(ပြီးခဲ့တဲ့ ပို့စ်မှာ ဒေါက်တာဦးမြင့်ရဲ့ ဆင်းရဲနွမ်းပါးမှု လျော့ကျရေး စာတမ်းအပေါ် Rudof ရဲ့ ဝေဖန်တဲ့ ပေးစာအား မဇ္ဈိမသတင်းဌာနက ဖော်ပြခဲ့တာကို ဒေါက်တာဦးမြင့်က ပြန်ရေးတဲ့စာ ဖော်ပြခဲ့ပါတယ်။ ဒေါက်တာဦးမြင့်က သူ့ရဲ့စာတမ်းမှာ ဘာတွေ ရေးသား အကြံပြုထားလည်းဆိုတာကို သိနိုင်ဖို့ စာမ်းအကျဉ်းချုပ်ကို ဖော်ပြလိုက်ပါတယ်။ မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်း အဖွဲ့ရဲ့ ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားတာကို ပြန်လည်ကူးယူ ဖော်ပြခြင်း ဖြစ်ပါတယ်။)
ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျော့ကျရေး အမျိုးသားအဆင့် အလုပ်ရုံ ဆွေးနွေးပွဲတွင် စီးပွားရေးပညာရှင် ဒေါက်တာဦးမြင့် တင်သွင်းခဲ့သော စာတမ်းမှာ မြန်မာ့လူမှု စီးပွားရေးဖွံ့ဖြိုးမှုကို စိတ်ဝင်စားသူတို့အဖို့ အားတက်စရာဖြစ်သည်။ အဆိုပါစာတမ်း တွင် ဆင်းရဲနွမ်းပါးမှု လျော့ကျရေးအတွက် စဉ်းစားရ မည့် ပြဿနာငါးရပ်ကို နိဒါန်းအဖြစ် ဖော်ပြကာ ဆင်းရဲနွမ်းပါးမှုနှင့် ၄င်းကိုတိုင်းတာမှု၊ မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးမှု လျော့ပါးရေး မဟာဗျူဟာဆိုင်ရာ အတွေးများ၊ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးတို့ ဆက်စပ်လျက် ဆင်းရဲနွမ်းပါးမှုလျော့ကျရေး လုပ်ငန်းအစီအစဉ်၊ စောင့်ကြပ်သုံးသပ်ရေးနှင့် မြန်မာ့ဖွံ့ဖြိုးရေး အရင်းအမြစ်ဌာန တည်ထောင်ရေးဟူ၍ အပိုင်းလေးပိုင်း ခွဲခြားတင်ပြခဲ့သည်။
မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးမှု လျော့ကျရေးကိစ္စစဉ်းစားလျှင် လက်ရှိပကတိ အနေအထားကို သေချာစွာသိရန်၊ မိမိရောက်လိုသောနေရာသို့ မည်သည့် နည်းလမ်းဖြင့် လျှောက်လှမ်းရမည်ကိုသိရန်၊ တိကျသော ရည်မှန်းချက်ချမှတ်ပြီး လုပ်ငန်းအစီအစဉ် ရေးဆွဲရန်၊ လုပ်ဆောင်ချက်ကို စောင့်ကြပ်သုံးသပ်ရန်တို့ဖြစ်ပြီး အဆိုပါ လုပ်ငန်းလေးရပ်ကို ထိန်းကျောင်းမောင်းနှင်မည့် အဖွဲ့အစည်းတည်ထောင်ရန် လိုအပ်ကြောင်းတို့ကို စာတမ်း၏ ရည်ရွယ်ချက်အဖြစ် ရှင်းလင်း တင်ပြခဲ့သည်။
ဆင်းရဲနွမ်းပါးမှုအတွက် အဓိပ္ပာယ်သတ်မှတ်ချက် အမျိုးမျိုးရှိကြောင်း၊ မြန်မာနိုင်ငံသားတစ်ဦး သို့မဟုတ် အိမ်ထောင်စုတစ်ခု၏ စားဝတ်နေရေးအတွက် အခြေခံလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် လုံလောက်သော ဝင်ငွေမရရှိခဲ့လျှင် ‘ဆင်းရဲသည်’ဟု ယေဘုယျအားဖြင့် သတ်မှတ်ရန်ဖြစ်ကြောင်း၊ ကမ္ဘာ့ဘဏ်က ချမှတ်ထားသည့် မိသားစုဝင်ငွေနှင့် စားသုံးမှုတိုင်းတာသည့် စာရင်းအင်းနည်းလမ်းများ ရှိကြောင်း၊ ငွေဖောင်းပွမှုနှုန်းနှင့် ဒေသအလိုက်လူနေမှု အဆင့်အတန်းတို့ကိုလည်း ထည့်သွင်း စဉ်းစားကာ လူတစ်ဦးချင်း ဝင်ငွေမည်မျှရရှိခဲ့လျှင် ဆင်းရဲသည်ဟု ပြဋ္ဌာန်းသတ်မှတ်နိုင်ကြောင်း၊ ယင်းသို့ ဆင်းရဲနွမ်းပါးမှု နှုန်းထား တွက်ချက်ရာတွင် အငြင်းပွားစရာ အချက်များရှိသည်ကို သိထားရန် လိုကြောင်း အကျယ်တဝင့် ရှင်းပြ ခဲ့သည်။
အမေရိကန်နိုင်ငံတွင် ၂ဝဝ၉ ခုနှစ်က အသက် ၆၅ နှစ်အောက် လူတစ်ဦးသည် တစ်နှစ်လျှင် ၁၁,၁၆၁ ဒေါ်လာ အောက်ရရှိလျှင် ဖြစ်စေ၊ ကလေး ၂ဦး၊ မိဘ ၄ဦးရှိ အိမ်ထောင်စုအတွက်မူ ၂၁,၇၅၆ ဒေါ်လာအောက် ရရှိလျှင်ဖြစ်စေ၊ ဆင်းရဲသူအဖြစ် သတ်မှတ်ခဲ့ရာ ဆင်းရဲသူဦးရေ ၄၃ သန်းကျော်ရှိခဲ့သည်ဟု သိရကြောင်း၊ တရုတ် နိုင်ငံတွင်မူ ၂ဝဝ၆ခုနှစ်က တစ်ဦးချင်းဝင်ငွေ ယွမ် ၆၈ဝ (တစ်နှစ် ၈၅ ဒေါ်လာ) အောက်ရသူကို ဆင်းရဲသူအဖြစ် သတ်မှတ်ခဲ့ရာ ဆင်းရဲသူဦးရေ ၂၃ သန်းကျော် ရှိခဲ့သည်ဟု သိရကြောင်း၊ နိုင်ငံတကာစံနှုန်းမှာ လူတစ်ဦး တစ်နေ့လျှင် တစ်ဒေါ်လာ ဝင်ငွေရှိသင့်သည်ဟု ယူဆလျက် တစ်နှစ်ဝင်ငွေ ၃၆၅ ဒေါ်လာဟု သတ်မှတ် လေ့ရှိရာ ကမ္ဘာ့ဆင်းရဲသူ ဦးရေမှာ ၂ဝဝ၅ ခုနှစ်တွင် သန်းပေါင်း ၁၃၈ဝ ဖြစ်ကြောင်း၊ အတွေးအမြင် ကွဲပြားမှုရှိစေကာမူ မိမိတို့နိုင်ငံအတွက် သင့်တော်သည့် နည်းလမ်း ဖြင့် စနစ်တကျ တွက်ချက်ရန်ဖြစ်ကြောင်း ရှင်းလင်းတင်ပြခဲ့သည်။
မြန်မာနိုင်ငံအတွက် ဆင်းရဲနွမ်းပါးမှုလျော့ပါးရေး မဟာဗျူဟာ ချမှတ်ရေးကို ယခုကဲ့သို့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးမှုသည်ပင် နည်းစနစ်မှန် ပြီးသစ်လွင်သည့် ချဉ်းကပ်မှုဖြစ်ကြောင်း၊ ကျေးလက်နေ ဆင်းရဲသားနှင့် မြို့နေ ဆင်းရဲသား အားလုံးအတွက် ဆင်းရဲတွင်းမှ လွတ်ကင်းရာ အစီအစဉ်များကို လက်တွေ့ကျကျ စဉ်းစားရန် ရှိရာတွင် မတူကွဲပြားသည့်အကြောင်းရင်းခံများ အားလုံးကို ထည့်သွင်းစဉ်းစားရန် လိုကြောင်း၊ တရုတ်နိုင်ငံ၏ အတွေ့အကြုံ ကို သင်ခန်းစာတစ်ခုအဖြစ် ကြည့်မြင်နိုင်ကြောင်း၊ တရုတ်နိုင်ငံ၏ စီးပွားရေး ပြုပြင်ပြောင်းလဲမှု ဗိသုကာကြီး တိန့်ရှောင်ဖိန်က ကျေးလက်တောင်သူ လယ်သမားများ၏ စွမ်းပကားမှာ အံ့မခန်းဖြစ်ကြောင်း၊ သူတို့အား လွတ်လပ်စွာ လုပ်ကိုင်ခွင့်ပြုခဲ့သောအခါတွင် မျှော်မှန်းသည်ထက်များစွာ ဖြစ်မြောက်ခဲ့ကြကြောင်း၊ သူတို့အား ဘာလုပ်ပါ၊ ဘယ်လိုလုပ်ပါဟု ပြောရန်မလိုဘဲ သူတို့အကျိုးစီးပွားကို သူတို့ကိုယ်တိုင် ဖော်ဆောင်ခဲ့ကြတာဖြစ်ကြောင်း ပြန်လည်သုံးသပ် ပြောပြခဲ့သည်ကို ကိုးကားတင်ပြခဲ့သည်။
ဆင်းရဲနွမ်းပါးမှု လျော့ပါးစေရေးကို လုပ်ဆောင်ရာတွင် နိုင်ငံ၏ စီးပွားရေးမူဝါဒ မှန်ကန်ကောင်းမွန်မှု၊ နိုင်ငံတော်အဆင့်မှ အောက်ခြေအဆင့်ဆင့် အုပ်ချုပ်ရေးစနစ် ကောင်းမွန်မှုတို့မှာ အဓိကမောင်းအားများ ဖြစ်ကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး ဆိုရာတွင် တောင်သူလယ်သမားများ၏ လူမှုစီးပွားရေးဖွံ့ဖြိုးမှုကို ရှုထောင့်အစုံမှ စီမံဆောင်ရွက်ကြရမှာ ဖြစ်ကြောင်း၊ မြန်မာတောင်သူလယ်သမားတို့၏ အဓိကသီးနှံဖြစ်သည့် ‘ဆန်စပါး’ကိစ္စကို အထူးပြုစဉ်းစားကြရမှာဖြစ်ကြောင်း၊ ပြည်တွင်းစားသုံးမှုဖူလုံရေး၊ ပြည်ပသို့တင်ပို့ ရောင်းချရေး တို့အတွက် စပါးစိုက်ပျိုးရေး၊ စပါးကိုသိုလှောင်ရေး၊ သယ်ယူကြိတ်ခွဲရေး၊ ဖြန့်ချိရောင်းချရေးစသည့် လုပ်ငန်း အဆင့်ဆင့်တွင် စရိတ်နှင့်အကျိုးရလဒ် မျှတရေးအတွက် သက်ဆိုင်သူအားလုံးက ပွင့်လင်းမြင်သာစွာ ကြိုးပမ်းကြရန် လိုကြောင်း၊ ဥပဒေပြဋ္ဌာန်းရေး၊ အုပ်ချုပ်ရေး၊ ထောက်ပံ့ရေးအပိုင်း အသီးသီးမှ ကျင့်ဆောင်ရာတို့ ကို ရှင်းလင်းတင်ပြခဲ့သည်။
မြန်မာနိုင်ငံသားအားလုံးနှင့် သက်ဆိုင်သော ဆန်စပါးကိစ္စကို မူဝါဒချမှတ် အကောင်အထည်ဖော်ရာတွင် ပိုမိုကျယ်ပြန့်စွာ ဆွေးနွေးညှိနှိုင်း လုပ်ဆောင်ကြရန်လိုကြောင်း၊ ဖော်ပြပါ ကိစ္စများကို နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှုဖြင့် ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း တင်ပြခဲ့ပါ သည်။
မြန်မာပြန်-သိန်းဌေးမောင်
အန်ကယ်ပြောတာမှန်တယ် တိန်ရှောင့်ဖိန်အဲလိုလုပ်လို့ တရုတ်လယ်သမားတွေ တိုးတက်လာတယ် လယ်သမားတွေကို ဘာလုပ်ပါ ညာလုပ်ပါ သွားပြောစရာမလိုဘူး သူတို့အတွက် ၀ယ်လိုအားလိုက်မယ့် သီးနှံကို လွတ်လပ်စွာ စိုက်ပျိုး ရောင်းချနိုင်ရင် လယ်သမားတွေဘ၀တိုးတက်မယ် အမေရိကန်မှာ လယ်ယာမြေတွေ အများကြီးရှိတယ် လယ်သမားတွေက သူတို့စိုက်ချင်ရာစိုက်တယ် တချို့ကပြောင်း ၀ါဂွမ်း ဂျုံ မြက် စသည်ဖြင့်ပေါ့ အားလုံးက သန်းကြွယ် သူဌေးတွေဖြစ်ကုန်တယ် လွတ်လပ်မှုရဲ့အကျိုးအမြတ်ပေါ့
ReplyDeleteအစိုးရအနေနဲ့ လယ်သမားတွေအတွက် စိုက်ပျိုးစရိတ်ထုတ်ချေးပြီး အကူအညီပေးသင့် ပါတယ်။ ခုပေးနေတာက ဆင်ပါးစပ် နှမ်းပက် သလို မဖြစ်စလောက်ပေးနေတာဆိုတော့ ငွေရှင်ကြေးရှင်တွေဆီက အတိုးတွေ အဆမတန် နဲ့ ချေးငှားပြီး လုပ်ကြရပါတယ်။ ဒီတော့ နှစ်ပေါက်လို့ စပါးဆန်ရေ ရိတ်သိမ်းပြီး ချိန်မှာ လယ်သမားတွေအတွက် သူများဆီက ချေးငှားထားတဲ့ အကြွေးကို ဆပ်ကြရတော့ သူတို့လက်ထဲ ဘာမှ မကျန်တော့ပါဘူး။ ဒီလိုနဲ့ဘဲ လယ်သမားဘ၀ လုံးလည် ခြာလည် လိုက်နေတာပါ။
ReplyDeleteအဘပြောတာလက်ခံတယ်။ နိုင်ငံခြားခွေးဟောင်တိုင်း မြန်မာပညာရှိထမကြည့်နဲတော့ဗျ။
ReplyDeleteအဘပြောတာမှန်တယ်..အန်ကယ်ပြောတာမှန်တယ်..တိန့်ရှောင်ဖိန်လည်းမှန်တယ်။ဦးသိန်းစိန်လည်းမှန်တယ်၊Horst Rudolf လည်းမှန်တယ်... စိတ်ထားမှန်မှန်သဘောထားကြီးကြီး ထားနိုင်ကြပါစေ.. စစ်တပ်အုပ်ချုပ်တာပဲဖြစ်ဖြစ်၊အရပ်သာအုပ်ချုပ်တာပဲဖြစ်ဖြစ်၊ ကွန်မြူနစ်အုပ်ချုပ်တာဖြစ်ဖြစ်၊ဆိုရှယ်ဖြစ်ဖြစ်...ဖြစ်ချင်ရာဖြစ်ပါစေ... တိုင်းပြည်အတွက် မခိုးမဝှက်မလိမ်မညာရင်၊တိုးတက်လာရင် ဝမ်းသာရမှာပါပဲ...
ReplyDeleteဒီအကျဉ်းချုပ်က မပြည့်စုံဘူး။ အရေးကြီးတဲ့ အကြံပေး ချက်တွေကျန်ခဲ့တယ်။ နိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်ရေးPRSP မြေယာပြုပြင်ရေး စရင်းဇယားအမှန်ကောက်ယူရေး အမှန်ထုတ်ပြန်ရေး ချုပ်ကိုင်မှုလျှော့ချရေး အင်စတီကျုတစ်ခုဖွဲ့ရေး စတဲ့ အဓိကအချက်တွေကျန်နေတယ်။ အကျဉ်းချုပ်မရေးတတ်လို့တော့ မဟုတ်တန်ရာဘူး။
ReplyDeleteမောင်ဝိုင်း