Pages

Thursday, May 19, 2011

ခမာနီ အကျဉ်းစခန်းမှ မြန်မာစစ်တပ်ဆီသို့

“မြန်မာစစ်သား” ရုပ်ရှင်ဇာတ်ကားသည် မော်တာကျည် ထိမှန်သဖြင့် ခြေတဘက်၊ လက်တဘက် စွန့်လွှတ်ခဲ့ရသော မြန်မာ စစ်သားဟောင်း တဦးဘဝမှ ဒီမိုကရေစီအရေး လှုပ်ရှားတက်ကြွသူအဖြစ် ပြောင်းလဲလာခဲ့သည့် ကိုမျိုးမြင့်၏ ဘ၀ဖြစ်စဉ် မှတ်တမ်းတင်ကား တကားဖြစ်သည်။ ထိုရုပ်ရှင်ကားအား ၂၀၁၁ ခုနှစ် ဘရစ်တန် ရုပ်ရှင်ပွဲတော်တွင် ပြသခဲ့ပြီးဖြစ်သည်။ မြန်မာစစ်သား မှတ်တမ်းရုပ်ရှင်ကားကို ရိုက်ကူးခဲ့သူ အသစ်စက်စက် ရုပ်ရှင်ဒါရိုက်တာ နစ်ခ်ဒန်းလော့အား ဧရာဝတီမှ တွေ့ဆုံမေးမြန်း ဆွေးနွေးခဲ့ပါသည်။ ဒန်းလော့သည် ဘန်ကောက်အခြေစိုက် ဓာတ်ပုံဆရာ၊ စာရေးဆရာတဦးလည်း ဖြစ်သည်။

မေး ။ ။ ခင်ဗျားက ဓာတ်ပုံဆရာလည်းဖြစ်တဲ့အပြင် ၂၀၀၅ ခုနှစ်တုန်းက ခမာနီအကျဉ်းစခန်းခေါင်းဆောင် ဒူ့ခ်ျအကြောင်း စာအုပ်ကိုပါ ရေးသား ထုတ်ဝေခဲ့တယ်။ အခုတခါထပ်ပြီး ကိုမျိုးမြင့်ရဲ့ ဘ၀ဇာတ်စုံကို မှတ်တမ်းတင်ရုပ်ရှင်တကား ရိုက်ပြီးသွားပြန်ပြီ။ အဲဒီလုပ်ငန်း နှစ်ခုနဲ့ ပတ်သက်လို့ ခင်ဗျားဘာကို စဉ်းစားမိသလဲ။ ပထမက စာအုပ်၊ ဒုတိယက ရုပ်ရှင်... အဲဒီလိုမတူညီတဲ့ မီဒီယာ ပုံစံနှစ်ခုကို ခင်ဗျားဘာကြောင့် ရွေးချယ်ခဲ့သလဲ။

ဖြေ။ ။ ကျနော်က တခြားလူတွေအကြောင်း အမြဲတမ်း စိတ်ဝင်စားသလို၊ ယေဘုယျအမြင်၊ ယူဆချက်တွေကို ကျော်ကြည့်ဖို့လည်း အမြဲ စိတ်အားထက်သန် ခဲ့ပါတယ်။ မြန်မာစစ်တပ်ကလည်း ခမာနီတွေလိုပါပဲ။ အားလုံးရဲ့ ဝေဖန်မှုကို ခံနေရတော့ သူတို့ဘာလဲ ဆိုတာကို နားလည်ဖို့ အခွင့်အလမ်းက တော်တော် နည်းလာတယ်။ ကျနော်ယုံကြည်တာက ဘာလဲဆိုတော့ ကျနော်တို့ အပြောင်းအလဲ တွေကို တကယ်တမ်းလိုချင်တယ် ဆိုရင် သူတို့ရဲ့ ဘ၀တွေထဲကို ၀င်ကြည့်ဖို့လိုမယ်ဆိုတဲ့ အချက်ပါပဲ။ ဂုဏ်သိက္ခာပိုင်းအရ ရှုံ့ချ နေတာတခုတည်း နဲ့တော့ သူတို့တွေ အပြောင်းအလဲ လုပ်လာမှာ မဟုတ်ဘူး။ ပြီးတော့ ကျူးလွန်သူတွေဆိုတာ 'သူတို့တွေကြောင့်' လို့ပဲ အမြဲတမ်း စဉ်းစားတတ်ပြီး ဘယ်တော့မှာ 'ငါတို့ကြောင့်' လို့ မထင်တက်ဘူး။ လူတွေသိပ် စိတ်မ၀င်စားတဲ့ ကမ္ဘာတခု အကြောင်းကို ကျနော်တဖြည်းဖြည်း စ စိတ်ဝင်စားလာခဲ့တယ်။ ဒူ့ခ်ျအကြောင်း စာအုပ်ရေးဖို့ စဉ်းစားတုန်းကလည်း ကျနော့်အတွက်တော့ အဲဒီ စာအုပ်ကိုရေးဖို့ အဓိပ္ပာယ်ရှိခဲ့ပါတယ်။

အဖြစ်အပျက် တော်တော်များများက ဖြစ်ခဲ့ပြီးသားတွေပါ။ စာအုပ်က လေးလေးနက်နက် စဉ်းစားစရာ စာအုပ်တအုပ်ပါ။ အခု ရိုက်ကူးပြီးစီးသွားတဲ့ "မြန်မာစစ်သား" ရုပ်ရှင်လိုပါပဲ။ စာသားနဲ့ ဖေါ်ပြလို့မရတဲ့ ဇာတ်အိမ်တွေကို ရုပ်ရှင်က ဖေါ်ပြနိုင်တယ်။ ဒါပေမယ့် "မြန်မာစစ်သား" ရုပ်ရှင်က ကျနော့်အတွေ့အကြုံကနေ ထွက်လာတဲ့ အရာတခုပါ။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအချိန်က ကျနော် မြန်မာပြည်နဲ့ ပတ်သက်လို့ ဓာတ်ပုံစာအုပ်တအုပ် ထုတ်ဖို့ ကြိုးစားနေတဲ့ အချိန်။ Julie LeBrocquy က "မင်း ရုပ်ရှင်ရိုက်ချင်တယ်ဆိုရင်တော့ ငါ ကူညီကောင်းကူညီနိုင်တယ်" လို့ ပြောတယ်။ အဲဒါနဲ့ပဲ လုပ်ဖြစ်လိုက်တာပဲ။



မေး။ ။ လွန်ခဲ့တဲ့ ၁၁ နှစ်က ဒူ့ခ်ျကို ခင်ဗျား တောနင်း ရှာခဲ့တယ်။ အခုဆို သူ တရားတဘောင် ရင်ဆိုင်နေ ရပြီ။ ဒူ့ခ်ျနဲ့ ယှဉ်ပြီး ပြောမယ်ဆိုရင် ခင်ဗျား ကိုမျိုးမြင့်ကို ဘယ်လိုရှာတွေ့ခဲ့တာလဲ။ သူ့ကို စတွေ့တော့ ခင်ဗျားရဲ့ စိတ်ကူးက ဘာလဲ။ ဒီရုပ်ရှင်ရဲ့ မူလ ဇစ်မြစ်လေး အကြောင်း နည်းနည်းပြောပြပါလား။

ဖြေ။ ။ ကိုဘိုကြည်က ကျနော့်ကို ကိုမျိုးမြင့်နဲ့ မဲဆောက် အေအေပီပီရုံး (နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း) မှာ မိတ်ဆက်ပေးခဲ့တယ်။ "တယောက်ယောက်က သူ့အကြောင်း ရုပ်ရှင်ရိုက်သင့်တယ်" လို့ ကိုဘိုကြည်ပြောတာ ကျနော် အမှတ်ရ နေတယ်။ ကျနော်ချက်ချင်းပဲ ကိုမျိုးမြင့်ကို သဘောကျသွားတယ်။ ဒီလူမှာ ဆွဲဆောင်မှု ဥပဓိရုပ်ရှိတယ်။ ကိုဘိုကြည်ပြောတဲ့ စကားကလည်း ကျနော့်စိတ်ထဲမှာ စွဲနေတယ်။ အဲဒီအချိန် ဂျူလီက ရုပ်ရှင်ကားအကြောင်း ကျနော့်ကို ပြောတာနဲ့ ကျနော်ချက်ချင်းပဲ ဒီလူ့ကို သွားသတိရတယ်။ စစ်တပ်နဲ့ပတ်သက်ပြီး လူသိလည်းနည်းတော့ သူ့အတွေ့အကြုံကို ပြောပြဖို့ သူကလည်း အားတက်သရောပါပဲ။

မေး။ ။ ဒီရုပ်ရှင်က လူတဦးတယောက်ရဲ့ဘ၀ဇာတ်ကြောင်းကို အခြေခံတယ်ဆိုပေမယ့် တိုင်းပြည်တခုရဲ့ အကြောင်း၊ အဲဒီတိုင်းပြည်က စစ်တပ်တခုရဲ့ အကြောင်းလို ဖြစ်နေတယ်။ ခင်ဗျား နေပြည်တော်ကိုသွားပြီး တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား ဓာတ်ပုံတွေ ရိုက်ခဲ့တယ်လိုသိရပါတယ်။ ခင်ဗျားအမြင် ခမာနီတွေနဲ့ မြန်မာစစ်တပ်အကြား ဘာတွေတူတာရှိပြီး ဘာတွေ ကွာခြားတာ ရှိပါသလဲ။

ဖြေ။ ။ စစ်ရေးပြတပ်ဖွဲ့တွေ ရှေ့တည့်တည့်နေရာမှာ ကျနော် ၂ ရက်တိတိ နေပြီး ဓာတ်ပုံရိုက် ယူခဲ့ပါတယ်။ စစ်သားတွေက သာမန် လူသားတွေပါပဲ။ ကျနော်တို့ ကြားနေတဲ့ ကလေးစားတဲ့ လူဆိုးတွေတော့ မဟုတ်ပါဘူး။ ဆိုလိုတာက အဲဒီအချက်နဲ့တော့ သူတို့ လူ့ အခွင့်အရေး ချိုးဖောက်မှုတွေ မကျူးလွန်ဘူးလို့ မဆိုလိုပါဘူး။ သူတို့တွေ ကျူးလွန်ထားတယ်ဆိုတာ ကျနော်တို့ အားလုံးသိတယ်။ သူတို့ဟာ လူသားတွေဖြစ်တယ်။ တန်းဖြုတ်ချိန်ကို သူတို့လိုချင်တယ်။ တန်းဖြုတ်ရင် သူတို့ပျော်တယ်။ စစ်သားတွေကို ဓာတ်ပုံရိုက်ရင်း ကျနော် ခမာနီတပ်ဖွဲ့ ရဲဘော်တွေကို သွားအမှတ်ရတယ်။ သူတို့တွေ ပုံစံက သာမန် တောင်သူလယ်သမားတွေ ပုံပဲ။

မေး။ ။ ရုပ်ရှင်ထဲမှာ တိုင်းရင်းသားဒေသတွေက စစ်မြေပြင်မှာ မြန်မာစစ်သားတွေက ရွာသားတွေကို ရက်ရက်စက်စက် အနိုင်ကျင့်တဲ့ ပုံ တချို့ကိုတွေ့ရတယ်။ အဲဒီရှင်ရှင် မှတ်တမ်းတွေ ဘယ်လိုလုပ်ရတာလဲ။

ဖြေ။ ။ သတင်းရင်းမြစ် များစွာကနေ ရတာပါ။ တချို့က အင်တာနက်က၊ တချို့ ကွယ်လွန်သူ ဆမ်ကလျာဏီ၊ အသံပိုင်း ဆိုင်ရာအတွက် ကျနော်တို့နဲ့အတူ ပူးတွဲလုပ်ဆောင်ခဲ့သူ ဆီကပါ၊ တချို့ကတော့ ကရင်ပြည်နယ် အတွင်းဘက်မှာ တပ်မတော်နဲ့ ပတ်သက်တဲ့ အလွန်ကောင်းတဲ့ ရုပ်ရှင်မှတ်တမ်းတွေ ရိုက်ကူထားတဲ့ ဖရီးဘားမားရိန်းဂျား အဖွဲ့ဆီကပါ။ ရိန်ဂျားဆေးမှူးတွေ သက်စွန့်ဆံဖျား ရိုက်ထားတဲ့ မှတ်တမ်းတွေပါ။ ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) လိုမျိုး မှတ်တမ်းရုပ်ရှင်တွေ လှူကြတဲ့ လူတွေ ရှိတာကြောင့်လည်း ကျနော်တို့ အများကြီး ကံကောင်းခဲ့ပါတယ်။

မေး။ ။ နယူယောက်တိုင်းမ်စ် သတင်းစာနဲ့ အင်တာဗျူးတခုမှာ မြန်မာပြည်ထဲကို ရုပ်ရှင်ခိုးသွင်းနိုင်ဖို့၊ ပရိတ်သတ်လက်ထဲ များများ ရောက်နိုင်ဖို့အတွက် အခုရုပ်ရှင်ကားကို "ခိုးကူးခွင့်" ကျယ်ကျယ်ပြန့်ပြန့် ပေးထားတယ်လို့ ခင်ဗျားပြောခဲ့တယ်။ အဲဒါက အလုပ် ဖြစ်ရဲ့လား။

ဖြေ။ ။ ဒါက ရိုးရိုးလေးပါ။ မြန်မာဘာသာ အပိုင်းကို အွန်လိုင်းပေါ် တင်လိုက်တယ်။ မြန်မာပြည်တွင်း ပြည်ပနဲ့ နယ်စပ် တလျှောက်မှာရှိတဲ့ လှုပ်ရှားတက်ကြွ သူတွေအတွက် DVD အများကြီး ကူးလိုက်တယ်။ အများစုက နယ်စပ်ကို ဖြတ်ပြီး ရန်ကုန် ရောက်သွားကြပြီ။ ကျနော်တို့ရုပ်ရှင်ကို ထပ်ဆင့်ကူးယူကြဖို့ မြန်မာပြည်သူတွေကို ကျနော်တို့က တိုက်တွန်းထားပါတယ်။ ဒါမှလည်း သူတို့သိထားတဲ့ သူတယောက်အပေါ် မတူခြားနားတဲ့ သမိုင်းဆိုင်ရာ အမြင်တခု ရရှိသွားမှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲမတိုင်ခင်နဲ့ ရွေးကောက်ပွဲအပြီးမှာ DVB က သူတို့ အင်တာနက်စာမျက်နှာမှာ ထုတ်လွှင့်ပြသခဲ့ပါတယ်။

မေး။ ။ အခုဆို ခင်ဗျားရဲ့ ရုပ်ရှင်ကားကို ရုပ်ရှင်ပွဲတော် များစွာမှာ ပြသပြီးပြီဖြစ်တဲ့အပြင် မကြားသေးခင်ကပဲ အမေရိကန် နိုင်ငံခြားရေး ဌာနမှာ ပြသခဲ့ပါသေးတယ်။ ဆိုတော့ နိုင်ငံတကာ ပရိတ်သတ်က ဒီရုပ်ရှင်ကို ကြည့်ပြီးတဲ့အချိန်မှာ ခင်ဗျားအနေနဲ့ ဘယ်လိုမျိုး ရလဒ်တွေကို မြင်တွေ့လိုက်ပါသလဲ။

ဖြေ။ ။ ကျနော်အပါအ၀င် ပါအန်နီရယ်၊ ရစ်ကီရယ်၊ ဂျူလီရယ် မျှော်လင့်ထားတာက ဒီရုပ်ရှင်ကနေတဆင့် စစ်တပ်အကြောင်း လူတွေ စဉ်းစားလာဖို့ ဖြစ်လာနိုင်တယ်။ မြန်မာ့အကျပ်အတည်းနဲ့ ပတ်သတ်တဲ့ ဆွေးနွေးမှုတွေမှာ နောက်ထပ် ကွဲပြားချက်တခု ထပ် ဖြည့်ဆည်း သွားနိုင်မယ်။ ဒီလောက်ပဲ ကျနော်တို့ မျှော်လင့်နိုင်မယ်လို့ထင်ပါတယ်။ နောက်တခုက ကိုမျိုးမြင့် ဘယ်သွားသွား ဒီရုပ်ရှင်ဟာ သူ့အတွက် ပလက်ဖောင်းတခု ဖြစ်လာလိမ့်မယ်လို့လည်း ကျနော်တို့ မျှော်လင့်ပါတယ်။ နောက်ဆုံးတော့ဗျာ ... ဒီရုပ်ရှင်က သူ့ရဲ့ သမိုင်း မှတ်တမ်းတခုပါပဲ။

မူရင်းအင်တာဗျူးကို ဒီမှာ ဖတ်နိုင်ပါတယ်။

2 comments:

  1. ကျနော်ယုံကြည်တာက ဘာလဲဆိုတော့ ကျနော်တို့ အပြောင်းအလဲ တွေကို တကယ်တမ်းလိုချင်တယ် ဆိုရင် သူတို့ရဲ့ ဘ၀တွေထဲကို ၀င်ကြည့်ဖို့လိုမယ်ဆိုတဲ့ အချက်ပါပဲ။ ဂုဏ်သိက္ခာပိုင်းအရ ရှုံ့ချ နေတာတခုတည်း နဲ့တော့ သူတို့တွေ အပြောင်းအလဲ လုပ်လာမှာ မဟုတ်ဘူး။ ဒီစာသားလေးကို သဘောကျတယ်ဗျ၊ သူပြောတာ မှန်တယ်။

    ReplyDelete
  2.်ကျမလဲ သူပြောသွားတဲ့ အဲဒီအချက်လေးကို အရမ်းသဘောကျတယ်။

    ReplyDelete