Pages

Wednesday, October 27, 2010

ထိုင်းသို့ ရေလမ်းမှ ခိုးဝင်သူ မြန်မာ ၃၄ ဦး အဖမ်းခံရ

ထိုင်းနိုင်ငံ တောင်ပိုင်း ရနောင်းခရိုင် ရေပိုင်နက်အတွင်း လှေနဲ့ ခိုးဝင်လာတဲ့ မြန်မာနိုင်ငံသား အမျိုးသမီး၊ အမျိုးသား ၃၄ ယောက် ကို အာဏာပိုင်တွေက မနေ့က ဖမ်းဆီး လိုက်တယ်လို့ ထိုင်းဘာသာနဲ့ ရေးသား ထားတဲ့ မန်နေဂျာ အွန်လိုင်း (Manager Online) အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

အမျိုးသား ၁၅ ယောက်၊ အမျိုးသမီး ၁၈ ယောက်နဲ့ အသက် ၃ နှစ်အရွယ် ကလေး တယောက်နဲ့အတူ ရနောင်းမြို့ကို ဦးတည် သွားနေတဲ့အချိန်မှာ ထိုင်းအာဏာပိုင်တွေ ကင်းလှည့်နေတဲ့ အချိန်နဲ့တိုးပြီး အဖမ်းခံ လိုက်ရတာပါ။

မြန်မာပြည်သားတွေကို ထိုင်း အာဏာပိုင်တွေက စစ်ဆေးတော့ တရားဝင် စာရွက်စာတမ်းတွေ မရှိတဲ့အတွက် အားလုံးကို ရနောင်မြို့မှာ ရှိတဲ့ လူဝင်မှု ကြီးကြပ်ရေး (လ၀က) အချုပ်ကို ထပ်မံ စစ်ဆေးဖို့ ပို့ဆောင်သွားမယ်လို့ ဆိုပါတယ်။

ဒီ အမျိုးသမီးနဲ့ အမျိုးသားတွေကို တရားဥပဒေအရ အရေးယူ ဆောင်ရွက် မလားဆိုတာတော့ မသိသေးဘူး။ လှေသမားကတော့ ဒီလူတွေကို ခေါ်လာပေးတဲ့အတွက် တခေါက်ကို ဘတ်ငွေ ၁၀၀၀၀ လောက် ရတယ်ဆိုပါတယ်။ ဒါကြောင့် လှေမောင်းသူ မြန်မာ ပြည်သားကတော့ လူကုန်ကူးမှုဖြင့် အရေးယူ သွားခံရဖွယ် ရှိပါတယ်။

မြန်မာပြည်တွင်း စစ်အစိုးရလက်အောက်မှာ စားဝတ်နေရေး ကျပ်တည်းတဲ့အတွက် အိမ်နီးချင်းနိုင်ငံတွေကို နည်းမျိုးစုံနဲ့ ဝင်ရောက်ကြတဲ့ မြန်မာနိုင်ငံသားတွေ ရှိနေဆဲပါပဲ။ အခက်အခဲ မျိုးစုံ တွေ့ရပေမယ့် အဆင်ပြေလိုပြေငြား စွန့်စားကြရပြီး အခုလို ဒုက္ခရောက်ကြရ၊ မျက်နှာ ငယ်ကြရတာလည်း ရှိပါတယ်။
သန်းထိုက်ဦး

(ဓာတ်ပုံ - Manager Online)

No comments:

Post a Comment