Pages

Monday, July 13, 2015

လူတွေကို အံ့သြမင်သက်သွားစေခဲ့တဲ့ အိမ်ရာမဲ့တစ်ဦးရဲ့စန္ဒရားလက်သံ


photo - theawesomedaily.com

အိမ်ရာမဲ့လူတစ်ယောက်ရဲ့ အံ့သြဖွယ်သော စန္ဒရားလက်သံဟာ အင်တာနက်ပေါ်မှ လူထုကို ညို့ယူ ဖမ်းစားနိုင်ခဲ့ပါတယ်။

အမေရိကန်နိုင်ငံ ဖလော်ရီဒါနယ်၊ ဆာရာဆိုတာဒေသရဲ့ မြို့ပြစန္ဒရား ပရောဂျက်တည်နေရာမှာ ထားရှိတဲ့ စန္ဒရားကို Styx ရဲ့ “Come Sail Away” ကို ပြန်လည်တီးခတ်နေသူကတော့ ဒေါ်နယ်ဂွတ်လို့ အမည်ရှိတဲ့ အိမ်ရာမဲ့ အမျိုးသားတစ်ဦးပဲ ဖြစ်ပါတယ်။ သူ့ရဲ့ စိတ်လှုပ်ရှားဖွယ်ရာ လက်သံကို ဗီဒီယိုရိုက်ကူးခဲ့ကြပြီး ဖေ့ဘုတ်စာမျက်နှာမှာ ဖော်ပြလိုက်တဲ့အခါမှာတော့ လူအများကြားပျံ့နှံသွားခဲ့ပြီး အဲဒီ ဗီဒီယိုကို လူပေါင်း (၂.၃) သန်းက ကြည့်ရှုခဲ့ကာ  (၉၃,ooo)ကျော်က ရှယ်ခဲ့ကြတာပါ။

လျှပ်တစ်ပြက်အတွင်း နာမည်ကျော်သွားခဲ့တဲ့အကြောင်းကို ပြန်လည်သိရှိရတော့ အသက် (၅၁)နှစ်အရွယ်  ဒေါ်နယ်ဂွတ်မှာ အံ့အားသင့်ခဲ့ရပါတယ်။

“ကျွန်တော်ဟာ ကျွန်တော့ ဦးထုပ်ကို စန္ဒရားပေါ်တင်ပြီး တစ်ဒေါ်လာ၊ နှစ်ဒေါ်လာလောက် ရအောင်သာ တီးခတ်ခဲ့တာပါ။ ဒီလောက်ထိ ဖြစ်သွားမယ်လို့ ကျွန်တော်မထင်ခဲ့မိဘူး” လို့ ဒေါ်နယ်ဂွတ်က WWSB သတင်းဌာနကို ပြောပြခဲ့ပါတယ်။

အသက်(၅၁)နှစ်အရွယ် ဒေါ်နယ်ဂွတ်ကို သူ့အသိုင်းအ၀ိုင်းက ချစ်စနိုးနဲ့ “ဘွန်း” လို့ခေါ်ကြပြီး ဘီလီဂျိုးဝယ်ရဲ့  “Piano Man” သီချင်းမှ အစ ဘာ့ခ်ျရဲ့ “Toccata” သီချင်းအဆုံး တစ်နေ့ကို သီချင်း ငါးပုဒ်လောက် လူထုကို တီးပြခဲ့သူလည်း ဖြစ်ပါတယ်။

ဒေါ်နယ်ဂွတ်ရဲ့ စန္ဒာရားလက်သံကို ဆာရာတိုတာမြို့သူမြို့သားတွေဟာ နှစ်သက်နေကြပြီး အခုအခါမှာတော့ အင်တာနက်ပေါ်က လူများကပါ နှစ်သက်လို့ နေကြပါပြီ။ ဒါပေမယ့် ဒီဂီတပညာရှင်ကြီးရဲ့ ဘ၀ နောက်ကွယ်မှာတော့ ရင်နင့်ကြေကွဲဖွယ်ရာ ဇာတ်လမ်းတစ်ပုဒ်ရှိနေခဲ့ပါတယ်။ WWSB သတင်းဌာနရဲ့ ဖော်ပြ  
ချက်အရ ဒေါ်နယ်ဂွတ်ဟာ Marine Corps အတွက် ကလယ်ရီနက် နှဲသမားတစ်ဦးဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ မစ်ချီဂန်မှာ ကောလိပ်တက်ပြီး ဂီတပညာကို သင်ယူခဲ့တာပါ။ ဒါပေမယ့် ကျောင်းမပြီးခင်မှာပဲ   ပိုက်ဆံ လုံလောက်ခြင်း မရှိတော့တာမို့ ပညာဆုံးခန်းမတိုင်ခဲ့ရပါဘူး။ အဲဒီအခါမှာ သူဟာအလုပ်အမျိုးမျိုးကို လုပ်ခဲ့ပြီး မိသားစုဘ၀ကို စတင်ခဲ့ပါတယ်။ (၁၉၉၈)ခုနှစ် သူ့အမျိုးသမီး သေဆုံးသွားတဲ့အခါမှာတော့ သူ့ဘ၀ဟာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပါတယ်။ ဒေါ်နယ်ဂွတ်ဟာ နောက်ပိုင်းမှာ မူးယစ်ဆေးသုံးစွဲလာခဲ့ပြီး သူ့ရဲ့သားကိုလည်း ဆုံးရှုံးခဲ့ရပါတယ်။

နောက်ဆုံးတော့ ဆာရာဆိုတာမြို့မှာ အခြေချပြီး သူနဲ့ ၀ါသနာတူ ဂီတပညာရှင် ပေါလ်လိုနာဒိုနဲ့ သီချင်းများကို တီးခတ်ခဲ့ပါတယ်။

အခုအချိန်မှာတော့ သူ့အတွက် အရာရာဟာ ဦးမော့လာမယ့်အခြေအနေကို ရောက်ရှိလို့လာခဲ့ပါပြီ။ သူ့ရဲ့ လက်သံကို ဗီဒီယိုပေါ်မှတဆင့် မြင်လိုက်ရတဲ့အတွက် ဆာရာဆိုတာမြို့ရှိ Surf Shack ဆိုတဲ့ ဒေသခံ
 စားသောက်ဆိုင်တစ်ဆိုင်က ၄င်းတို့ရဲ့ဆိုင်မှာလာရောက် တီးခတ်ပေးဖို့ ဒေါ်နယ်ဂွတ်ကို ကမ်းလှမ်း
ခဲ့ကြောင်း WWSB က သတင်းပေးထားပါတယ်။

ဒေါ်နယ်ဂွတ်လိုပဲ လူအများကို အံ့အားသင့်စေခဲ့တဲ့ ဂီတပညာရှင်တွေလည်း ရှိပါသေးတယ်။ ကနေဒါနိုင်ငံ အက်မွန်တန်က အိမ်ရာမဲ့ တစ်ဦးဖြစ်သူ ရိုင်ယန်ဆိုသူကလည်း အလွန်လှပတဲ့ စန္ဒရားလက်သံများနဲ့ လူထုကို မနှစ်က ဖျော်ဖြေခဲ့ပါတယ်။ အလားတူ ၀ါရှင်တန်ပြည်နယ်၊ ဗန်ကူးဘားမြို့ရှိ အိမ်ရာမဲ့တစ်ဦးဖြစ်သူ ဒေးဗစ်အယ်လန်ဝဲရှ် ဆိုသူကလည်း (၂၀၁၃)ခုနှစ်တုန်းက စတိုးဆိုင်တစ်ခုရဲ့ စန္ဒရားတစ်လုံးမှာ လက်စွမ်းပြနိုင်ခဲ့သူဖြစ်ပြီး နားဆင်သူတစ်ဦးမှာ မျက်ရည်ကျခဲ့ရသည်အထိ လက်သံမှာ ပြောင်မြောက်ခဲ့ပါတယ်။

“သူလည်း စပြီးတီးရော၊ သောက်လက်စ ကော်ဖီတွေတောင် နင်ကုန်ပြီး နှားခေါင်းထဲကတောင် ပြန်စီး ကျ ခဲ့တယ်။ သူ့ရဲ့လက်ချောင်းတွေ စန္ဒရား အစွမ်းတစ်ခုမှ၊ တောက်လျှောက် ပြေးနေတာကို ကြည့်ပြီး         ကျွန်တော် မျက်ရည်ဝဲခဲ့ရပါတယ်” လို့ ဂျိမ်းစ် မေးနတ်ဒ် ဆိုသူက ABCသတင်းကို ပြောပြခဲ့ပါတယ်။



ခင်အေးမြလွင်

ကိုးကားသတင်း။  ။ http://www.huffingtonpost.com/2015/07/01/homeless-man-sarasota-keys-piano-project_n_7707814.html?ncid=fcbklnkushpmg00000054&ir=Impact 


အိမ်ရာမဲ့ တဦးဖြစ်တဲ့ ဒေါ်နယ်ဂွတ် ရဲ့ စန္ဒရားလက်သံ ယူကျု ဗီဒီယိုဖိုင်ကို ဧရာဝတီဘလော့ဂ်ပရိတ်  သတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။



1 comment:

  1. နားဝင်​ချို လွန်းလို့တကယ်​ပါဗျာ။

    ReplyDelete