(ဧရာဝတီ မြန်မာပိုင်း သတင်းဆိုဒ်မှာ တင်ခဲ့တဲ့ ပေးစာတပုဒ်ကို ပြန်တင်ပေးလိုက်ပါတယ်။ မဖတ်ဖြစ်လိုက်သူတွေလည်း ဖတ်ရအောင်ပါ။)
ဗမာကြီး ရေးသားပေးပို့သည်။
ဒီမိုကရေစီအင်အားစု အတော်များများနဲ့ အတိုက်အခံ အင်အားစုတွေ အားလုံးက နအဖကိုတိုက်ခိုက်မှ မှန်တယ်လို့ ယူဆကြပါတယ်။ ယုံကြည်ယူဆတဲ့ အတိုင်းလည်း အနည်းဆုံး နှုတ်စကားနဲ့ပဲ ဖြစ်ဖြစ် အမြဲတိုက်ခိုက်နေခဲ့ ကြပါတယ်။ ဒါပေမယ့် အားလုံးရဲ့ အင်အားမပါရင် အရွေ့မရှိရင် အလုပ်မဖြစ်ဘူး ဆိုတာကို တခါတရံမှာ သူတို့မေ့လျော့ နေကြပါတယ်။
အဓိကအချက်တခုက သူတို့က အမြဲတစေ မလွဲမသွေ ဒေါ်အောင်ဆန်းစုကြည်ကို ခေါင်းဆောင်တင်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဝန်းရံပေးနေကြတာပါပဲ။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ NLD ရဲ့ ခေါင်းဆောင်ဖြစ်သလို အတိုက်အခံ အင်အားစုအားလုံးရဲ့ ထိပ်တိုက်ရင်ဆိုင်ရေးခေါင်းဆောင်လည်း အလိုအလျောက် ဖြစ်လာခဲ့ပါတယ်။
ဒါပေမယ့် NLD ကတော့ ဒေါ်အောင်ဆန်းစုကြည် မရှိရင်ဘယ်တော့မှ ထိပ်တိုက် ရင်ဆိုင်ရေးလမ်းကို ဆက်မသွားခဲ့ပါဘူး။ ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းလိုက်ရင် မနက်ဖြန်မှာပဲ လှုပ်ရှားမှုတွေ အကုန်ရပ်လိုက်တာပါပဲ။ အနည်းဆုံး ဦးတင်ဦးနဲ့ ဦးဝင်းတင် မရှိတဲ့ကာလတွေမှာ ဒီလိုပဲကျင့်သုံးခဲ့ပါတယ်။
ဒီနေ့ ဒီအချိန်မှာတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ NLD ကို အမည်သစ်၊ လူသစ်၊ စိတ်သစ်တွေနဲ့ ပြန်လည်ဖွဲ့စည်းဖို့ အချိန်အခါ အခြေအနေသင့်နေပါပြီ။ ပြည်သူတွေရဲ့ ပြဿနာပေါင်းစုံကို ရှေ့တန်းတင်စဉ်းစားပြီး ပါတီတွင်း ဒီမိုကရေစီစနစ် ကျင့်သုံးတဲ့ ပါတီတရပ်ပေါ်ထွန်းဖို့ အချိန်ရောက်နေပါပြီ။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ တွေ့ဆုံဆွေးနွေးရေး လမ်းစဉ်ကို တကယ် လက်ခံယုံကြည်တဲ့ အင်အားစုတွေ ဝန်းရံထားတဲ့ အတွေးသစ်၊ အမြင်သစ် လုပ်ဟန်သစ်တွေနဲ့ အနာဂတ်ကို ပုံဖေါ်ဖို့ အချိန်ကျရောက်လာပါပြီ။ လူငယ်ကွန်ယက်ဆိုတာ တိုးတက်ပြောင်းလဲမှုအားလုံးရဲ့ အစတခုပါ။ ဒီကွန်ယက်ကို ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်ပေးမယ်။ တတ်သိပညာရှင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ နိုင်ငံရေး အတွေးအခေါ်ရှင်တွေက ဝန်းရံပေးကြမယ်ဆိုရင် ဒါဟာခေတ်သစ်ရဲ့အစလို့ ဆိုနိုင်ပါတယ်၊
ဒီအင်အားစုအားလုံးကို စုစည်းပြီး နိုင်ငံရေးအင်အားစု တရပ်အဖြစ် ထူထောင်လိုက်ရင် ဒီမိုကရေစီလမ်းစကို မြင်ရဖို့ မဝေးတော့ပါဘူး၊
ထိပ်တိုက် ရင်ဆိုင်ရေးသမားတွေ၊ အပြုတ်တိုက်ရေးသမားတွေကလည်း ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်၊ ကိုယ့်အစွမ်းအစနဲ့ကိုယ် လှုပ်ရှားပြီး ဒေါ်အောင်ဆန်းစုကြည်ကို အမှုထဲ ဆွဲမထည့်ကြဖို့လိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို အကြမ်းမဖက်တဲ့နည်းနဲ့ ရင်ကြားစေ့ရေး၊ တွေဆုံဆွေးနွေးရေးကို သီးခြားလွတ်လပ်စွာ လှုပ်ရှားခွင့်ပြုခဲ့ရင် တိုးတက်မှုတွေ မြင်လာရမှာပါ။
ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားရင်ကြားစေ့ရေးကို ကြိုးပမ်းနေချိန်မှာ တတ်သိပညာရှင်များကလည်း တိုင်းပြည်ရဲ့ စီးပွားရေးအကျပ်အတည်းကို ဖြေရှင်းဖို့ နည်းလမ်းရှာရပါမယ်။ တိုင်းရင်းသားများက စည်းလုံးညီညွတ်ရေး တည်ဆောက်နေချိန်မှာ နိုင်ငံရေးသမားအပေါင်းကလည်း တိုင်းပြည်အတွက် သင့်တော်တဲ့ နိုင်ငံရေးလမ်းစဉ်များကို ချမှတ်နိုင်ရပါမယ်။
တိုင်းပြည်တခုလုံးကို ဦးသန်းရွှေတယောက်တည်းက ချုပ်ကိုင်နေတာ မှန်ပေမယ့် ပြဿနာအားလုံးကို ဦးသန်းရွှေတယောက်တည်းက ဖြေရှင်းလို့ မရတာ သေချာပါတယ်။ ဦးသန်းရွှေကို ဝန်းရံပိတ်ဆို့နေကြတဲ့ ကိုယ်ကျိုးရှာ အလိုတော်ရိတစုရဲ့နှောက်ယှက်မှုတွေကိုလည်း မျက်ခြေမပြတ် အနီးကပ် စောင့်ကြည့်နေဖို့ လိုပါတယ်။ ဦးသန်းရွှေ တဦးတည်းက အာဏာရှင်ဖြစ်နေသမျှ အထက်အဏာပိုင်နဲ့ နီးကပ်လေ၊ ပြည်သူနဲ့ဝေးလေ လမ်းမှားလိုက်လေ ဖြစ်နေမှာပါ။
ဒေါ်အောင်ဆန်းစုကြည် လက်ရှိကျင့်သုံးနေတဲ့ လမ်းစဉ်က ပြည်သူနဲ့နီးလေ၊ အာဏာရှင်နဲ့ ဝေးလေ၊ ဒုက္ခပေးခံရလေ အဖြစ်မျိုးမဖြစ်အောင် နားလည်မှု တည်ဆောက်နေတာ ဖြစ်ပါတယ်။ အလွန်လည်း မှန်ကန်ထိရောက်ပါတယ်။ ဒါပေမယ့် လိုအပ်တဲ့ ထောက်ခံပံ့ပိုးမှုတော့ မရသေးပါဘူး။ အကြမ်းမဖက်ရေး အင်အားစုအသီးသီးက ဝိုင်းဝန်းပံ့ပိုးကြဖို့လိုပါတယ်။
ပြည်သူတွေအနေနဲ့လည်း လက်ရှိအခြေအနေကို နိုင်ငံရေးသမားတချို့နဲ့ မီဒီယာတွေက ပုံဖော်နေကြတဲ့ အဖိနှိပ်ခံပြည်သူတွေက တဘက်၊ ဖိနှိပ်သူ အစိုးရကြီးကတဘက်လို့ မမြင်ကြဖို့ လိုပါတယ်။ အကြောင်းကတော့ အစိုးရဝန်ထမ်း ၉၅ ရာခိုင်နှုန်းလောက်ဟာလည်း ဖိနှိပ်ချုပ်ချယ်မှုပေါင်းစုံကို ခံစားနေကြရလို့ပါပဲ။ ကျန်တဲ့ ၅ ရာခိုင်နှုန်းပင်လျှင် ဦးသန်းရွှေကို သစ္စာခံထားကြတာ မဟုတ်ပါဘူး။ စစ်တပ်ထဲမှာပင်လျှင် ဗိုလ်ချုပ်အဆင့် မဆိုထားနှင့် ဒု ဗိုလ်ချုပ်ကြီးများပင် သစ္စာခံမထားပါဘူး။ ဦးသန်းရွှေကလည်း သူတို့ကို မယုံပါဘူး။ ဒု ဗိုလ်ချုပ်ကြီးအဆင့်က ဦးသန်းရွှေကို တွေ့ချင် ကန်တော့ချင်ရင်တောင် ခွင့်မပြုပါဘူး။ လုပ်ကြံမှာစိုးလို့ ဘယ်သူ့မှ အကပ်မခံပါဘူး။
အဲဒီလူတွေကို သူ့လူတွေပဲဆိုပြီး အကုန်တိုက်နေဖို့ မလိုပါဘူး။ ကိုယ့်အလုပ်ကိုယ် ပီပြင်အောင် လုပ်ဖို့က ပိုအရေးကြီးပါတယ်။ တပ်မတော် တခုလုံး ကိုယ့်ဘက်ပါလာစေချင်ရင် ကိုယ်က လေးစားစရာ ကောင်းအောင် အရင်နေပြဖို့လိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည် တယောက်တည်းကို ရှေ့တန်းတင် အားကိုး ခိုလိုက်နေကြလို့ မရပါ။
မိမိတို့ဘာလုပ်သင့်တယ်။ ဘာကိုအရင်လုပ်ကြရမယ်ဆိုတာ သိအောင် အရင်လုပ်ကြရပါမယ်။ အပြောင်းအလဲကို တကယ်ပဲ လိုလားပြီး တကယ် ဖန်တီးရပါမယ်။ လူတန်းစား အလွှာအသီးသီးက အပြောင်းအလဲကို တကယ် လိုလားလာအောင် စည်းရုံးရပါမယ်။ နည်းလမ်းကို လမ်းညွှန်နိုင်ရပါမယ်။ အခြေအနေကို ဖန်တီးပေးကြရပါမယ်။
ဒီအတွက် ပြည်သူတွေက ငွေကုန်စရာမလိုပါ။ နိုင်ငံခြား စွက်ဖက်မှုကိုလည်း စောင့်ဖို့မလိုပါ။ ပထမဆုံး မိမိကိုယ်တိုင် ယုံကြည်ဆုံးဖြတ်ဖို့ပဲလိုပါတယ်။ လုပ်ဆောင်ဖို့ပဲလိုပါတယ်။ ညီညွတ်ဖို့နဲ့ လေ့လာဖို့တော့ လိုပါတယ်။
“ပြဿနာဆိုသည်မှာ အခြားမဟုတ်။ အဖြေက ရုပ်ဖျက်ထားခြင်းသာ ဖြစ်သည်” ဆိုတဲ့ ဆိုရိုးစကား ရှိပါတယ်။ “No one can save us, from us, but us” ဆိုတဲ့စကားဟာလည်း ဘာသာတရား အဆုံးအမ အားလုံးနဲ့ ကိုက်ညီပါတယ်။
ခေါင်းဆောင်တွေက နားလည်ကြပြီး ပြည်သူတွေကို လက်ခံကျင့်သုံးလာအောင် လမ်းညွှန် စည်းရုံးနိုင်ဖို့ လိုပါတယ်။ ပြည်သူတွေအနေနဲ့က “ဒီမိုကရေစီ ရရှိရေး” လို့ အော်နေမှ မဟုတ်ပါဘူး၊ မိမိလက်တွေ့ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ကိုယ်တိုင်ဖြေရှင်းနိုင်အောင် ဝိုင်းဝန်းကြိုးစားကြဖို့ပဲ လိုပါတယ်။
စက်ရုံအဆင့်၊ ရပ်ကွက်ကျေးရွာအဆင့်မှာ ဖြေရှင်းလို့ရတဲ့ ပြဿနာတွေရှိပါတယ်၊ အောက်ခြေအဆင့်မှာပဲ အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံသူတို့ ပူးပေါင်းအဖြေရှာကြရပါမယ်။ အောက်ခြေမှာ အဖြေမရှိသေးရင် မြို့နယ်၊ ခရိုင်၊ တိုင်းကိုတက်ပြီး အဖြေရှာရမှာပါ၊ မနက်ဖြန် အဖြေတွေ့မယ်၊ နောက်တနှစ်မှာ အားလုံး ကောင်းသွားမယ်လို့တော့ မျှော်လင့်လို့မရပါဘူး။ သို့သော် တိုးတက်မှုတွေ အဆက်မပြတ်တွေ့လာရပြီး အချိန်နဲ့အမျှ အောင်မြင်မှုတွေ ရလာမှာပါ။
ကျနော်တို့အနေနဲ့ နအဖကို ရင်ဆိုင်ရာမှာ အနည်းငယ်ခက်ခဲ့ရတဲ့ အကြောင်းတခုကတော့ အခြေအနေမှန်ကို ရှုမြင်ရာမှာ အနည်းငယ် ပုံစံလွဲနေလို့ ဖြစ်နိုင်ပါတယ်။ ကျနော်တို့က နအဖကို ရှုမြင်ရင် မီဒီယာတွေပုံဖော်သလိုပဲ ထိပ်တိုက် ဆန့်ကျင်ဖက် အင်အားစုကြီး ၂ ခုအဖြစ် ရှုမြင်ကြပါတယ်။
အသေအချာ ခွဲခြားကြည့်ရင် နအဖ အစိုးရနဲ့ ပြည်သူတွေရဲ့ အကျိုးစီးပွားခြင်း အမှန်တကယ် ထိပ်တိုက်ဆန့်ကျင်ဘက် ဖြစ်နေတဲ့နေရာက အင်မတန်နည်းပါတယ်။ လူတိုင်းမိမိတိုင်းပြည်ကို တိုးတက်ကြီးပွားစေချင် ကြတာပါပဲ။ ပြည်သူတွေက အာဏာကို အတင်းလုယူပြီး နအဖတွေကို ထောင်ထဲထည့် နှိပ်စက်ချင်နေတာ မဟုတ်ပါဘူး၊ ပြည်သူအများစုကြီးက ကိုယ့်အလုပ်ကိုယ် အေးချမ်းစွာလုပ်ပြီး အသက်မွေးချင်ကြတာပါ၊
နအဖကလည်း ပြည်သူတွေ ဆင်းရဲကြောက်လန့်ပြီး ထွက်ပြေးကုန်စေချင်တာ မဟုတ်ပါဘူး။ ပြည်သူတွေ ဒုက္ခရောက်ရခြင်း အကြောင်းအရင်း အများစုဟာ အုပ်ချုပ်ရေး ညံ့ဖျင်းမှုကြောင့်သာ ဖြစ်ပါတယ်။ ထိပ်ဆုံးက အာဏာပိုင်တွေ အတွက်သာ အကောင်အထည်ဖော်ပေးတဲ့ အုပ်ချုပ်ရေး ယန္တယားကြီးရဲ့ ဖောက်ပြန်ယိုယွင်းနေမှုကြောင့် ဖြစ်ရတာပါ။ ဒီမိုကရက်တစ်ပါတီတွေ အာဏာရလာချိန်မှာလည်း ဒီအုပ်ချုပ်ရေး ယန္တယားကြီးကို ပြုပြင်နိုင်မှသာလျှင် ပြည်သူတွေ ချမ်းသာရာရလာနိုင်ပါတယ်။
တကယ်မှာ အထူးလွဲမှားနေတာက ယိုယွင်းနေတဲ့ အုပ်ချုပ်ရေး ယန္တယားရဲ့ အစိတ်အပိုင်းလေးတခုဖြစ်တဲ့ မြန်မာစစ်တပ်က အာဏာပိုင်လူတန်းစား တရပ်လို ဖြစ်နေတာပါပဲ။ ဖွဲ့စည်းပုံအသစ်မှာ စစ်တပ်ဟာ အပြည့်အဝအာဏာပိုင် လူတန်းစားမဟုတ်တော့ပေမယ့် အာဏာရဲ့ ၄ ပုံ ၁ ပုံကို လုယူထားသူတွေဖြစ် နေဦးမှာပါ။ ပိုအရေးကြီးတာက အုပ်ချုပ်ရေး ယန္တယား တော်တည့်မှန်ကန်လာ ဖို့ပါပဲ။
နောင်တချိန် ဒီမိုကရေစီအင်အားစုတွေ အာဏာအပြည့် ရလာရင်တောင် ယိုယွင်းနေတဲ့ အုပ်ချုပ်ရေး ယန္တယားနဲ့ ဖောက်ပြန်တဲ့ ဝန်ထမ်းတွေ ဆက်လက် လှုပ်ရှားနေကြမယ်ဆိုရင် တိုင်းပြည်ဟာ ဆင်းရဲတွင်းက မထွက်နိုင်ဘဲ ပြည်သူတွေလည်း ဒုက္ခပင်လယ်ဝေ နေဦးမှာပါပဲ။
ပါတီများရဲ့ တာဝန်က အာဏာပိုင်နိုင်အောင် ကြိုးစားမှုအပြင် တရားရေးအဖွဲ့အစည်းတွေက ဥပဒေစိုးမိုးရေး ဆောင်ရွက်လာအောင်၊ ဝန်ထမ်းတွေ ခြစားဖောက်ပြန်မှု လျော့ပါးလာအောင် အစီအမံတွေ၊ ကြိုတင်ပြင်ဆင်မှုတွေ၊ လိုအပ်ချက် ဖြည့်ဆည်းမှုတွေကို ယခုကတည်းက အစွမ်းကုန် ကြိုးပမ်းလုပ်ဆောင်ကြဖို့ ဖြစ်ပါတယ်။
ကျနော်တို့ဟာ ကိုယ်ရင်ဆိုင်နေရတဲ့ ပြဿနာတခုကို ရှုထောင့်တခုကသာကြည့်ပြီး တပြည်လုံး ပြဿနာအတွက် အဖြေမှန်တခုတည်းကို ရှာနေရင် မျက်မမြင်ပုဏ္ဏားခြောက်ယောက် ဆင်ကိုစမ်းသပ်သလို အဖြေတလွဲ ထွက်နေမှာဖြစ်ပါတယ်။ နေရာအလိုက်၊ ကဏ္ဍအလိုက်၊ အချိန်အလိုက် ပြဿနာ အမျိုးမျိုးအတွက် အဖြေအမျိုးမျိုးကို ရှာဖွေဆက်စပ်နိုင်မှသာ တိုင်းပြည်အတွက် အကျိုးရှိပါလိမ့်မယ်။
ခေါင်းဆောင်လုပ်သူများက အခြေအနေမှန်ကို ယထာဘူတကျအောင် ရှုမြင်ပြီး မကြာခင်က စတင်ခဲ့တဲ့ လူငယ်ကွန်ယက်လို ကွန်ယက်အသီးသီးကတဆင့် စတင် အကောင်အထည်ဖော်လို့ ရပါတယ်။
နအဖဖြစ်စေ၊ ပြည်ထောင်စု ကြံ့ဖွံ့ခိုင်ရေးနှင့် ဖွံ့ဖြို့ရေးပါတီ (ကြံ့ဖွံ့ပါတီ) +ဖြစ်စေ ဦးသန်းရွှေနဲ့ တသားတည်း အလုံးအခဲကြီးအဖြစ် ရှုမြင်လို့မရပါဘူး။ ၎င်းတို့ကို ခွဲခြမ်းစိတ်ဖြာ ကြည့်မြင်နိုင်အောင် ကြိုးစားဖို့ အရေးကြီးပါတယ်။
ကြံ့ဖွံ့ဆိုတာ ကျောရိုးမရှိတဲ့၊ ဦးနှောက်မရှိတဲ့ ကြိုးဆွဲရာကနေတဲ့ ရုပ်သေးရုပ် သက်သက်ပဲ ဖြစ်ပါတယ်။ အလားတူပဲ စွမ်းအားရှင်ဆိုတာလည်း ရဝတ အဆင့်က လက်သပ်မွေးထားတဲ့ လက်မရွံ့ လူမိုက်တစုပဲ ဖြစ်ပါတယ်။ ရဝတနဲ့ ပြည်သူနဲ့ ဆက်သွယ်စကားပြောလိုက်ရင် စွမ်းအားရှင်ဆိုတာ ပြည်သူတွေရဲ့ လက်သုံးတောင်ဝှေး ဖြစ်လာနိုင်ပါတယ်။
ကိုယ့်ကျေးရွာ ဥက္ကဋ္ဌ၊ ရပ်ကွက်ကော်မတီဝင်တွေနဲ့ စကားမပြောကြရင်၊ ပြောဖို့မကြိုးစားကြရင် ဒီအခက်အခဲတွေဟာ မပပျောက်နိုင်ဘဲ ရှည်ကြာနေလိမ့်မယ်ဆိုတာ ပြည်သူတွေ လက်ခံလာအောင် ပြောပြ နိုင်ရပါမယ်။ ကိုယ်တိုင်က တာဝန်ယူမှုမရှိကြရင် တိုးတက်မှုကို မျှော်လင့် လို့မရနိုင်ယုံမက ပိုမိုဆိုးရွားတဲ့ ကံကြမ္မာတွေ ကျရောက်လာနိုင်ပါတယ်။
ဦးသန်းရွှေရဲ့လက်ရင်းလူယုံ ကပ်ဖားများပင်လျှင် တယောက်ကို အကျိုးစီးပွားတမျိုးစီနဲ့ ရှင်သန်နေကြတာ ဖြစ်ပါတယ်။ ဦးသိန်းဇော်ကိုဖြစ်စေ၊ ဦးသောင်းကိုဖြစ်စေ၊ ဦးအောင်သောင်းကိုဖြစ်စေ၊ ဦးစိုးသာကိုဖြစ်စေ သူ့နည်းသူ့ဟန်နဲ့ ချဉ်းကပ် ထွက်ပေါက်ပေး ပြုပြင်မယ်ဆိုရင် ပြောင်းလဲ တိုးတက်လာနိုင်ပါတယ်။
ယခုအချိန်မှာ ဘီလူးသဘက်လိုဖြစ်နေကြတဲ့ ဦးသန်းရွှေရဲ့ မိသားစုဝင်များဟာလည်း လွန်ခဲ့တဲ့နှစ် ၂၀ က သူလိုငါလို လူများသာဖြစ်ကြပါတယ်။ သူတို့ရှေ့မှာ အစွယ်ကျိုးသွားကြတဲ့သူတွေရဲ့ဘဝကို မသိကြလို့ အာသာငမ်းငမ်း ဖြစ်နေကြတာပါ။ မှန်ကန်တဲ့ ချဉ်းကပ်လှုပ်ရှားမှုတွေ လုပ်ခဲ့ကြရင် အခြေအနေ အားလုံးဟာ ပုံမှန်ကိုပြန်ရောက်ပြီး ပြည်သူတရပ်လုံး ရွှင်ပြုံးနိုင်မယ့် တနေ့ကို မကြာမီရောက်လာမှာ မလွဲသေချာပါပဲ။
အရေးအကြီးဆုံးက တာဝန်သိတဲ့ပြည်သူတိုင်း ကိုယ့်အခန်းကဏ္ဍကို တာဝန်ယူပြီး အခုချိန်မှာ ညီညီညာညာ အလုပ်လုပ်ကြဖို့ပဲ ဖြစ်ပါတယ်။
“ညံ့တဲ့စစ်သားမရှိ၊ ညံ့တဲ့စစ်ဗိုလ်သာရှိတယ်” လို့ ဆိုရိုးစကားရှိပါတယ်။ ကျနော်တို့ ပြည်သူများဟာ အလွန်တော်တဲ့ ပြည်သူများဖြစ်တယ်ဆိုတာ ဘယ်သူမှ အငြင်းမပွားကြပါ။ တခါတုန်းက ဗြိတိသျှဘုရင်ခံက “အိန္ဒိယတွင် ခေါင်းဆောင်ကောင်းပေါများ၍ နောက်လိုက်ကောင်း နည်းပါးသည်။ ဗမာပြည်တွင် ခေါင်းဆောင်ကောင်းရှား၍ နောက်လိုက်ကောင်းပေါသည်” လို့ မှတ်ချက်ပေးခဲ့ဖူးပါတယ်။
ကျနော်တို့မှာ မျိုးဆက်သစ် ခေါင်းဆောင်ကောင်းများ အညွန့်ပြူထွက်နေကြပါသည်။ ကွန်ရက်များမှတဆင့် သူတို့ကို နေရာပေး မြှင့်တင်ပေးဖို့ လိုပါသည်။ လူကြီးများက ဘုတ်ထိုင် ထိုင်မနေကြဘဲ လူငယ်များကို ဝန်းရံ၊ ပံ့ပိုး၊ နေရာပေးကြဖို့ အချိန်ကျရောက်ပါပြီခင်ဗျား။
ကောင်းမွန်တဲ့ သုံးသပ်မှုတခုပါ။
ReplyDeleteတခါတလေကျရင် ကျွန်တော်တန်ခိုးရှင်သာဖြစ်လိုက်ချင်တယ်။ ကိုယ့်နိုင်ငံကို တခြားနိုင်ငံတွေလို နေ့ချင်းညချင်း ဖန်ဆင်းလိုက်ချင်ရဲ့ဗျာ။
Totally Agree that.
ReplyDeleteတကယ်မှန်ပါတယ်။အမေစုရဲ့ကျန်းမာတုန်းမှာလုပ်သင့်တာတွေကိုရဲရဲဝန့်ဝန့်လုပ်ချိန်ရောက်ပါပြီ။ ။ ။နောင်မှနောင်တရမှာကိုလည်းစဉ်းစားချိန်ပေးကြပါ။ခင်မင်လေးစားလျှက်ကေပီသရီးမိသားစု
ReplyDeleteဆောင်းပါးရှင်သုံးသပ်ချက်များသည် အလွန်မှန်ကန်ပါသည်။ နည်းလမ်းလည်းကျပါသည်။ ကျနော်တို့ လည်း ဒီကိစ္စကို အမြဲတမ်းဆွေးနွေးပြစ်ကြပါသည်။ သို့ သော် ပြင်ပက အမတ်ဆိုသူများ၊ နိုင်ငံရေးခေါင်းဆောင်ဆိုသူများကို ထည့်မတွက်စေလိုတော့ပါ။ ထိုသူများသည် ငွေကြေးနောက်ကို လိုက်ကြခြင်း၊ မိန်းမပျက်များ နှင့်သာအချိန်ကုန်ခြင်း၊ မူးရူးနေကြခြင်းဖြင့်သာ အချန်ကုန်လျှက်
ReplyDelete်ရှိနေပါသည်။ ပြည်သူတယောက်အနေနဲ့  ဘယ်သူ့ ကို ယုံကြည်အားကိုးရမှန်း မသိတော့ပါ။ ပြည်တွင်းက နိုင်ငံရေးခေါင်းဆောင်များကိုတော့ အရမ်းလေးစားမိပါသည်။ ယုံကြည်ပါသည်။ သူတို့ ဘ၀တွေအကြောင်းကြားရတိုင်း ၀မ်းနည်းမိခဲ့ရပါသည်။ တခုကတော့ ဒီနေ့  ဒေါ်အောင်ဆန်းစုကြည် ဦးတင်းဦး၊ ဦးဝင်းတင်တို့ အပြင်တွင်ရှိနေကြလျှင် မြန်မာ့နိုင်ငံရေးလည်း ရှိနေပြီး၊ ထိုခေါင်းဆောင်များ ဖမ်းဆီးခံရသည်နှင့်တပြိုင်နက် မြန်မာ့ဒီမိုကရေစီလမ်းကြောင်းသည်လည်း ရပ်တန့် သွားပါတော့သည်။
ှထိုပုံစံဖြင့် ခေါင်းဆောင်များကို အစိုးရက ဖမ်းဆီးလိုက် နိုင်ငံရေးက ရပ်သွားလိုက်၊ ခေါင်းဆောင်များကို လွတ်ပေးလိုက် နိုင်ငံရေးက ပြန်လှုပ်လာလိုက်နဲ့  ဒီနေထိဆိုရင် နှစ်ပေါင်း (နှစ်ဆယ်)ကျော်လာခဲ့
ပါပြီ။ လိုက်တမ်းပြေးတမ်းကစား နေသလိုဖြစ်နေပါတယ်။ ဘာမှအကြောင်းမထူးသေးပါဘူး။ ကျနော်ပြောတာက ကျနော်တို့ နိုင်ငံကောင်းစားစေချင်တဲ့စိတ်နဲ့ ပြောခြင်းဖြစ်ပါတယ်။ တစုံတရာမှားယွင်းခဲ့မယ်ဆိုရင်တော့ ကျနော့်ရဲ အပြစ်လို့ ပဲ မှတ်ယူပါမယ်။
တိုတို နဲ့  လို ရင်း က တော့ သဘော တွေ့  တယ် ခေါင်း ဆောင် ရှား တယ် နောက် လိုက် အား ကောင်း တယ် ဆို တာ ပါ ဘဲ၊ ဗမာ တွေ က မညံ ပါ ဘူး ဆို တာ မှန် တယ်
ReplyDeleteလို ရင်း တို ရှင်း က တော့ ခေါင်း ဆောင် မှု က ရှား တယ် နောက် လိုက် အား ကောင်း ကြ တယ် ပြည်သူ ဗမာ တွေ က မညံ ဘူး ဆို တာ အား လုံး အသိ။
ReplyDeleteကိုဗမာကြီးရေးတာကို တယောက်ယောက်က ပို့ထားသောကြောင့် မေးလ်မှာရလို့ ဖတ်ပြီးသားဖြစ်ပါတယ်... အခုလည်း ဘလော့မှာ လာခြေရာပေးထားလို့ လာကြည့်ရင်း ဒီစာပဲဖြစ်လို့ တခုခုတော့ ရေးခဲ့ချင်စိတ် ဖြစ်မိပါတယ်..။
ReplyDeleteစာရေးသူ ပြောသလိုပဲ အကျိုးစီးပွားတွေနဲ့ပဲ လူတွေဟာ ရှင်သန်နေထိုင်နေကြတာပါ... အထူးသဖြင့် နိုင်ငံရေး မတည်ငြိမ်တဲ့ ကျွန်မတို့ နိုင်ငံမှာ ကိုယ်ကျိုးစီးပွားအတွက် ခေတ်ပျက်တုန်းပဲ ဆိုဆို အချိန်ရှိတုန်းပဲဆိုဆို အလုအယက် အပြေးအလွား လုပ်ကြ (နေ) ရပါတယ်...စစ်တပ်ထဲက စစ်သားမှသည် စစ်ဗိုလ်ချုပ်ကြီးများအထိ... ဒီမိုကရေစီလိုချင်သည် ဆိုသော..အတိုက်အခံများမှသည် စီးပွားရေးသမား ... သာမာန် ပြည်သားများအထိ ထိုနည်းလည်းကောင်းပါပဲ... ။ ဒါကြောင့် ကိုယ်ကျိုးစီးပွားတွေ ရှာချင်းတွင် တရားခြင်းနှင့် ရေရှည် တည်တံ့ဖို့...က အရေးကြီးတာကြောင့် ကိုဗမာပြောတဲ့ ပျက်ဆီးနေတဲ့ အုပ်ချုပ်မှုတွေကို အဆင့်ဆင့် ပြောင်းလဲဖို့ လိုပါတယ်...။
် နိုင်ငံရေးသမားများ..အုပ်ချုပ်သူများကို အပြစ်တွေ မြင်အောင် ကြည့်သည့်အခါတွေ့ပါသည်...ပြောကြပါသည်... ဆိုလိုသည်က ဖြစ်စေချင်သော အခြေအနေကောင်း တခုမရောက်သေးသည့်အချိန်တွင် ဖြစ်လေ့ရှိသော အားမရမှု အလိုမကျမှု မကျေနပ်မှု များ ဟု ဆိုရမည်ဖြစ်ပါသည်..။ (နိုင်ငံရေးသမားဟု ဆိုကာ အနစ်နာမခံ.. ငါသိ ငါတက်..ငါကောင်းစားရေး လုပ်နေသည်ကို မြင် ကြား သည့်အခါ ခံစားရသည့် ဒေါသဖြစ်ရခြင်းသည်လည်း အပါအဝင်... ..။ )
မြန်မာပြည်တွင် ဒီမိုကရေစီကို ထိပ်မှ စပြောင်း၍ ရနိုင်မည့် အလားအလာ မရှိဟု မြင်မိပါသည်..။ ထို့ကြောင့် ကျွန်မတို့အတိုက်အခံ ဒီမိုကရေစီ ကိုထောက်ခံသူများနှင့် ရန်ဖြစ်လေ့ရှိသော နအဖ စစ်သား (ဗိုလ်) များနှင့်လည်း စကားတွေ အများကြီးပြောကြမည်..ဆွေးနွေးကြမည်... အတိုက်အခံဟု ပြောသော်လည်း လုပ်ဟန်အရ မှားနေသည့် ( အာဏာရှင်ပုံစံ) ဖြစ်နေသည့် အပြောင်းအလဲ လိုချင်သူများနှင့်လည်း အပြုသဘောဆွေးနွေးကြမည်... တက်သစ်စ လူငယ်နှင့် ယခင်က မျိုးဆက် အဟောင်းများ၏ ညဏ်ရည်ညဏ်သွေး ပြည့်ဝသည့် ဦးဆောင်မှုကိုလည်း နားထောင်ချင်သည်...ဝိုင်းစဉ်းစားကြမည်..။ အလုပ်တူတွဲ လုပ်ကြမည်..။ စစ်အစိုးရ၏ နှစ်ပေါင်းများစွာ အတွေ့အကြုံအရ စစ်တပ်ထဲမှ လူကြီးမင်းများ၏ အယူအဆ သဘောထားများကိုလည်း နားထောင်ကြမည်..။
ထို့အပြင် နိုင်ငံရေး ကို စိတ်မဝင်စားသော်လည်း အခါအားလျှော်စွာ ဝင်ရောက်ထောက်ပြပြောဆိုတက်သည့် တကယ့် ပညာ တက် များ၏ စေတနာစကားနဲ့ နည်းနားများကိုလည်း နားထောင်ကြမည်...နိုင်ငံရေးသမားဟောင်းများ၏ အကြံညဏ်များကိုလည်း ထည့်သွင်းစဉ်းစားကြမည်.. လူလူသူသူ လေးစားရသည့် ကိုကျော်သူလို စေတနာရှင် အနုပညာရှင်...အစရှိသည့် လူပေါင်းများစွာ၏ ... အမြင်များအတွေးများကိုလည်း အလေးထားခြင်းဖြင့် ကျွန်မတို့ တခုခု လုပ်ကြရမည်..ဟု ထင်ပါသည်။ ပြိုင်တူတွန်းလျှင် ရွေ့မည်ဟု ယုံကြည်ပါသည်..။
တိုက်ပွဲများ မအောင်မြင်သည့်အခါ အားနည်းချက်များကို ပိုမြင်တက်လာခြင်းမှာ ဓမ္မတာဟု လက်ခံပါသည်..။
မြန်မာပြည်တွင် အဖက်ဖက်မှ ပျက်ဆီးနေသော် အခြေအနေဆိုးများကိုလည်း မြင်နေပါသော်ကြောင့် လူတဦး လူတစုဆိုသည်ထက်... အားလုံး အားလုံး ဝိုင်းဝန်းပါနိုင်သည့် အခြေအနေသို့ အချိန်ယူကာ ယခုမှလုပ်ဆောင်လျှင် နောင်လာမည့် ၁၀ နှစ်တွင် မြန်မာပြည်သည် တခုခု ပြောင်းလဲလာမည်ဟု ယုံကြည်ပါကြောင်း ။ ....ထိုအခါတွင် အလုပ်လုပ်ရင်း ခေါင်းဆောင်ကောင်း များသည်လည်း အလိုအလျောက် ပေါ်ထွက်လာမည်ဟု အထင်ရှိပါကြောင်း အမြင်ကို ရေးပါသည်...။
အချိန်နဲနဲ ဆင်းရဲ ( မအား) ပါသောကြောင့် အတိုချုပ်ရေးပါသည်..အကယ်၍ စာရေးသည့်မူရင်းဆောင်းပါရှင် နှင့် အခြား အကျယ်ဆွေးနွေးလိုသူများ ရှိပါကလည်း အမြင်များကို ဆက်ဆွေးနွေးချင်ပါသေးသည်..။
မဗေဒါ (၈၈)
့http://mabaydar88.blogspot.com
တော်တော်ညံ့သေးတဲ့ အတွေးအခေါ်တစ်ခုပါ။ ဆွေးနွေးခွင့်၊ စကားပြောခွင့်တွေက ဘယ်မှာများ ရဖူးလို့လဲဗျ။ ၈၈ ဆိုတာ မထဲ့ပါနဲ့ဗျာ။ ခင်ဗျားကြောင့် ၈၈ နံမည် ပျက်မယ်။
ReplyDelete(မြန်မာပြည်တွင် ဒီမိုကရေစီကို ထိပ်မှ စပြောင်း၍ ရနိုင်မည့် အလားအလာ မရှိဟု မြင်မိပါသည်..။ ထို့ကြောင့် ကျွန်မတို့အတိုက်အခံ ဒီမိုကရေစီ ကိုထောက်ခံသူများနှင့် ရန်ဖြစ်လေ့ရှိသော နအဖ စစ်သား (ဗိုလ်) များနှင့်လည်း စကားတွေ အများကြီးပြောကြမည်..ဆွေးနွေးကြမည်... )