ဂျွန်လ ၂၀ ရက်နေ့ဟာ ကမ္ဘာ့ဒုက္ခသည်များနေ့ ဖြစ်ပါတယ်။
နိုင်ငံရေးမတည်ငြိမ်မှု၊ စစ်မက်ဘေးဒဏ်တွေ၊ ဖိနှိပ်မှုတွေနဲ့ တိုင်းပြည်တွင်း စီးပွားရေး ကြပ်တည်းမှုတွေကြောင့် မိမိနိုင်ငံထဲမှာ နေဖို့ မဖြစ်နိုင်သူတွေ၊ မိမိနိုင်ငံကနေ ထွက်ပြေးတိမ်းရှောင်လာရသူတွေရှိနေတယ်၊ ဒီလို ဒုက္ခသည်တွေရှိနေတာဟာ နိုင်ငံတွင်း၊ ဒေသတွင်း မတည်ငြိမ်မှု၊ ငြိမ်းချမ်းရေး မရှိမှုတွေကို ပြဆိုနေတယ်ဆိုတာကို ကမ္ဘာ့ခေါင်းဆောင်တွေ၊ နိုင်ငံတကာက ခေါင်းဆောင်တွေနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းက သတိပြုမိစေဖို့ ရည်ရွယ်ပြီး ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့က အဖွဲ့ရဲ့ နှစ် ၅၀ ပြည့်တဲ့ ၂၀၀၀ ပြည့်နှစ်မှာ သတ်မှတ်ခဲ့ပြီး ၂၀၀၁ ခုနှစ်မှာတော့ ကမ္ဘာအ၀ှမ်း အခမ်းအနားတွေ ကျင်းပခဲ့တာပါ။
နှစ်စဉ် ကမ္ဘာ့ဒုက္ခသည်များနေ့အတွက် ဆောင်ပုဒ် တခုစီ သတ်မှတ်လေ့ ရှိပါတယ်။ ဒီနှစ်အတွက် ဆောင်ပုဒ်ကတော့ “မျှော်လင့်ချက်မဲ့နေတဲ့ ဒုက္ခသည် တယောက်တည်းဆိုတာတောင် အင်မတန်များတဲ့ ဒုက္ခသည်အရေအတွက်ပါ” "One Refugee Without Hope is too Many." ဖြစ်ပါတယ်။
ကမ္ဘာ့နိုင်ငံအသီးသီးမှာ ရောက်နေတဲ့ မြန်မာဒုက္ခသည်တွေဟာ ကမ္ဘာ့ဒုက္ခသည်များနေ့ကို ပုံစံမျိုးစုံ ကျင်းပခဲ့ကြပါတယ်။
အိန္ဒိယနိုင်ငံ နယူးဒေလီမှာကတော့ ပြီးခဲ့တဲ့ ဂျွန်လ ၁၈ ရက်နေ့မှာ နယူးဒေလီ အခြေစိုက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နဲ့အတူ၊ နယူးဒေလီမှာရှိတဲ့ အာဖဂန်နစ္စတန်၊ ဆိုမာလီ၊ သီရိလင်္ကာ၊ မြန်မာ စတဲ့ ဒုက္ခသည်များဆိုင်ရာ အဖွဲ့အစည်းတွေက ရိုးရာကပွဲ၊ ဓာတ်ပုံပြပွဲ၊ ဟောပြောပွဲတွေ လုပ်ခဲ့ပါတယ်။
ဂျွန်လ ၂၀ ရက်နေ့ မနက်ခင်းမှာတော့ မြန်မာဒုက္ခသည် ၁ ထောင်ကျော်ဟာ ဂျန်တားမန်တားပန်းခြံမှာ သူတို့ခံစားနေရတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ လုံခြုံမှုမရှိမှုတွေကို ထုတ်ဖော်ဖို့ စီတန်းလမ်းလျှောက်ရင်း “ကျနော်တို့ကို ကိုယ်ချင်းစာပါ” “ခွဲခြားဆက်ဆံမှုတွေ ရပ်တန့်ပေးပါ” “ကျနော်တို့ကို ကာကွယ်မှုတွေပေးပါ” “လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရပ်တန့်ပေးပါ” “ကျနော်တို့ ဘ၀တွေကို ကိုယ်ချင်းစာပါ” စတာတွေကို ကြွေးကြော်ကြပါတယ်။
လက်ရှိဖြစ်နေတဲ့ ပြည်တွင်းစစ်တွေ ရပ်တန့်ပေးဖို့၊ သမတသစ် ဦးသိန်းစိန်ကို အိန္ဒိယနိုင်ငံဆီ မဖိတ်ခေါ်ဖို့ကိုလည်း တောင်းဆိုခဲ့ကြပါသေးတယ်။
ချီတက်လမ်းလျှောက်ကြတဲ့ မြန်မာဒုက္ခသည်တွေက သူတို့ခံစားနေရတဲ့ စားဝတ်နေရေး အခက်အခဲ၊ လုံခြုံရေး မရှိမှု၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကို လစ်လျူမရှုထားဖို့ အိန္ဒိယအစိုးရ၊ လက်ရှိအာဏာရနေတဲ့ ကွန်ဂရက်ပါတီ ဥက္ကဌ ဆိုနီယာ ဂန္တီနဲ့ UNHCR ရုံးတွေကို စာပေးပို့တောင်းဆိုခဲ့ကြပါတယ်။
လမ်းလျှောက်ဆန္ဒပြပွဲကို ဦးဆောင်သူတဦးဖြစ်တဲ့ ချင်းဒုက္ခသည်များအဖွဲ့တာဝန်ခံ ကိုစတီဗင်က “ဒုက္ခသည်တွေဟာ ဒေသခံနိုင်ငံသားတွေက ခွဲခြားဆက်ဆံတာ၊ ရိုက်နှက်စော်ကားတာတွေကို ခံနေကြရတယ်။ လုံခြုံမှုမရှိဘူး။ ဒါတွေကို UNHCR ကရော အိန္ဒိယအစိုးရကပါ သိစေချင်တယ်။ ဒီအတွက် ကူညီမှုတွေ ပေးစေချင်တယ်” လို့ ပြောပြပါတယ်။
မြန်မာနိုင်ငံသားဒုက္ခသည်တွေဟာ ဒေသခံ အိန္ဒိယတိုင်းသားတွေနဲ့ ရုပ်သွင်ကွဲပြားခြားနားမှုတွေ၊ နွမ်းပါးမှုတွေကြောင့် အိန္ဒိယနိုင်ငံရဲ့ ကျန်ရှိနေဆဲ ရှေးရိုးစွဲ ဇာတ်နိမ့်ဇာတ်မြင့် ခွဲခြားမှုရဲ့ သားကောင်တွေ ဖြစ်ရလေ့ရှိပါတယ်။
မြန်မာဒုက္ခသည်တွေဟာ စားဝတ်နေရေး ပြေလည်နိုင်ဖို့၊ ရရာအလုပ်တွေ လုပ်ကြရတဲ့အခါ အများစုက သန့်ရှင်းရေး၊ ပန်းရံ၊ ညစောင့် စတဲ့ အောက်ခြေသိမ်းအလုပ်တွေကိုပဲ လုပ်ကြရပြီး နေဖို့အတွက်ကလည်း အိမ်ငှားခ ဈေးနှုန်းချိုသာတဲ့ နယူးဒေလီ အစွန်အဖျားက ဆင်ခြေဖုံး ရပ်ကွက်တွေမှာပဲ နေထိုင်ကြရလေ့ ရှိပါတယ်။
ဗဟုသုတ ခေါင်းပါးတဲ့ ဒေသခံ အိန္ဒိယတိုင်းသား အိမ်နီးချင်းမြန်မာနိုင်ငံက မတည်ငြိမ်မှုတွေကို မသိနားမလည်တာတွေ၊ ဒုက္ခသည်ဆိုတဲ့ ဝေါဟာရရဲ့ အဓိပ္ပါယ်ကို နားမလည်တာတွေ၊ ဘာသာစကား ခြားနားချက်တွေကြောင့် ဒေသခံတွေနဲ့ မြန်မာဒုက္ခသည်တွေအကြား လူမှုရေးပြဿနာတွေ ဖြစ်ကြရပါတယ်။
မြန်မာဒုက္ခသည်တွေ ဟင်းချက်လို့ ငံပြာရည်နံ့၊ ငရုတ်သီးနံ့၊ အသားငါးနံ့တွေ ထွက်တဲ့အခါ ပတ်ဝန်းကျင်က အပုတ်အနံတွေစားတဲ့သူတွေဆိုပြီး အပြစ်တင်ရှုတ်ချတာ၊ သူတို့နား မနေဖို့ အတင်းအဓမ္မ မောင်းထုတ်တာတွေ ကြုံရလေ့ရှိသလို လုပ်ငန်းခွင်မှာလည်း ဖိနှိပ်မှုတွေအပြင် ရိုက်ပုတ်မှုတွေ၊ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုတွေကိုပါ ကြုံကြရပါတယ်။
လမ်းသွားလာရင် ယာဉ်မတော်တဆမှုတွေဖြစ်လို့ ထိခိုက်တာ၊ သေဆုံးတာတွေ ဖြစ်လာရင်တောင် သက်ဆိုင်ရာ အာဏာပိုင်တွေဆီက အကာအကွယ်ပေးမှုတစုံတရာ ရလေ့မရှိပါဘူး။
ဒါ့အပြင် စားဝတ်နေရေး ကြပ်တည်းမှုတွေ၊ ကျန်းမာရေး စောင့်ရှောက်မှု အပြည့်အ၀ မရတာတွေ၊ ကျောင်းနေအရွယ်ကလေးတွေ စာသင်ကြားခွင့် အပြည့်အ၀ မရတာတွေလည်း ရှိနေတယ်လို့ ဒုက္ခသည်တွေက ပြောကြပါတယ်။
အိန္ဒိယကိုရောက်လာတဲ့ ဒုက္ခသည်တွေမှာ ၈၀ ရာနှုန်းကျော်က ချင်းတိုင်းရင်းသားတွေဖြစ်ကြပါတယ်။ ကျန်တာကတော့ ကချင်၊ ရခိုင်နဲ့ ဗမာလူမျိုးတွေဖြစ်ကြပါတယ်။
တိုင်းပြည်တွင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့ စီးပွားရေး ကြပ်တည်းမှုတွေကြောင့် အိန္ဒိယနိုင်ငံကို ရောက်လာလို့ UNHCR က မှတ်ပုံလာတင်တဲ့ မြန်မာဒုက္ခသည်ဦးရေဟာ ၂၀၀၉ ခုနှစ်ကုန်တုန်းက ၂၉၅၂ ဦးပဲ ရှိခဲ့ပြီး လက်ရှိအခြေအနေမှာတော့ ၂ဆ တိုးလာတယ်လို့ UNHCR က ဆိုပါတယ်။
၂၀၁၀ နှစ်ကုန်ပိုင်းအထိ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံရပြီးသူ ၃၇၀၀ ကျော်ရှိပြီး ကျန်တဲ့ ၄၅၀၀ ကျော်ကတော့ အသိအမှတ်ပြုဖို့ စဉ်းစားဆဲ အဆင့်မှာရှိတယ်လို့ ဆိုပါတယ်။
နယူးဒေလီမှာ မြန်မာဒုက္ခသည် စုစုပေါင်း ၉၀၀၀ နီးပါး ရှိမယ်လို့ UNHCR က ခန့်မှန်းထားပါတယ်။
နယူးဒေလီအခြေစိုက် UNHCR အနေနဲ့ ဒုက္ခသည်တွေကို ကူညီနေတဲ့နေရာမှာ ဒုက္ခသည်အရေအတွက်နဲ့ ကူညီနိုင်မှုပမာဏ ကွာဟမှုတချို့ ရှိနေပေမယ့် ဒုက္ခသည်တွေကို အကာအကွယ်ပေးနိုင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားနေတဲ့အကြောင်း၊ UNHCR ကနေ တတိယနိုင်ငံတွေကို အခြေချနေထိုင်ဖို့ အစီအစဉ်တွေ လုပ်နေတဲ့နေရာမှာ ဒုက္ခသည်တွေရဲ့ အနေအထား၊ လက်ခံမယ့် နိုင်ငံရဲ့ အခြေအနေစတဲ့ ကန့်သတ်မှုတွေ ရှိနေတာကြောင့် တကမ္ဘာလုံးမှာရှိတဲ့ ဒုက္ခသည်ဦးရေထဲက ၁ ရာခိုင်နှုန်းကပဲ ဒီအစီအစဉ်နဲ့ တတိယနိုင်ငံတွေမှာ အခြေချနေခွင့်ရကြတယ်လို့ UNHCR ပြောရေးဆိုခွင့်ရှိသူက ဧရာဝတီကို ပြောပြပါတယ်။
No comments:
Post a Comment