Pages

Saturday, January 15, 2011

အလောင်းဘုရားရဲ့ ရွှေသ၀ဏ်လွှာ

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀ ကျော်တုန်းက အလောင်းဘုရားရဲ့ ရွှေသ၀ဏ်လွှာ

သက္ကရာဇ် ၁၇၅၆ ခုနှစ်လောက်တုန်းက အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ ကနေ ဒုတိယမြောက် ဂျော့ရှ်ဘုရင်ဆီကို ပို့တဲ့ ရွှေသ၀ဏ်လွှာကို ပညာရှင်တွေက ပြင်ပကမ္ဘာကို ထုတ်ဖော်ပြသလိုက်ပါတယ်။

ပတ္တမြား ၂၄ လုံးနဲ့ စီခြယ်ထားပြီး ရွှေပြားပေါ်မှာ မြန်မာစာလုံးတွေ ထွင်းထားတဲ့ အဲဒီ ရွှေသ၀ဏ်လွှာမှာ ဗြိတိန်နိုင်ငံနဲ့ ဗမာနိုင်ငံ နှစ်နိုင်ငံ ချစ်ကြည်ရေး၊ ကုန်သွယ်ရေး အကြောင်းတွေကို ရေးထားတာလို့ ပညာရှင်တွေရဲ့ ထုတ်ပြန်ချက်ကို တယ်လီဂရပ် သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

ဒီသ၀ဏ်လွှာဟာ ဒုတိယမြောက် ဂျော့ရှ်ဘုရင်ရဲ့ မွေးရပ်၊ ဂျာမဏီနိုင်ငံ Hanover မြို့က Leibniz စာကြည့်တိုက်ရဲ့ လုံခြုံရေး မီးခံတိုက်ထဲမှာ နှစ်ပေါင်းများစွာ ဒီအတိုင်း ရှိနေခဲ့တယ်လို့ ဆိုပါတယ်။

ကုန်းဘောင်ခေတ်က မြန်မာစာပေ အရေးအသားနဲ့ အဲဒီ ရွှေသ၀ဏ်လွှာကို ဘာသာပြန်ဖို့ သမိုင်းပညာရှင်တွေက သုံးနှစ် အချိန်ယူခဲ့ရတယ်လို့ ဆိုပါတယ်။

အတိဿယ၀ုတ္တိ အလင်္ကာနဲ့ ဖွဲ့နွဲ့တင်စားရေးဖွဲ့ထားတဲ့ အဲဒီ သ၀ဏ်လွှာဟာ နှစ်နိုင်ငံ ပင်လယ်ရပ်ခြား ကုန်သွယ်မှု တိုးတက်ရေးအတွက် ဗြိတိန်နိုင်ငံက ပုသိမ်မှာ ပင်လယ်ဆိပ်ကမ်းဆောက်လုပ်ဖို့ ကမ်းလှမ်းလာတာကို ကြိုဆိုခွင့်ပြုကြောင်း အလောင်းမင်းတရားကြီးက ဂျော့ရှ်ဘုရင်ကို စာပြန်ထားတာပါ။ အဲဒီ သ၀ဏ်လွှာကို ဆင်စွယ်ထဲမှာ လိပ်ပြီး ထည့်ထားတာလို့ ဆိုပါတယ်။

“ဘုန်းတန်းခိုး အာနုဘော်နှင့် ပြည့်စုံကြွယ်ဝသော ရေမြေ့သခင်၊ မင်းများ၏ ဘုရင်၊ ရွှေ ငွေ ကျောက်သံပတ္တမြားတို့ကို ပိုင်စိုးတော်မူသော ဆင်ဖြူများရှင်၊ ဆင်နီများရှင် အရောင်စုံလှသော ဆင်များရှင်မှ အင်္ဂလိပ် တိုင်းပြည်ကို အုပ်ချုပ်သော ဘုရင်မင်းမြတ်ထံသို့ နှုတ်ခွန်းဆက်သပါတယ်” လို့ ရွှေသ၀ဏ်လွှာမှာ ပါရှိတယ်လို့ဆိုပါတယ်။

(တကယ့် မြန်မာအရေးအသားကတော့ ဒီ့ထက်ပိုဖတ်လို့ ကောင်းမှာပေါ့နော်။ အခုဟာက အင်္ဂလိပ်လို ရေးထားတာကို ဘာသာပြန်လိုက်တာဆိုတော့ တမျိုးတော့ ဖြစ်နေမယ်)

သ၀ဏ်လွှာထဲမှာ အဲဒီတုန်းက ပုသိမ်မှာ ဆိပ်ကမ်းကိစ္စအတွက် ရောက်နေတဲ့ ဗြိတိန် သံတမန် Henry Brooke ရဲ့ အကြောင်းကိုလည်း ရေးထားပါသတဲ့။

“ဘုရင်မင်းမြတ်ရဲ့ သံတမန်တော် Mr. Henry Brooke ရဲ့ လျှောက်ထားတောင်းဆိုချက်အရ ပုသိမ်ဆိပ်ကမ်းမှာ အဆွေတော်တို့ရဲ့ သင်္ဘောတွေ ဆိုက်ကပ်ဖို့အတွက် အလိုရှိတဲ့ ဆိပ်ကမ်းနေရာကို ပေးဖို့ ခွင့်ပြုလိုက်ပါတယ်။ ခွင့်ပြုမိန့် စာချွန်လွှာနဲ့ တံဆိပ်တော်ကို အင်္ဂလိပ် ဘုရင်မင်းမြတ်ဆီ ပို့ပေးပြီး ပုသိမ်မြို့ဝန်ကိုလည်း ညွှန်ကြားစာပို့ထားပါတယ်” ဆိုတာတွေ သ၀ဏ်လွှာမှာ ရေးထားတယ်လို့ ဆိုပါတယ်။

ဒီသ၀ဏ်လွှာကို လေ့လာခဲ့တဲ့ သမိုင်းပညာရှင် Dr Jacques Leider က ဒီစာကို ပို့တဲ့အခါမှာ ဗြိတိန်က သိမ်းပိုက်ထားတဲ့ အိန္ဒိယနိုင်ငံ မဒရပ်စ်ကနေတဆင့် ပို့လိုက်တာဖြစ်ပြီး ဗြိတိန်နန်းရင်းဝန် William Pitt ကနေမှ တဆင့် ဒုတိယမြောက် ဂျော့ရှ်ဘုရင်ဆီကို ရောက်တယ်။ ဂျော့ရှ်ဘုရင်က Hanover က စာကြည့်တိုက်ကို ၁၇၅၈ မတ်လမှာ ပို့လိုက်ပြီး ဒီသ၀ဏ်လွှာနဲ့ ပတ်သက်လို့ တရားဝင် အကြောင်းပြန်တာ တစုံတရာ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

(ဒီသ၀ဏ်လွှာသာ အင်္ဂလိပ်လို ရေးထားတာ ဖြစ်နေမယ်ဆိုရင် အခြေအနေက တမျိုး ဖြစ်သွားမယ်ထင်တယ်နော်။ ဘာလို့ဆို ဒီဝဏ်လွှာ ရေးသားပေးပို့တဲ့အချိန်ဟာ အင်္ဂလိပ်တွေ မြန်မာနိုင်ငံကို စတင်ကျူးကျော် နယ်ချဲ့လာနေတဲ့အချိန်၊ ကုန်းဘောင်မင်းဆက် အစပျိုးခဲ့တဲ့ အလောင်းမင်းတရားကြီး ဘုန်းတန်ခိုး ကြီးထွားနေချိန်ဖြစ်တယ်။)

ဒီလို ရှိနေရာက ရွှေသ၀ဏ်လွှာဟာ ဒိန်းမတ်ဘုရင် Christian VII ရဲ့ လက်ချက်ကြောင့် ပျက်စီးသွားရတဲ့ Leibniz စာကြည့်တိုက်က သမိုင်းဝင် ပစ္စည်းတွေထဲက တခုအပါအ၀င် ဖြစ်ခဲ့တယ်လို့ စာကြည့်တိုက်ရဲ့ ညွှန်ကြားရေးမှူး Georg Ruppelt ဆိုပါတယ်။ (ဒိန်းမတ်ဘုရင် Christian VII ဟာ အမတ်ဆိုး အမတ်ညစ်တွေနဲ့ တိုင်းပြည်မငြိမ်သက်မှုတွေကြောင့် စိတ္တဇ ဝေဒနာခံစားရပြီး ဆုံးပါးသွားရတယ်လို့ သမိုင်းမှာ ထင်ရှားပါတယ်)

အဲဒီလို ပျက်စီးသွားတာကြောင့်လည်း သ၀ဏ်လွှာပေါ်က စာတွေဟာ ဖတ်မရလောက်အောင် ဖြစ်ခဲ့တာလို့ ပညာရှင်တွေက ပြောပါတယ်။

ဒီ ရွှေသ၀ဏ်လွှာကို စာကြည့်တိုက်မှာ ဇန်န၀ါရီ ၁၈ ရက်နေ့အထိ အများပြည်သူ လေ့လာနိုင်အောင် ပြသထားမယ်လို့ သိရပါတယ်။ ရွှေသ၀ဏ်လွှာဟာ အဖိုးမဖြတ်နိုင်အောင် တန်ဖိုးရှိနေတာမို့ အများပြည်သူကို ပြသဖို့ အမြဲတမ်းထားသင့် မသင့် မဆုံးဖြတ်ရသေးပါဘူးတဲ့။

ဇာနည်မာန် ဆီလျှော်အောင် ဘာသာပြန်သည်။

No comments:

Post a Comment