Pages
▼
Saturday, July 30, 2011
ဆရာအော်ပီကျယ် ပြောတဲ့ စတုတ္ထမဏ္ဍိုင်
(ပြည်သူ့ခေတ်ဂျာနယ် တစ်နှစ်ပြည့် အထိမ်းအမှတ်ပွဲ၊ ၂၀၁၁ ဇူလိုင် ၂၀ရက်၊ နေ့လည် ၁နာရီမှ ၄နာရီ၊ Central Hotel, The Fourth Estate Symposium တွင် ဆရာအော်ပီကျယ်၏ ဆွေးနွေးချက်။ ဆရာအော်ပီကျယ်၏ ဖေ့စ်ဘုတ် စာမျက်နှာမှ ကူးယူဖော်ပြပါသည်။)
အရင်တစ်ပတ်လောက်က မနက်ပိုင်း ရေနွေးကြမ်းဝိုင်းလေးမှာ ကျွန်တော်က “အစိုးရသစ်လည်း ပြောင်းသွားပြီဆိုတော့ - - -” လို့ စကားစလိုက်တော့ ဝိုင်းထဲကတစ်ယောက်က “ဟင်- ဘယ်တုန်းက ပြောင်းသွားတာလဲ” တဲ့။ ကျွန်တော့ကို နောက်နေတယ်ထင်ပြီး စကားဆက်မယ်လုပ်တော့ နောက်တစ်ယောက်ကလည်း “ဟုတ်လား- ဘယ်တုန်းက ပြောင်းတာလဲ ဆရာ” လို့ မေးလိုက်ပြန်တယ်။ ကျွန်တော် ငါပဲ မှားနေပြီလားတွေးပြီး စကား မဆက်ရဲတော့ဘူး။
ကျွန်တော်တို့က စာပေသမားတွေဆိုတော့ စတုတ္ထမဏ္ဍိုင်နဲ့ စာပေလွတ်လပ်ခွင့်အကြောင်း အရပ်ထဲမှာလည်း အမေးခဲ့ရတယ်။ “သမ္မတကြီးကိုယ်တိုင်က စတုတ္ထမဏ္ဍိုင်က အင်မတန်အရေးကြီးတယ် လို့ ပြောသွားတယ်လေ။ ကိုမြင့်မောင်ကျော်၊ ကိုအော်ပီကျယ်- ခင်ဗျားတို့ ရေးနေတာ အရင်အတိုင်းပဲ၊ ဘာလုပ်နေတာလဲ။ ဟိုမှာ ပေးနေပြီလေ” လို့ ရပ်ကွက်ထဲမှာ အပြောခံရတယ်။ သူတို့အမြင်မှာ ခွင့်ပြုပေးလျက်နဲ့ ကိုယ်တောင် တာဝန်မကျေသလိုလို ဖြစ်နေတယ်။ အခု ကျွန်တော်တို့ ပြောပြောနေကြတဲ့ စတုတ္ထမဏ္ဍိုင်ဆိုတာ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဆိုတဲ့ မဏ္ဍိုင်ကြီးသုံးခုကို ထိန်းကျောင်းပေးရမယ်လို့ ဆိုလိုတာပေါ့။ တနည်းပြောရရင် ဟောင်ပေးရသောခွေး (Watchdog) လို့လည်း ခေါ်ကြတယ်။ ယဉ်ယဉ်ကျေးကျေးဆိုရင် ခေါင်းလောင်းထိုးသူတွေ ပေါ့။
ဒီမိုကရေစီရဲ့ စတုတ္ထမဏ္ဍိုင်နဲ့ ပတ်သက်ရင် of the people, by the people, for the people လို့ ဆိုကြတယ်။ ဒီအခန်းအနားမစခင်မှာ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်နဲ့တွေ့တော့ “ဘာတွေလုပ်နေ၊ ဆွေးနွေးနေလဲ” လို့ မေးမိတယ်။ သူက “ဆွေးနွေးနေတာတွေ အတည်မပြုရသေးခင် ပြောခွင့်မရှိဘူး” တဲ့။ ဒါဆို by the people က ဘယ်လိုလုပ် ဖြစ်ပါ့မလဲ။ ပြည်သူလူထု people က တို့အတွက် (for the people) ဖြစ်ရဲ့လားဆိုတာ သိခွင့်မရှိဘူးဆိုတဲ့သဘော ဖြစ်နေတယ်။
ကိုယ်က ကာတွန်းဆရာဆိုတော့ ကာတွန်းတွေး တွေးတယ်။ စတုတ္ထမဏ္ဍိုင် ဆိုပေမဲ့ သုံးချောင်းထောက်ထိုင်ခုံတွေ တွေ့တိုင်း “အော်- သုံးချောင်းထဲနဲ့လည်း ဖြစ်သားပဲ” လို့ တွေးမိတယ်။ အရက်ဘားတွေမှာ ဒေါက်တိုင်တစ်ချောင်းတည်းနဲ့ ခုံတွေ တွေ့ရတော့လည်း “တစ်ချောင်းတည်း ထောက်ထားတဲ့ ခုံတွေလည်း ရှိနေတာပဲ” လို့ တွေးမိပြန်တယ်။ မိတ်ဆွေတစ်ယောက်ရဲ့ ထိုင်ခုံကျတော့ အောက်ဘက်မှာ တန်းလေးတစ်တန်း ရိုက်ထားတယ်။ တိုင်တွေ မရွဲ့စောင်းအောင် ချုပ်တန်းသဘောရိုက်ထားတာလားလို့ မေးတော့- မိတ်ဆွေက “ မဟုတ်ဘူး၊ ခြေတင်ဖို့ လုပ်ထားတာ” တဲ့။ အဲဒီတိုင်လေး စတုတ္ထမဏ္ဍိုင် ဖြစ် မဖြစ် တွေးမိတယ်။
ကျွန်တော်တို့ စာနယ်ဇင်းမှာ တွေ့နေတာ ရှိတယ်။ အဘိုးကြီးတစ်ယောက်က မြေးဖြစ်သူကို ပုံပြင်လေးတစ်ပုဒ် ပြောပြတယ်။ ခွေးတစ်ကောင်က စိတ်ဓာတ် ယုတ်ညံ့တယ်၊ ရန်လိုတယ်၊ အတ္တကြီးတယ်။ နောက်တစ်ကောင်က စိတ်ရင်းကောင်းတယ်။ သိမ်မွေ့တယ်။ အများအကျိုး ကြည့်တတ်တယ်။ တစ်နေ့မှာ အဲဒီခွေးနှစ်ကောင် ကိုက်ကြရော တဲ့။ နားထောင်နေတဲ့ မြေးက “ဘယ်ခွေး နိုင်သွားလဲ”လို့ သိချင်ဇောနဲ့ မေးလိုက်တယ်။ အဘိုးဖြေလိုက်တာက “ငါမွေးထားတဲ့ခွေး နိုင်တာပေါ့” တဲ့။ အဲဒီလို ငါမွေးထားတဲ့ခွေး ပြဿနာတွေလည်း ရှိတာပဲ။
မီဒီယာက မှားတဲ့သူကို မှန်အောင် လုပ်နိုင်တယ်။ မှန်တဲ့သူကိုလည်း မှားအောင် လုပ်နိုင်တယ်တဲ့။ မီဒီယာအင်တာဗျူးတွေမှာ မေးခွန်းကမှန်ပေမဲ့ မှားတဲ့သူကို သွားမေးတာတွေ တွေ့ရတယ် (Right Question, Wrong People)။ တစ်ခါတစ်လေ Wrong Question, Right People တွေ ရှိတယ်။
အခု စာပေလွတ်လပ်ခွင့် အချို့အဝက် ရလာတော့ မဆိုးဘူး၊ ကောင်းတယ်လို့ မြင်တဲ့ အကောင်းမြင်သမားတွေ တွေ့ရတယ်။ ကျွန်တော်က ကာတွန်းဆရာဆိုတော့ အဆိုးမြင်တတ်သူလို့ ထင်ကြတယ်။ ကျွန်တော် အဆိုးမြင် မဟုတ်ပါဘူး။ အမှန်မြင်ပါ။ အကောင်းမြင်၊ အဆိုးမြင်ကို ရေခွက်ထဲမှာ ရေတစ်ဝက်ရှိတာနဲ့ ဥပမာပေးကြတယ်။ အကောင်းမြင်သမားက ခွက်ထဲမှာ ရေတစ်ဝက် ရှိနေတယ်လို့ မြင်တယ်။ အဆိုးမြင်သမားက ခွက်ထဲမှာ ရေတစ်ဝက် လျော့နေတယ်လို့ မြင်တယ်။ ဒီဥပမာမှာ ပမာဏ၊ အရည်အတွက် ကိုပဲ ကြည့်တာဆိုရင် ကိစ္စမရှိဘူး။ ကျွန်တော်က ရေဆာနေလို့ အခုရတဲ့တစ်ဝက်သောက်မယ်။ နောက်တစ်ဝက်ထပ်ရတဲ့အခါ ထပ်သောက်ရင် ဗိုက်ပြည့်မယ်။ အရည်အချင်းသဘောဆိုရင်တော့ ကိစ္စရှိတယ်။ ရေဆူရမယ့် ကိစ္စမျိုးဆိုရင် ၁၀၀ ဒီဂရီစင်တီဂရိတ်မှ ရေဆူမယ်။ ရေထဲက ပိုးမွှားတွေ သေမယ်။ အဲဒီနေရာမှာ ၅၀ ဒီဂရီပဲ အပူရမယ်။ တော်ကြာ အေးသွားပြီးမှ နောက် ၅၀ ဒီဂရီ ထပ်ရမယ်ဆိုရင် တစ်သက်လုံး ၁၀၀ ဒီဂရီ မရောက်တော့ဘူး။ ရေက ဘယ်တော့မှ မကျက်တော့ဘူး။ မကျက်တဲ့ရေသောက်ရင် ဝမ်းလျှောမယ်။ ပိုးတွေကလည်း မသေတော့ဘူး။ ဒါ အကောင်းမြင်လဲ မဟုတ်ဘူး။ အဆိုးမြင်လည်း မဟုတ်ဘူး။ အမှန်အတိုင်း မြင်တာပါ။ အပြောင်းအလဲဖြစ်ဖို့ မြန်ဖို့ မလောပေမဲ့ မှန်ဖို့တော့ လိုတယ်။ တစ်ရင်ချင်းပဲ လျှော့လျှော့၊ တစ်လှမ်းချင်းပဲ သွားသွား ဘယ်လောက်ကြာမှာလဲဆိုတာကတော့ အရေးကြီးတယ်။ မဟုတ်ရင် ကျွန်တောတို့ ၅၀ ဒီဂရီပဲ အပူပေးထားတဲ့ မကျက်တဲ့ရေကိုပဲ သောက်နေရသလို ဖြစ်နေမယ်လို့ ထင်ပါတယ်။
အစိုးရသစ်ကသွားနေတာတော့ ဟုတ်ပါပြီး။ ဘယ်ကိုသွားနေတာလဲ။ ပြောင်းလဲနေပါပြီး။ ဘယ်တော့ပြီးမလဲ။ နှေးသည်ဖြစ်စေ၊မြန်သည်ဖြစ်စေ ဘာတွေဘယ်လိုပြောင်းလဲ နေသလဲဆို တာကိုတော့ လူထုကို အသိပေးသင့်ပါသည်။ ငါတို့ပြောင်းလဲနေသည်၊ ငါတို့အတွက် ဆိုလျှင်တော့ မကောင်းတဲ့လမ်းဘက်ကို ပြောင်းနေပါသည်။
ReplyDelete"မီဒီယာက မှားတဲ့သူကို မှန်အောင် လုပ်နိုင်တယ်။ မှန်တဲ့သူကိုလည်း မှားအောင် လုပ်နိုင်တယ်တဲ့။ မီဒီယာအင်တာဗျူးတွေမှာ မေးခွန်းကမှန်ပေမဲ့ မှားတဲ့သူကို သွားမေးတာတွေ တွေ့ရတယ် (Right Question, Wrong People)။ တစ်ခါတစ်လေ Wrong Question, Right People တွေ ရှိတယ်။-အော်ပီကျယ်"
ReplyDeleteအင်္ဂလိပ်စာတတ်တိုင်းသား ပညာရှင်ဖြစ်မယ်ဆိုရင် အင်္ဂလိပ်စကားပြောတဲ့ နိုင်ငံက လူတိုင်း ပညာရှင်တွေ ဖြစ်ကုန်ပြီးပေါ့။ လူတွေလဲ အချိန်၊ ငွေ အကုန်ခံပြီး ကျောင်းတွေမှာ၊ အလုပ်တွေမှာ ဘယ်ပညာသင်ကြတော့မလဲ။
နအဖသတင်းစာတွေမှာ အန်အယ်ဒီ၊ဒီမိုကရေစီအင်အားစုနဲ့ ၊ကျောင်းသားလှုပ်ရှားမှုတွေကို အဆင့်တန်းမဲ့ အခြေအမြစ်မရှိ မကြာခဏ ပုတ်ခတ်ရေးသားခဲ့တဲ့ ဖေကံကောင်းကလောင်နဲ့ ဆောင်းပါးရှင်ကို လူတိုင်း အမှတ်ရမိကြမည် ထင်သည်။
ကျနော်... သတင်းသမားတစ်ဦးတော့မဟုတ်ပါ။ သို့သော် ပြည်တွင်း၊ ပြည်ပသတင်းဌါနများမှ ရေးသားထုတ်လွှင့်ချက်များကို လက်လှမ်းမှီသလောက် နေ့စဉ် ဖတ်ရှုနားထောင်နေသည့် သူတစ်ဦးတော့ ဖြစ်သည်။ အထူးသဖြင့် ပြည်ပ သတင်းမီဒီယာများမှ ထုတ်လွှင့်ရေးသားချက် တချို့ကို နားထောင်ဖတ်ရှုရသည့်အခါ ဖေကံကောင်းကို ပြန်အမှတ်ရမိသည်။ ကောင်းသော သတိရခြင်းမျိုးတော့ မဟုတ်ပါ။
ပြည်ပမီဒီယာတချို့မှာ သုတေသီ၊ လေ့လာသူ၊ ကျွမ်းကျင်သူ ဆိုတဲ့ တံဆိပ်ကပ်ပြီး ဖြီးဖြန်း ရွှီးရမ်း လုပ်နေကြတော့ အော်.. သူတို့လည်း ဖေကံကောင်းလို လူမျိုးတွေပါလားဟု အမှတ်ရမိသည်။ မဲမဲမြင်တိုင်းဆဲသည့် အဆင့်က ရုန်းမထွက်နိုင်သရွေ့က မည်သူ့အတွက်မှ အကျိုးရှိမည် မထင်။ (သူတို့အတွက်တော့ အကျိုးရှိမည်ထင်သည်)။ အကြောင်းအရာတစ်ခုကို တင်ပြပြောဆိုတဲ့ အခါမှာ မကောင်းတာကို မကောင်းဘူး အော်နေရုံနှင့်မရ၊ မကျေနပ်တာကို မကျေနပ်ဘူး ပြောနေရုံနှင့် မပြီး။ တင်ပြပြောဆိုချက်များကို တိကျခိုင်မာသည့် သက်သေအထောက်အထား အကိုးအကားများနှင့် ဆွေးနွေးဖို့လိုသည်။ မေးမြန်းသူ သတင်းသမားအနေနှင့် မေးသည့် အကြောင်းအရာပေါ်တွင် နားလည်တတ်ကျွမ်းသူ မဟုတ်တောင် အမေးခံရသူအနေနှင့် ထိုအကြောင်းအရာပေါ်တွင် တတ်ကျွမ်းနားလည်သူ ပညာရှင်ဖြစ်ဖို့တော့ လိုသည်။ အင်္ဂလိပ်စာတတ်သည့် တိုးရစ်ဂိုက်ကို ဆေးပညာအကြောင်း အင်တာဗျူးသကဲ့သို့ မှန်ကန်တိကျသည့် သတင်းတစ်ပုဒ်၊ တန်းဖိုးရှိသည့် အင်တာဗျူးတစ်ခုတော့ ဖြစ်လာမည် မထင်။ လေ့လာ ကျွမ်းကျင်သူဟုဆိုရာတွင် ဘာသာရပ်တစ်ခု၌ ကျောင်းပညာ သို့မဟုတ် ထိုဘာသာရပ်နှင့် သက်ဆိုင်သည့် နယ်ပယ်တွင် ကျင်လည်နေသူဖြစ်ဖို့တော့ လိုမည်။ အင်တာဗျူးမည့် သတင်းသမားအတွက် ဗျုးစရာ မြန်မာပညာရှင်တွေ မရှားဘူးဟု ထင်ပါသည်။ သက်ဆိုင်ရာ နယ်ပယ်အလိုက် ပြည်တွင်း ပြည်ပ မြန်မာပညာရှင် များစွာရှိသည်။
သို့သော်.. ပြည်တွင်းမီဒီယာများထက် ငွေအား၊လူအား၊နည်းပညာ၊ဆက်သွယ်ရေးများစွာသာသည့် ပြည်ပမီဒီယာများမှ တချို့သတင်းသမားများသည် အပျင်းကြီးသည်လား ရင်းနှီးသည်လားတော့မသိ ဒီလိုလူတွေချဉ်း ထပ်တလဲလဲ မျိုးစုံးဗျူးနေကြသည်။ တချို့မေးမြန်းအင်တာဗျူးသည့် အကြောင်းအရာများတွင် အခြေအမြစ်၊အထောက်အထာ မရှိ၊ တိကျခိုင်လုံသည့် အကိုးအကားမပါ၊ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူလဲ မဟုတ်။ ဒါပေမဲ့ သူတို့အတွက်တော့ အလုပ်ဖြစ်နေကြသည်။
ကျင့်ဝတ်ဆိုသည်မှာ လိုက်နာချင်လဲရသည်၊ မလိုက်နာချင်လဲရသည်။ ကျင့်ဝတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး မကြာခဏပြောလေ့ရှိသည့် စကားတစ်ခွန်းရှိသည်။ ”ကိုယ့်မကျွမ်းကျင်တဲ့ အလုပ်တစ်ခုကို တတ်ယောင်ကား မလုပ်ပါနဲ့“ တဲ့။ အနည်းဆုံး အရှက်တော့ ကွဲပါလိမ့်မယ်။
ဒီလူ ရွှီးနေပြီးဆိုတာမျိုးပေါ့။
လူထုအကျိုးပြူသတင်းဌါနများအား မျှော်လင့်လျှက်...
"Quot အင်္ဂလိပ်စာတတ်တိုင်းသား ပညာရှင်ဖြစ်မယ်ဆိုရင် အင်္ဂလိပ်စကားပြောတဲ့ နိုင်ငံက လူတိုင်း ပညာရှင်တွေ ဖြစ်ကုန်ပြီးပေါ့။ လူတွေလဲ အချိန်၊ ငွေ အကုန်ခံပြီး ကျောင်းတွေမှာ၊ အလုပ်တွေမှာ ဘယ်ပညာသင်ကြတော့မလဲ။ Quot"
ReplyDeleteမဆလ ဦးနေ၀င်းအဲလိုတွေးတယ်လုပ်တယ်ဗျ။ ဒါပေမဲ့ သူမတွေးတာက ဒီနေ့ တိုးတက်ဖြစ်ပွါးနေတဲ့ ပညာရပ်၊ ရှာဖွေစူးစမ်းမှု၊ ပြောင်းလဲမှု၊ သိပံ္ပပညာရပ်၊ ဆေးပညာရပ် အားလုံးဟာ ကမ္ဘာပေါ်မှာ အင်္ဂလိပ်စာနှင့်သာ လေ့ လာနိုင်သောကြောင့်ဆိုတာကိုပါပဲ။ အင်္ဂလိပ်စာတတ်တိုင်း ပညာတတ်မဖြစ်ပေမဲ့ ပညာတတ်ဖြစ်ဖို့ရာပညာတွေကို လေ့လာဖို့ အင်္ဂစာမတတ်ရင် မဖြစ်နိုင်ပါဖူး။ ဂျပန်လူမျိုးတွေလို မိမိဘာသာ တီတွင်ညဏ်စွမ်းဗမာတွေမှာရှိနေရင်ပေါ့လေ၊ တချိန်ကဘာညာ ဆိုတာမပြောပါနဲ့ ဒီနေ့ ဘာဆိုတာကိုပဲ မြင်ကြရအောင်၊ အပ်နှင့်အပ်ချည်တောင် တရုတ်ကတင်သွင်းနေရသေးလျင်။ နှိမ်ခြင်းမဟုတ် အရှိတရားကိုလက်ခံနိုင်တဲ့စိတ်ဓါတ်တွေ ပေါ်စေခြင်းဖြစ်သည်။ အရှိတရားကို လက်မခံမျက်စိမှိတ် ဘူး ငြင်းနေလျင် ဘယ်မှာလာတိုးတက်ပြုပြင်ချင်စိတ်ရှိပါ့မလဲ ကိုယ်ရွှေဗမာတို့ ထလော့ထလော့