Pages

Wednesday, November 17, 2010

ဘာသာစကား အသုံးအနှုန်း နောက်ဆက်တွဲ ပေးစာ

စာရေးသူအနေနဲ့ ဘာသာစကားနဲ့ ပတ်သက်ပြီး ထိခိုက်လွယ်တာမျိုး မဟုတ်ပါ။ အစဦး တင်ပြကတည်းက ဘာသာစကားသည် ပြောင်းလဲတတ်သော သဘော ရှိသည်ဆိုတာ ပြောပြီးသားပါ။

ဒါပေမယ့် တစ်ဖက်မှာ ဘာသာစကားထိန်းသိမ်းမှု ဆိုတဲ့ လုပ်ငန်းစဉ်လည်း ရှိပါတယ်။ သတ်ပုံကျမ်းတို့ အဘိဓာန်တို့ ကျောင်းသုံး သဒ္ဒါတို့ ဆိုတာ အဲဒီ ဘာသာစကား ထိန်းသိမ်းမှု လုပ်ငန်းစဉ်ထဲက ကဏ္ဍတွေပါ။ အဲဒီမှာ သဒ္ဒါဆိုတာလည်း လက်တွေ့ ပြောနေတာတွေကို လေ့လာပြီး စည်းပြုထားတာပါ။ ဒါကြောင့် လက်တွေ့အပြောမှာ သုံးနေရင်တော့ တစ်ချိန်ချိန်မှာ တစ်နည်းနည်းနဲ့ အတည်ပြုလာကြရမှာပါ။

ဘာသာစကားဟာ သိပ္ပံနည်းနဲ့ သေသေချာချာ အစစ်ဆေး ခံနိုင်တဲ့ ဆက်သွယ်ရေး အသုံးအဆောင်တစ်ခုပါ။ ဘာသာစကားဟာ အဲသလို ပြောင်းလဲနေပေမယ့် ပြောခဲ့သလို သိပ္ပံနည်းကျ အစစ်ဆေး ခံနိုင်မယ့် ပြောင်းလဲမှုမျိုးတွေပဲ အများဆုံး ဖြစ်တတ်ပါတယ်။ တစ်ခါတလေတော့ ခြွင်းချက် ရှိတတ်ပါ တယ်။ သူ နဲ့ သူမ ကို လိင်အရ ခေတ်ရဲ့တောင်းဆိုမှု (၀ါ) လက်တွေ့ အသုံးပြုမှုတွေကြောင့် ခွင့်ပြုမယ်ဆိုရင် (ခွင့်ပြုတယ်ဆိုတာ အထူးသဖြင့် အရေးမှာပါ။) တခြား စည်းလွတ်ဝါးလွတ် ဖြစ်လာမှာမျိုးတွေ အများကြီးပါ။

မြန်မာ ဘာသာစကားမှာ သဘာဝလိင်အရ အဖို/အမ၊ အထီး/အမ၊ ယောက်ျား/မိန်းမ အဲသလို နာမ်စကားလုံးတွေကို ခွဲခြားပြောတတ်တဲ့ သဘောတွေ ရှိပေမယ့် နာမ်းစားကို ပြောတဲ့အခါ ခွဲခြားမှု နည်းပါတယ်။ ခင်ဗျား/ရှင်၊ မင်း/နင် အဲသလို အပြန်အလှန် ပြောသူ ၂ ဦး တိုက်ရိုက်ပြောတဲ့ အခါမျိုးမှာတော့ နာသူနာမ်စားမှာ ခွဲတဲ့သဘော တွေ့နိုင်ပါ တယ်။ တိုက်ရိုက်မတွေ့နိုင်တဲ့ လူ၊ တိရစ္ဆာန်၊ အရာဝတ္ထုတွေကို ပြောတဲ့အခါမှာတော့ နာမ်စားကို လိင်ခွဲတာမျိုး မရှိပါ။

နောက်နောင် ဘာသာစကား ပြောင်းလဲလာခဲ့ရင်တော့ ပြောဖို့ ခက်ပါတယ်။ ဒါပေမယ့် ဘာသာစကားမှာ ပြောင်းလဲမှု ဖြစ်ဖို့ဆိုတာ နှစ်ထောင်နဲ့ချီ ကြာတတ်ပါတယ်။ ပုဂံခေတ်က သုံးလာတဲ့ အခြေခံ စကားလုံးတွေ သဒ္ဒါစည်းတွေဟာ အခုထက်တိုင် သိသိသာသာ ထင်ထင်ရှားရှား ဖြစ်လောက်အောင် မပြောင်းသေးတာကို ကြည့်ရင် သိနိုင်ပါတယ်။

မေတ္တာဖြင့်
စာရေးသူ

(အဲဒီ သူမ ဆိုတာကို ဘယ်သူ စပြီး သုံးလည်း ဆိုတာတော့ ပြောဖို့ ခက်ပါတယ်။ ဆရာမ ဂျူး ထက် စောနိုင်ပါတယ်။ ကိုယ်ပိုင် စကားတူစု (private speech community) ဖြစ်ရင်တော့ သူမ လို့ပဲ သုံးသုံး၊ အမှတ်တယ လို့ပဲ ရေးရေး ပြောစရာ အထွေအထူး မရှိပါ။ အခုလို တင်ပြနေရတယ် ဆိုတာကတော့ အများကို တင်ပြနေတဲ့ သတင်းဌာနတွေမို့လို့ အသိပေးရတာ ဖြစ်ပါတယ်။)

9 comments:

  1. I think you have missed the point. Don't be so conservative, let it change because of the nature of evolution. No buddha said we should continue to follow the grammar last 1000 yeras old.

    It is not used to be, so what? I strongly encourage the changes, evolution in any form.

    ReplyDelete
  2. i think it was introduced by DAGON TARYAR in his famous novel " MAY".

    ReplyDelete
  3. ကိုယ်ရေး မယ့် စာရဲ့ ဆိုလိုရင်း ကို ပေါ်လွင် အောင် ပဲ အရင်ဆုံးရေးပါ

    ReplyDelete
  4. ဘာတွေလာပြီးပြောတာကို ဘာသဘောနဲ့ တင်လိုက်လဲမသိပါဘူးနော်
    ဉဏ်မှီတဲ့သူများ ကျေးဇူးပြုပြီး ရှင်းပြပေးကြပါ

    ReplyDelete
  5. အရေးအသား သတ်ပုံ အပြောအဆို အကြောင်းတွေ ခုတလောဖတ်နေတုန်း ဒီနေ့ဘဲ ကြေးအိုးဆိုင်မှာ မြန်မာအမေရိကန် တစ်ယောက် တယ်လီဖုန်းပြောနေ တာကြားတော့.. အရမ်းရီမိပြီး ကြာဆံ ဖတ်တွေ ဖွီးကနဲ ထွက်ကုန်တယ်.. အတိအကျ လိုက်ရေးမလို့ ဘောပင်ကလည်း ပါမလာတော့ ဖုန်းနဲ့တော့ အသံဖမ်းထားလိုက်တယ်.. “ discount က မ cover ဘူး သိလား.. အဲဒါနင့်ကို ပြောချင်တာက Gift Card ကို မ buy ပါနဲ့...” ဆိုဘဲ.. သမားရိုးကျ ဘိုလို ညှပ်ပြော ချင်ရင် .. discount က cover မဖြစ်ဘူး.. gift card ကို သွားမ၀ယ်နဲ့ ဆိုတာမျိုးဆို ရင် ကျုပ်ဒီလောက် ရယ် (ရီ) ဖြစ်မယ်မထင်ပါ...

    ReplyDelete
  6. အင်္ဂလိပ်လိုပြောတဲ့နိုင်ငံတွေက လူတွေ (native speakers) ကို အင်္ဂလိပ်သဒ္ဒါအကြောင်းပြောရင် စိတ်မ၀င်စားကြဘူး။ ဘာဖြစ်လို့လဲသိလား။ သူတို့အနေနဲ့ အင်္ဂလိပ်စကားကို အများနားလည်အောင်ပြောတတ်ကြလို့။ ဒါပေမယ့် သူတို့ပါးစပ်က ထွက်တဲ့ အင်္ဂလိပ်စကားက ချရေးတဲ့ အင်္ဂလိပ်စာလောက် သဒ္ဒါကျချင်မှကျမယ်။ စကားပြောရာမှာ သဒ္ဒါက အရေးမကြီးဘူး။ စာရေးမှ သဒ္ဒါက အရေးကြီးတာ။

    မြန်မာစကားမှာလည်း အတူတူပဲ။ စကားပြောတာကိုကအစ သဒ္ဒါနည်းကျ လိုက်ပြီးစဉ်းစားနေလို့ကတော့ အလုပ်မဖြစ်ဘူး။ အဓိက အရေးအသားမှာသာ သဒ္ဒါက အဓိကပါ။

    စာရေးသူက ဧရာဝတီကဆိုရင် တစ်ခါတစ်ခါ မြန်မာလို သတင်းတွေမှာ စာလုံးပေါင်းတွေ မကြာခဏမှားနေတာကို ဂရုစိုက်ပေးပါလို့ပဲ ပြောချင်ပါတယ်။ တခြားသတင်းဌာနတွေမှာလည်း အဲလို အမှားမျိုးတွေ မကြာခဏရှိတတ်ပါတယ်။ အဲလိုအမှားမျိုးက မတတ်လို့မှားတာမဟုတ်ဘူးဆိုတာသိပါတယ်။ ဒီလိုပဲပေါ့။ အလုပ်များတဲ့အခါမှာ အမှားလေးတွေပါတတ်သလို၊ စကားပြောတဲ့သူတွေမှာလည်း ပြောရတာ များတဲ့အခါ အမှားလေးတွေပါသွားပြီး အသုံးအနှုန်းလွဲသွားတာမျိုးတွေလည်းရှိတတ်ပါတယ်။

    ReplyDelete
  7. ဟုတ်ပါတယ်။ မြန်မာစကားအဓိကပြောပြီး မြန်မာစာသင်ခဲ့ရတဲ့ ပြည်မကမြန်မာပြည်သားတွေအားလုံး စာလုံးပေါင်းသတ်ပုံကို မှားနေသေးရင်တောင်မှန်လာအောင် ပြင်ယူရမယ်။ တိုင်းရင်းသားလူမျိုးစုတွေအနေနဲ့တောင်မှ မြန်မာစာတတ်ကျွမ်းသူများထံမှ သတ်ပုံအကြံညဏ်ကိုယူပြီးမှ အများသိအောင်ရေးသားသင့်ပါတယ်။
    ကျမ နဲ့ ကျွန်မကို တလွဲမတွေးပဲ သတ်ပုံမှန်စွာရေးရမှာပါ။ ဒါမှမြန်မာစာမြန်မာစာကား မှန်ကန်စွာ တည်တံ့ခိုင်မြဲမှာဖြစ်ပါတယ်။

    ReplyDelete
  8. ကျွန်မ ငယ်ငယ်က စာစီစာကုံးရေးတဲ့ အခါ သူမဆိုတဲ့ နာမ်စားတွေတော်တော်များများ ထည့်သုံးမိခဲ့ပါတယ်။ ဖေဖေ့ကိုလည်း ပြရော ဖေဖေဆုံးမခဲ့တာ ယခုစာရေးဆရာပြောဆိုညွှန်ပြပုံနဲ့တစ်ပုံစံတည်းတူပါတယ်။ သူငယ်ချင်းများကို ပြောပြတော့ သူတို့လည်း လုံးလုံးမသိကြပါဘူးတဲ့။ ကြည့်ရတာ ဖေဖေတို့ခေတ်က လူတွေဟာ ဒီလိုကိစ္စလေးကစလို့ အားလုံးဗဟုသုတပြည့်စုံကြသူတွေ ဖြစ်မယ်ထင်ပါတယ်။
    မြန်မာတစ်ယောက် အနေနဲ့ မြန်မာစာ မြန်မာစကား မပျောက်ပျက်ဖို့အရေးဒီလို အပြုသဘော စာပေတွေ များများရေးစေလိုပါတယ်ရှင်။

    ReplyDelete
  9. သူမဆိုတာ ဟိုရှေးရှေးက စာရေးဆရာတွေက နဲ့ ကိုကွဲစေချင်လို့ သူ(မ)လို့ ရေးခဲ့တာ။ သူမဆိုပြီး လုံးဝမရေးသင့်ဘူး။ မြန်မာစကားက နာမ်စားကို လိင်ခွဲခြားတာ လုံးဝမရှိဘူးဆိုတာ မှန်တယ်။ လူကြီးသူမက သူမက ဒီသူမနဲ့ ဘာမှ မဆိုင်ဘူး။ လမ်းမတို့၊ ဓားမ တို့မှာလို့ပဲ ကြီးတယ်ဆိုတဲ့သဘောကို ဆောင်လို့ လူကြီးသူမလို့ရေးတာ။ ကိုညွှန်းတာ မဟုတ်ဘူး။

    ReplyDelete