Pages

Sunday, June 26, 2011

မြဝတီ ကော့ကရိတ် လမ်းမြေပြို၊ ကား ၄၀၀ ခန့် သောင်တင်

မြ၀တီ ကော့ကရိတ် တရက်ခြားကားတန်း (ဓာတ်ပုံ - ဧရာဝတီ)

မြ၀တီ ဒေါနတောင်ကျော် ကားလမ်းမှာ ဇွန်လ ၂၄ ရက်နေ့ကစပြီး မိုးသည်းထန်စွာ အဆက်မပြတ်ရွာ သွန်းနေတာကြောင့် မြေပြိုမှုများ ဖြစ်ပွားပါတယ်။ ဒါကြောင့် မနေ့က မြ၀တီမြို့ကနေ ထွက်ခွာမယ့် မော်တော်ယာဉ်အစီးရေ ၄၀၀ လောက် သောင်တင်နေပါတယ်။

မြ၀တီကနေ ကော့ကရိတ်ကို သွားတဲ့လမ်းပိုင်းရှိ အလယ်ဘိုတဲနှင့် နှစ်ထပ်ကွေ့နေရာ အပါအ၀င် နေရာ ၄ နေရာမှာ မြေပြိုမှုဖြစ်ပွားတဲ့အတွက် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း ရပ်တန့်သွားခဲ့တယ်လို့ မြန်မာကုန်သည်တဦးက ပြောပါတယ်။

၎င်းက “ဒီနေ့ကားတန်းအဆင်းရက်၊ တနေ့ကစပြီးမိုးက အခုချိန်ထိရွာနေတုန်းပဲ။ တနေ့ညက မြေပြိုလို့ မနေ့ကကားတွေ ဆင်းလို့မရတော့ဘူး။ ပိတ်နေတာအစီး ၄၀၀ လောက်ရှိမယ်။ ဘယ်နှစ် ရက်ကြာမလဲ မသိရသေးဘူး။ အများစုကကုန်ကားတွေဖြစ်တော့ အထားမခံတဲ့ကုန်တွေကတော့ ရက်ကြာရင် ပြဿနာရှိတယ်” လို့ ဆိုပါတယ်။

မြ၀တီ ကော့ကရိတ် ဒေါနတောင်ကျော်ကားလမ်းဟာ အဆင်းအတက် တရက်ခြား ပြေးဆွဲနေတဲ့လမ်း ဖြစ်ပါတယ်။

ယာဉ်မောင်းတဦးက “မြေပြိုတာ အခုထိမရှင်းနိုင်သေးဘူး။ ဒီလမ်းကြောကို တာဝန်ယူထားတဲ့ အေကေကုမ္ပဏီက အမြန်ဆုံး လမ်းရှင်းပေးမယ်လို့ ပြောပေမယ့် အခုထိ ကားတွေသွားလို့မရသေးဘူး။ အောက်ဆင်းမယ့်ကားတွေ သင်္ကန်းညီနောင်က တံတားကျိုးဂိတ်မှာပဲ ရပ်ထားရတယ်” လို့ ပြောပါတယ်။

ယခုလ ၁၁ ရက်နေ့ကလည်း မြ၀တီ ကော့ကရိတ် ကားလမ်းပေါ်ရှိ ချောက်ကမ်းပါးအလွန် နှစ်ထပ်ကွေ့မှာရှိတဲ့ မိုင်တိုင်အမှတ် ၇၂/၁/၂ မှာ တောင်ပြို လမ်းပိတ်မှု ဖြစ်ပွားခဲ့တာကြောင့် နယ်စပ်ကုန်သွယ်ရေး ၂ ရက်ကြာ ရပ်နားခဲ့ရပါတယ်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယခင်ကဖြစ်ပွားခဲ့တဲ့ တောင်ပြိုမှုများမှာ ကားများသွား လာ၍မရပေမယ့် ဆိုင်ကယ်နဲ့တော့ သွားလို့ ရခဲ့ကြပါတယ်။ အခု တောင်ပြိုကားလမ်းပိတ်မှုမှာ ဆိုးရွားတာကြောင့် ဆိုင်ကယ်များ သွားလာ၍ မရအောင်ဖြစ်ပွားခဲ့တယ်လို့လည်း ကုန်သည်များကပြောပါတယ်။

မြ၀တီ ကော့ကရိတ် ဒေါနတောင်ကျော် ကားလမ်းပေါ်မှာ မိုးတွင်းကာလအဖြစ်များတဲ့ လမ်းပိတ်ဆို့မှုများကို သက်ဆိုင်ရာမှ အချိန်မီဆောင်ရွက်ပေးနိုင်ခြင်း မရှိတာကြောင့် ကုန်သည်များ ဆုံးရှုံးနစ်နာမှုများဖြင့် ကြုံတွေ့ကြရကြောင်း သစ်သီးကုန်သည်တဦးက ပြောပါတယ်။

၅၅ မိုင်အကွာအဝေးရှိသည့် မြ၀တီ ကော့ကရိတ် ဒေါနတောင်ကျော်ကားလမ်းမှာ ယခင်က ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုများကြောင့် ရက်ရှည် လမ်းပိတ်ဆို့မှုများဖြစ်ပွားခဲ့ပြီး လယ်ယာထွက်ကုန်နှင့် ရေထွက်ကုန်ပစ္စည်း ထိုင်းသို့တင်ပို့သူများ မြန်မာငွေကျပ်ငွေ သိန်းထောင်ချီ၍ ဆုံးရှုံးမှုများရှိဖူးတယ်လို့ မြန်မာကုန်သည် ဦးစိန်က ပြောပါတယ်။

No comments:

Post a Comment