အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ လုပ်တဲ့ အာဆီယံ ထိပ်သီး အစည်းအဝေးပွဲတော့ ပြီးသွားပါပြီ။ အာဆီယံနိုင်ငံတွေအတွင်း တခြားအရေးကြီး ကိစ္စတွေထက် ထိုင်း-ကမ္ဘောဒီးယား နယ်စပ် ပြဿနာနဲ့ မြန်မာကို အာဆီယံ ဥက္ကဋ္ဌ ထိုင်ခုံ ပေးရေး မပေးရေးက လွှမ်းမိုးနေပါတယ်။ မေလ ၇ ရက်နဲ့ ၈ ရက်နေ့ နှစ်ရက်ကြာ အစည်းအဝေးဟာလည်း ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပြဿနာနဲ့ မြန်မာ အာဆီယံ ဥက္ကဋ္ဌ ရာထူး ဆုံးဖြတ်ရေးကို ရေရေရာရာ မရှင်းနိုင်ကြဘဲ အဆုံးသတ်လိုက်ရပါတယ်။
ဦးသိန်းစိန် အစိုးရသစ်က ၂၀၁၄ မှာ အာဆီယံ ထိုင်ခုံ ယူရေး မယူရေးကို “မူအရ သဘောတူသည်” ဆိုပြီး စကားလုံးလှလှနဲ့ ချွေးသိပ်ထားပါတယ်။ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးနဲ့ အဖွဲ့ဟာ မြန်မာ အာဆီယံ ထိုင်ခုံ တက်ထိုင်သင့် မထိုင်သင့် မြန်မာနိုင်ငံကို လာရောက် လေ့လာဖို့လည်း အစီအစဉ်ရှိပါတယ်။
အာဆီယံ လွှတ်တော် အမတ်များ အဖွဲ့ကတော့ မြန်မာနိုင်ငံကို အာဆီယံဥက္ကဋ္ဌ အလှည့်ပေးလိုက်ရင် နိုင်ငံတကာနဲ့ အာဆီယံ ဆက်ဆံရေး ယုံကြည်မှု ပျက်ပြားစေလိမ့်မယ်လို့ ထောက်ပြထားပါတယ်။ အာဆီယံ ဥက္ကဋ္ဌ ရာထူး မြန်မာယူမှာကို ဆွေးနွေးပွဲမှာ စင်ကာပူက ကန့်ကွက်တယ်ဆိုပြီး The Nation သတင်းစာကလည်း ရေးပါတယ်။
အားလုံးက မျှော်လင့်သလို အာဆီယံ ထိပ်သီးဆွေးနွေးပွဲ မသွားခင် အပြလှအောင် နိုင်ငံရေအကျဉ်းသားတချို့ကို ဦးသိန်းစိန်က လွှတ်ပေးမယ် ထင်ကြေးရှိခဲ့ပေမယ့် တက်တက်စင် လွဲခဲ့ပါတယ်။ အာဆီယံနိုင်ငံ တချို့ရဲ့ မြန်မာ အစိုးရသစ်အပေါ် မယုံကြည်မှုကလည်း မလွန်ပါဘူး။
အာဆီယံ-ဥရောပသမဂ္ဂ စီးပွားရေး ဆွေးနွေးပွဲမှာလည်း ပထမဆုံးအဖြစ် တက်ရောက်တဲ့ မြန်မာနိုင်ငံက စီးပွားရေး သမားတွေဟာ အင်တင်တင်နဲ့ လာတက်ရတဲ့ ဥရောပသမဂ္ဂထဲက စီးပွားရေးသမားတွေကို မဆွဲဆောင်နိုင်ခဲ့ပါဘူး။ မြန်မာစီးပွားရးသမားတွေက ထားဝယ်ဆိပ်ကမ်း စီမံကိန်းနဲ့ ဆွဲဆောင်ခဲ့တာပါ။ ဒါပေမယ့် နိုင်ငံရေးနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ပြဿနာရှိတဲ့ မြန်မာနိုင်ငံအနေနဲ့ ကောင်းကောင်း ဆွဲဆောင်နိုင်ဖို့ ခက်ခဲ့ပါတယ်။
အာဆီယံ လူထုကိုယ်စားပြု ကိုယ်စားလှယ် ရွေးချယ်ရေးမှာလည်း မြန်မာ နိုင်ငံကြောင့် ပြဿနာ တစီစီပါ။ မြန်မာဘက်က လူထုကိုယ်စားပြု ကိုယ်စားလှယ်က နှစ်ဖွဲ့ဖြစ်နေပါတယ်။ ဦးသိန်းစိန်တို့ ရွေးချယ် ခေါ်ယူလာတဲ့ တဖွဲ့နဲ့ ပြည်ပ အတိုက်အခံများက ရွေးချယ်စေလွှတ်တဲ့ တဖွဲ့တို့ပါ။ သမ္မတ ဦးသိန်းစိန် အကြံပေးတဖြစ်လဲ ရဲမှူးကြီးဟောင်း စစ်အေးက လူထုကိုယ်စားပြု ကိုယ်စားလှယ် ဖြစ်လာလို့ တက်ရောက်သူတွေ ပွက်ပွက်ညံ ကန့်ကွက်ကြပါတယ်။ (အစိုးရလွှတ်တဲ့ ကိုယ်စားလှယ် အဖွဲ့ထဲမှာ သမ္မတ အကြံပေးတွေ ဖြစ်တဲ့ ဒေါက်တာနေဇင်လတ်နဲ့ ဦးကိုကိုလှိုင်လို့ ပါလာပါတယ်။ သူတို့ကတော့ ပွဲကာလအတွင်းမှာ ဆောင်းပါးရှင်၊ ဂျာနယ်လစ်တွေ ဖြစ်ကြောင်း၊ အစိုးရ လက်ကိုင်တွေ မဟုတ်ကြောင်း ဟောင်ဖွာဟောင်ဖွာ ပြောနေကြောင်း သိရပါတယ်။)
တခုလုံး သဘောအရ ၂၀၁၅ မှာ အာဆီယံဟာ ဥရောပသမဂ္ဂလို အားကောင်းတဲ့ နိုင်ငံပေါင်းစု အဖွဲ့ဖြစ်အောင် လုပ်မယ် ဆိုပေမယ့် အခု ဒေသတွင်း ပြဿနာဖြစ်တဲ့ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ကိစ္စနဲ့ ဆွမ်းဆန်ထဲက ကြွက်ချေးဖြစ်နေတဲ့ မြန်မာနိုင်ငံကိစ္စကို မကိုင်တွယ်နိုင်ခြင်းဟာ အာဆီယံရဲ့ ခိုင်မာမှုနဲ့ ရေရှည်တည်မြဲမှုကို ထိခိုက်စေပါတယ်။
မြန်မာနိုင်ငံက အာဆီယံ ဥက္ကဋ္ဌ အလှည့်ကျ ယူရမယ့် ၂၀၀၆ ခုနှစ်မှာ လူ့အခွင့်အရေးချိုးဖောက်မှု၊ နိုင်ငံတကာ ဖိအားတွေကြောင့် အလှည့်ကျော် ပေးခဲ့ပါတယ်။ မြန်မာက ထပ်ပြီး အလှည့်ကျ ယူရမှာက ၂၀၁၆ ပါ။ ၂၀၁၄ က လာအိုက ယူရမှာပါ။ ဒါပေမယ့် လာအိုအစား မြန်မာက အလှည့်ယူဖို့ အဆိုပြုတာဖြစ်ပါတယ်။
ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရအနေနဲ့ ပထမဆုံး ဒေသတွင်း သွေးတိုးစမ်းပွဲမှာ စိန်ခေါ်မှုတွေကို ကောင်းကောင်း မြင်သွားပါပြီ။ အပြောလောက်၊ ဟန်ပြလောက်နဲ့ဆိုရင် နိုင်ငံတကာ မပြောနဲ့ အာဆီယံထဲ ခြေလှမ်းကျယ်လို့တောင် ရမှာ မဟုတ်ပါဘူး။ ဦးသိန်းစိန် ညွတ်နေအောင် ပြောထားတဲ့ မိန်းခွန်းတွေထဲကအတိုင်း တကယ် လုပ်ပြရတော့မှာ ဖြစ်ပါတယ်။
အာဆီယံဝန်ကိုတောင် ထမ်းနိုင်ငံဖို့ ဒေသတွင်းနိုင်ငံတွေက မယုံကြည်သေးဘူးဆိုတာတော့ ဒီထိပ်သီးဆွေးနွေးပွဲ ရလဒ်ကနေ ကောက်ချက်ဆွဲနိုင်ပါတယ်။ နောက်တလှည့် ၂၀၁၆ ဆိုရင်တော့ မြန်မာနိုင်ငံမှာ အစိုးရ သက်တမ်းတခု အပြောင်းအလဲ ရှိမလား၊ မရှိဘဲ စစ်အစိုးရကနေ အသွင်ပြောင်းတဲ့ မြန်မာအစိုးရဟာ ဒေသတွင်းနဲ့ နိုင်ငံတကာ အသိအမှတ်ပြုမှုကို ဘယ်လို ကြိုးစားမလဲဆိုတာ စိတ်ဝင်စားစရာ ဖြစ်ပါတယ်။
ကိုခက်
No comments:
Post a Comment