ ဒီမိုကရေစီလှုပ်ရှားမှုကို နှိပ်ကွပ်ခဲ့ခြင်းဟာ ကျန်တဲ့ ပြည်နယ်တိုင်းတွေထက် ပိုမို ကြမ်းတမ်းတယ်လို့ ၈၈ လှုပ်ရှားမှုမှာ ပါဝင်ခဲ့သူ ဦးစန်းသူအောင်က ပြောပါတယ်။

 “ကျနော်တို့ ဧရာဝတီတိုင်းက အဆိုးဆုံး အကြပ်တည်းဆုံးတိုင်းပါ။
ဖိနှိပ်မှုတွေကြားကနေ ဆိုးဆိုးဝါးဝါး ဖြတ်သန်းခဲ့ရပါတယ်။
ဘာလို့ဆိုတော့ တိုင်းမှူး ဗိုလ်ချုပ်မြင့်အောင်က တော်တော်လေးကို ရက်ရက်စက်စက် လုပ်တတ်တဲ့သူဆိုတော့ အခြေအနေက အရမ်းကြမ်းတမ်းခဲ့တယ်။
ပုသိမ်မှာ ၈ ရက်နေ့မှာ ဆန္ဒပြမယ့် အထက (အထက်တန်း) ကျောင်းသားတွေအကုန်လုံးကို သူတို့ ဖမ်းဆီးထိမ်းသိမ်းလိုက်ပါတယ်။
 ကျောင်းသားပေါင်း ၄၀ နီးပါး ထိမ်းသိမ်းခံရတယ်။ သြဂုတ်လ ၉ ရက်နေ့ကျတော့မှ ကျန်တဲ့အင်အားနဲ့ စုစည်းပြီး ဆန္ဒပြဖြစ်ခဲ့ကြတာပါ”

မြန်မာနိုင်ငံရဲ့ အကြီးဆုံး လူထုအုံကြွမှုကြီးဖြစ်တဲ့ ၈၈ ဒီမိုကရေစီလှုပ်ရှားမှုဟာ အခုဆိုရင် ၂၆ နှစ် ကြာမြင့်ခဲ့ပါပြီ။
သို့ပေမယ့် ၈၈ ကို ဖြတ်သန်းခဲ့သူများကတော့ ၁၉၈၈ ခုနှစ် သြဂုတ်လ ၈ ရက်နေ့ အဖြစ်အပျက်တွေကို ယနေ့တိုင် သတိရ၊ အမှတ်ရနေကြဆဲ ဖြစ်ပါတယ်။

ဆလိုင်းသန့်စင်

 



.

4 comments:

  1. အားယားယား သူများ​ယောင်​ လိုက်​​ယောင်​ခဲ့ကြလို့ အပစ်​ခံခဲ့ကြရတာ​လေ.. ထပ်​ အဖြစ်​မခံနိုင်​​တော့ဘူး.. ​​အေး​အေး​ဆေး​ဆေး​နေကြ..

    ReplyDelete
  2. အဲဒီအချိန်​တုန်းကမင်းအ​ဖေဆန္ဒပြပွဲကိုလိုက်​မရဲလို့မင်းအ​မေထမိန်​ကြားဝင်​ပုန်း​နေတယ်​​လေ

    ReplyDelete
  3. ကျနော်တို့ မမှီပေမဲ့အာဏာရှင်ကိုအခုလိုဆန့် ကျင်ခဲ့
    ကြတဲ့ကျောင်းသားထုကိုအမြဲလေးစားလျှက်ပါ။ကျောင်းသားများဟာနိုင်ငံရေးမှာအမြဲတမ်းရှေ့တန်းက
    ပါဝင်ခဲ့ကြတာအင်္ဂလိပ်ခောတ်ကတည်းက၊ သူတို့ သာ
    နိုင်ငံရေးကိုစိတ်မဝင်စားရင်နိုင်ငံရဲ့politicization ဟာ
    တိုးတက်တော့မဟုတ်ဘူး

    ReplyDelete
  4. ဧရာဝတီ ရဲ့သွေးက မနည်းခဲ့ဘူး။ မောင်ရင် မမွေးသေးလောက်ခင် ကဖြစ်မယ်။ လောလောဆယ် စား နေ သောက်နေ ရတာ လေး လောက် အတွက်နဲ့ သူရဲကောင်း တွေကို မစော်ကားပါနဲ့။ ဘ၀ ဆိုတာ ခဏလေး။ သမိုင်းက ကျန်ခဲ့တယ်။ ခုပဲ ၂၆ နှစ် က အရိုးတွန်သံ တွေကို ကြားနေရပြီ။ နောက်တစ်ချိန်ကျ ငါမရှိတော့ဘူးလို့ မထင်နဲ့။ မောင်ရင့် သားသမီး တွေ ကျန်ခဲ့မှာ။

    ReplyDelete