ဗိုလ်ဖိုက်တာ၊ ဇူလိုင် ၂၈၊ ၂၀၁၁
တိုင်းရင်းသားပြည်သူ တဲ့ …
ကြံ့ဖွံ့အစိုးရ ခြေလှမ်း စ တော့ သမ္မတ ဦးသိန်းစိန် မြွက်ဆိုခဲ့တဲ့အထဲမှာ “တိုင်းရင်းသားပြည်သူ” ဆိုတဲ့ မသုံးစဖူးစကားလုံးကို သုံးလာတယ်ခင်ဗျ။ “ပြည်သူ” ဆိုတဲ့ဝေါဟာရရဲ့ အရှေ့မှာ “တိုင်းရင်းသား” ဆိုတဲ့ဝိသေသနနဲ့ “၀ိဂြိုဟ်” ပြုပြီး “မွှမ်း” ထားတယ်။ သကာလောင်း သကြားဖြူးထားတဲ့ “မွှမ်း” သံကို ကြားရတော့ စိတ်ထဲစိုးထိတ်သွားခဲ့ပါရဲ့။ အကြောင်းက ပြည်ပရန်သူမဟုတ်တဲ့ ပြည်ထောင်စုတိုင်းရင်းသား ညီအစ်ကိုမောင်နှမ လူမျိုးစုများကို ထိုးစစ်ဆင်မှုများနဲ့ဆင်ဆင်တူတဲ့ ဟောဒီ ရင်နင့်ဖွယ်ရာ ရှေးဖြစ်ဟောင်းတွေကြောင့်ပါခင်ဗျာ။
လုပ်သားပြည်သူ တဲ့ …
ရင်နင့်ဖွယ်ရာ ရှေးဖြစ်ဟောင်းတွေဆိုတာက ဗိုလ်နေ၀င်းရဲ့ မဆလခေတ်မှာ ဖြစ်ခဲ့တာတွေပါ။ ဖြစ်ခဲ့ပုံက “ဆီသည်မလက်သုတ်ပုဝါ” လို တခါလာလည်း … ဒါ။ နောက်တခါလာလည်း … ဒါ။ ဒါချည်းကိုပဲ ထပ်ခါတလဲလဲ သုံးခဲ့တဲ့ လက်သုံးစကားကြီးတခု ရှိခဲ့ပါရဲ့။ “လုပ်သားပြည်သူ” ဆိုတဲ့စကားလုံးပါဗျ။ မိန့်ခွန်းပြောမလား။ ဆောင်းပါးရေးမလား။ ရွာဆော်လုပ်မလား။
“လုပ်သားပြည်သူ” ဆိုတဲ့ စကားလုံးကို ဖန်တရာတေအောင် အကြိမ်ကြိမ် ဗုန်းဗောလအောသုံးပါမှ မိန့်ခွန်းဆိုရင်လည်း မိန့်ခွန်းမြောက်တယ်ဗျ။ ဆောင်းပါးဆိုရင်လည်း ဆောင်းပါး “တန်းဝင်” တယ်ဗျ။ ရွာဆော်လုပ်ရင်လည်း “ဟိတ်နဲ့ ဟန်နဲ့ ခန့်တယ်ဗျ။
“လုပ်သားပြည်သူ” ဆိုတဲ့စကားလုံးဟာ ဘယ်မျှထိ “ခေတ်ထ” ခဲ့သလဲဆိုရင ၊အစိုးရ၀ါဒဖြန့်ချိရေး လက်နက်အဖြစ် နံပါတ်ဝမ်းအဆင့် သတင်းစာကြီးကို နာမည်ပေးခဲ့တာက မြန်မာဘာသာဖြင့် “လုပ်သားပြည်သူ့နေ့စဉ်” သတင်းစာတဲ့။ အင်္ဂလိပ်ဘာသာဖြင့် “The Working People’s Daily ” တဲ့..။ အဲဒါဟာ “လုပ်သားပြည်သူ” ဆိုတာကို ဦးထိပ်ရွက်ပြချက်တခုပေပါ့။
“လုပ်သားပြည်သူ” လို့သာစကားထဲမှာ စာထဲမှာ “ဘန်းတင်” ထားတာဗျ..။ လက်တွေ့ကျတော့ ပြောင်းပြန်ချည်းပါဗျာ..။ ဒီအကြောင်းတွေကို သိကြရရင် စိတ်ထဲမချိတင်ကဲဖြစ်ကြရမှာပါ။ လုပ်ရက်ပုံများကဖြင့် လူသားစားတဲ့ ပေါဒိသာရရှင်ဘုရင်ရဲ့ အုပ်ချုပ်မှုအောက်မှာ တထိပ်တလန့်နဲ့ နေရသလိုပါပဲ။ ကြည့်ကြစမ်းပါဗျာတို့ရာ..။
ပထမအကြိမ် မဆလညီလာခံအပြီးမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲခဲ့တယ်။ ဒီအခြေခံဥပဒေကို ပြည်သူအများက … ဟဲ … ဟဲ … ဟုတ်နိုးနိုး ကောင်းနိုးနိုး မျှော်လင့်ချက်ကြီးတခွဲသားနဲ့ ဆန္ဒမဲပေးပြီး ထောက်ခံအတည်ပြုပေးခဲ့ကြတယ် … ဟဲ … ဟဲ … ။
အဲဒီဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်သူ့ကိုယ်စားလှယ်ဆိုသူများကို ရွေးချယ်တင်မြှောက်ဖို့ “ဆိုရှယ်လစ်ဒီမိုကရေစီ” ဆိုတာကြီး နဖူးစီးတတ်ပြီး ရွေးကောက်ပွဲတွေလုပ်ခဲ့တယ်။
အဲဒီ … ရွေးကောက်ပွဲတွေအရ ပြည်သူ့လွှတ်တော်ဆိုတာ ပေါ်လာတယ်ဗျ။
တိုင်းနဲ့ပြည်နယ် ပြည်သူ့ကောင်စီဆိုတာတွေ ပေါ်လာတယ်။ မြို့နယ်ပြည်သူ့ကောင်စီ၊ ရပ်,ကျေးပြည်သူ့ကောင်စီ ဆိုတာတွေပေါ်လာတယ်။ နက်ဖန်သဘက်ဆိုရင် ငြိမ်းချမ်းသာယာ စည်ပင်ဝပြောတဲ့ ဆိုရှယ်လစ် လူ့ဘောင်သစ်ကြီးပဲ ပေါ်ထွန်းလာတော့ မလိုလို ...။ မျှော်တော်ယောင် ဆိုက်သူတွေကလည်း … ဟဲ … ဟဲ … တံတွေးတများများနှင့် လျှာပြွတ်လွတ် ထွက်သူကထွက် … ဟဲ … ဟဲ …။
ဖြစ်ရပုံများ … ပထမအကြိမ် ပြည်သူ့လွှတ်တော်သက်တန်း အတွင်းမှာပဲ ဆန်ပြဿနာတက်ခဲ့ပါလေရော။ အလုပ်သမားတွေ၊ အလုပ်,လုပ်သောပြည်သူတွေ၊ ဗိုလ်နေ၀င်းနဲ့ သူ့နောက်တော်ပါတွေ၊ ဖန်တရာတေအောင်ပြောနေတဲ့ “လုပ်သားပြည်သူတွေ” ပေါ့ဗျာ။ ဆန်စားစရာမရှိလို့ ဆန်တောင်းပွဲတွေကို စက်ရုံဝင်းထဲမှာလုပ်ကြတယ်။ အလုပ်ရုံဝင်းထဲမှာ လုပ်ကြတယ်။ အလုပ်စခန်းထဲကနေပြီးတောင်းတာ၊ ဘာဆန်ကိုမျှမရဘူး။
ဒီတော့ ငါ့ဝမ်းပူဆာမနေသာဖြစ်လာပြီ။ ဒါနဲ့… လမ်းမပေါ်ထွက်ပြီးတောင်းကြပြီ။ အဲ..ပေးပြီဗျို့..။ လှိုင်မြို့နယ်.. ဘာတာအရပ်.. ရန်ကုန်အင်းစိန်လမ်းမကြီးပေါ်မှာ ပေးတယ်။ ဆင်မလိုက် သင်္ဘောကျင်းမှာ ပေးတယ်။ မြို့တော်ခန်းမနဲ့ ဗန္ဓုလပန်းခြံအကြားက ဗန္ဓုလလမ်းမ ပြန့်ကြဲကြီးပေါ်မှာ ပေးတယ်။ အဲ.. “လုပ်သားပြည်သူ” တို့ကို ပေးတာက ဆန်တော့ဆန်ပါပဲ။ ဒါပေမယ့်.. ကျည်ဆံဗျ … ကျည်ဆံ။
ဒီပွဲမှာ ကျည်ဆံကိုမပေးချင် ဆန်ကိုပဲပေးချင်တဲ့ သူတော်ကောင်းစိတ်ကို ဦးထိပ်တင်ထားတဲ့ ကာကွယ်ရေးဝန်ကြီး စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးတင်ဦး (ယခု NLD ဦးတင်ဦး) ကတော့ ဖြုတ်ထုတ်ရှင်း ခံသွားရပါလေရော..။ လူရွှင်တော်ကြီးဦးပေါစံရဲ့ ပြက်လုံးအတိုင်း၊`မှန်´ တဲ့လူတွေ ကျသွားပါပြီဗျား။
ဦးကြီးများ တဲ့ ...
“ဦးကြီးများ” ဆိုတာက တောင်သူလယ်သမားကြီးများကို ဗိုလ်နေ၀င်းက ဂုဏ်ပြုခေါ်ဝေါ်တဲ့ဝေါဟာရပါ..။ ပါးစပ်ပြောကတော့ချောလို့..။ လက်တွေ့ကျတော့ လယ်မြေတစ်ဧကလျှင် စပါးတင်းရေမည်ရွေ့မည်မျှ နိုင်ငံတော်အစိုးရကို ရောင်းရမယ်တဲ့..။ အဲဒီသတ်မှတ်ချက်အတိုင်း မရောင်းနိုင်ရင် အချုပ်ထဲဖမ်းထဲ့သဗျ။ အတင်းအဓမ္မ ပုတ်လှန်,ကျီလှန် လုပ်သဗျ။ တွေ့ရင်ယူတယ်။ မတွေ့ရင်၊ မပေးမနေ ပေးရမယ်လို့ အကျပ်ကိုင်တယ်။
အကျပ်ကိုင်တော့ ကျွန်ုပ်ဗိုလ်ဖိုက်တာရဲ့ ငယ်ဘ၀က ကျောင်းနေဘက်ငယ်သူငယ်ချင်း လယ်သမားကြီးတယောက်ဆိုရင် သတ်မှတ်ချက် စပါးတင်းရေပြည့်ဖို့အရေး ဟိုအိမ်,ဒီအိမ်ဆီ လှည့်လည်ပြီး ပြေးကာ, လွှားကာ, စပါးချေးခဲ့ရတယ်။ ကြောက်လန့်စိတ်ကလည်း ကြီးလွန်း … နေကလည်းချစ်ချစ်တောက်ပူလွန်း … အင်း… ဒီတော့ဗိုလ်နေ၀င်းက “ဦးကြီး” လို့ “ဘန်းတင်” ခဲ့တဲ့လယ်သမားကြီးခမျာ အမောဆို့ကာပစ်လဲပြီး လတ်လတ်ဆတ်ဆတ်ကြီးနဲ့ သေရပါလေရောဗျာ။ ဒီလိုဖြစ်ရပ်ဆိုးမျိုးတွေဟာ တိုင်းပြည်နဲ့အ၀ှမ်း တင်းကြမ်းပါဗျ။ ဒါတွေဟာ “ဆိုရှယ်လစ်ဒီမိုကရေစီ” ဆိုတဲ့ခေတ်က အဖြစ်သနစ်ဆိုးတွေပါ့ဗျာ။
စည်းကမ်းပြည့်ဝသော ဒီမိုကရေစီခေတ် “တိုင်းရင်းသားပြည်သူများ” တဲ့ ...
ကိုင်း… ခုလည်းလာပြန်ပြီ။ သမ္မတကြီး ဦးသိန်းစိန်က “တိုင်းရင်းသားပြည်သူများ” တဲ့ခင်ဗျ။ “တိုင်းရင်းသား” ဆိုတဲ့စကားလုံးကို ရှေ့တန်းမှာထားပြီး မွှမ်းလာပြီ။ ပါးစပ်နဲ့မွှမ်း၊ စာသားနဲ့မွှမ်း။ ဒါပေမယ့် လက်တွေ့ကျတော့ သွားလေသူ သမ္မတကြီး ဦးနေ၀င်းနဲ့ ဘာများကွာလို့တုန်း… ။
တိုင်းရင်းသားလူမျိုးအချင်းချင်း သွေးကွဲအောင် တောထဲမှာလည်း သပ်လျှိုပြီးခွဲတယ်။ မြို့ပေါ်မှာလည်း သပ်လျှိုပြီးခွဲတယ်။ အဲဒီလိုခွဲပြီး ကိုယ့်လူမျိုးအချင်းချင်း သတ်ပွဲတွေဖြစ်အောင် ပရိယာယ်မာယာနဲ့ ခြေထိုးတယ်။ အသားလွတ်ဘလိုင်း မပြောဘူးခင်ဗျ။ လက်ညှိုးထိုးပြီး လက်တွေ့ပြမယ်။
ကိုင်း..ပြောနေကြာတယ်ဗျာ..။ KNU ကိုကြည့်..။ အဓိကအားဖြင့် မြိုင်ကြီးငူဆရာတော်ကို သံဃာရယ်လို့ မထောက်ညှာဘဲ ဥာဏ်နီဥာဏ်နက်မျိုးစုံနဲ့ အသုံးချလိုက်တာ KNU ကြီး ပဲ့ပဲ့ သွားပါလေရော။ ဟက်တက် ကွဲ ကွဲ သွားပါလေရော..။ ဖဒိုအောင်ဆန်းအဖွဲ့တဲ့.။ စောသမူဟဲအဖွဲ့တဲ့..။ DKBAတဲ့..။ အဲ..ကရင်နံမည် ဗိုလ်ချုပ်ထိန်မောင်ကို ဗမာနာမည် ဗိုလ်ဌေးမောင်လို့ ပြောင်းပစ်ပြီး ဗိုလ်ဌေးမောင်အဖွဲ့တဲ့..။ အား... အကွဲတွေ အပဲ့တွေ မနည်းမနော ဖြစ်ကုန်ပါလေရောဗျား။
ဒီအကွဲ အပဲ့ကိစ္စဟာ နအဖလက်ထက်က အဖြစ်..။ ဗိုလ်သန်းရွှေနဲ့ ဗိုလ်ခင်ညွန့်နှစ်ယောက်ပေါင်းပြီး လုပ်ခဲ့တာ..။ ဒါဟာ သူတို့ရဲ့ကိစ္စ..။ ကျုပ်တို့ ကြံ့ဖွံ့အစိုးရရဲ့ လက်ချက်မဟုတ်ဘူးလို့ ငြင်းမလား..။ ကဲ..ထားပါတော့..။
ရွေးကောက်ပွဲတုန်းက အချောင်သမား ကပ်ဖား ရပ်ဖား စားဖား ဖေါက်ပြန်ရေးသမား ကရင်ဇာတ်ပျက်တချို့ကို ကြံ့ဖွံ့အဖြစ်မွေးပြီး ဒီမိုကရက်တစ်ကရင်အဖွဲ့တွေနဲ့ ကရင် ကရင်ချင်း ချ ခိုင်းတာ ဘယ်သူလဲ။
ကချင်ဇာတ်ပျက် အခွင့်အရေးသမား “စားဖား” ကို မွေးပြီး ကချင်ပြည်သူလူထုနဲ့ ကချင်နိုင်ငံရေးခေါင်းဆောင်များ အကြားမှာ မွှေနှောက်တာ ဘယ်သူလဲ။
စိုင်းမောက်ခမ်းကို မက်လုံးပေးကာ ကြံ့ဖွံ့လက်ကိုင်ဒုတ်အဖြစ်မွေးပြီး ဒီမိုကရက်တစ်ရှမ်းတွေနဲ့ ရှမ်း ရှမ်းချင်း ချ ခိုင်းတာ ဘယ်သူလဲ။ စိုင်းမောက်ခမ်းကို လူမျိုးစုကိုယ်စားပြု ခေါင်းဆောင်ယောင်ယောင် ကြိုးဆွဲအသုံးချ မျက်လှည့်ပြနေတာ ဘယ်သူလဲ။
တိုင်းရင်းသားဆိုတဲ့ စကားလုံးကို ရှေ့တန်းမှာထားပြီး မွှမ်းနေပေမယ့် တကယ်လက်တွေ့မှာ တိုင်းရင်းသား လူမျိုးများအားလုံးကို တိုက်ခိုက်ပြီး အမှုန့်ခြေဖို့ စစ်ပြင်နေတယ်။ ထိပ်တိုက်ရင်ဆိုင်နေတယ်။ လက်နက်ကြီးတွေနဲ့ လှမ်းထုနေတယ်။ ဒါတွေဟာ ဘာသဘောလဲ။
နှစ်ဘက်သဘောတူ အပစ်အခတ်ရပ်စဲထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို လောလောလတ်လတ် တိုက်ခိုက်နေတာ ဘာသဘောလဲ။ နို့စို့ကလေးသူငယ်မှစလို့ အိုနာချည့်နဲ့နေတဲ့ အဖိုးအိုအဖွားအိုများပါမကျန် မိုးထဲရေထဲမှာ စစ်ပြေးဒုက္ခသည်များအဖြစ် ဆင်းရဲခြင်းကြီးစွာ လောကငရဲခံနေရတာ ဘယ်သူ့လက်ချက်လဲ။
ချစ်လှချည် ရဲ့ …
ကျွန်ုပ်ဗိုလ်ဖိုက်တာက ကိုယ်တိုင်ကြုံခဲ့ဖူးတဲ့ ဖြစ်ရပ်တခုကို ယခုတင်ပဲ ပြောပြချင်ပါတယ်။
ဗိုလ်ဖိုက်တာတို့ ရွာရဲ့နီးနား ကရင်ရွာက အဖြစ်ပါခင်ဗျ။ အဲဒီရွာက ကရင်မအပျိုဟိုင်းကြီးကို ဗိုလ်ဖိုက်တာတို့ရွာက ဗမာလူပျိုသိုးက စကားလုံးအချောအလှတွေ တပြုံတခေါင်းနဲ့ ချစ်လှချည်ရဲ့ ကြိုက်လှချည်ရဲ့လို့ တွတ်တီးတွတ်တာပြောပြီး ချစ်ရေးဆိုသဗျ။
ဒီမှာ ကရင်မ အပျိုဟိုင်းကြီးက ကရင်ပြီပြီ ဘွင်းဘွင်းကြီး ဒဲ့ဒိုး ခွန်းတုန့်ပြန်လိုက်တယ်။
“ဟဲ့..ဗမာကောင်ရယ်။ ချစ်တယ်ချစ်တယ်လို့ နင်ကငါ့ကိုပြောတယ်။ နင်… ဘာကိုချစ်တယ်ဆိုတာ ငါသိပါတယ်ဟယ်” တဲ့.. ။

Good tel Byar
ReplyDelete