သူတို့လက်ထဲရောက်ရင် အကုန်လုံးက နိုင်ငံတော်ပုန်ကန်မှုနဲ့ တရားစွဲခံရမှာတွေချည်းပဲ။ ဒါတွေက အများကြီး စဉ်းစားစရာတွေ ရှိတာပေါ့။ ဒါကြောင့် လောလောဆယ်တော့ မပြန်သင့်သေးဘူး ထင်တာပဲ။ ပြန်တာတော့ ပြန်ချင်တာပေါ့။ ဒါပေမယ့် ဒီလိုမျိုး အုပ်ချုပ်ရေးပုံစံနဲ့ကတော့ မဖြစ်သေးဘူး။ အကယ်လို့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲမယ်။ လွတ်ငြိမ်းချမ်းသာခွင့်တွေပေး၊ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးပြီး နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတွေ လုပ်မယ်ဆိုရင်တော့ တမျိုးပေါ့။ (ကိုဇင်နိုင်၊ နိုင်ငံခြားရေးရာတာဝန်ခံ၊ ABSDF အနောက်ဖက်ဒေသ)
တာဝန်အရှိဆုံး ပုဂ္ဂိုလ်တယောက်က ဒီလိုဖိတ်ခေါ်တယ်ဆိုတဲ့ သဘောကတော့ အပြုသဘောဆောင်တဲ့ ဖိတ်ခေါ်ချက်လို့ ယျေဘုယျပြောနိုင်ပါတယ်။ လက်တွေ့ပိုင်းကိုပြောရင်တော့ တော်တော်လေး စဉ်းစားစရာတွေ ရှိတယ်ခင်ဗျ။ ဒီပြည်ပရောက်နေတဲ့ ပုဂ္ဂိုလ်တွေမှာ အခြေခံအားဖြင့် ၂ မျိုးရှိတာပေါ့လေ။ နိုင်ငံရေးကြောင့်နဲ့ စီးပွားရေးကြောင့်ပေါ့။ နိုင်ငံရေးကောင်းရင်တော့ နိုင်ငံရေးကြောင့် ထွက်တဲ့သူတွေက လာမှာဖြစ်တယ်။ စီးပွားရေးကောင်းရင်တော့ စီးပွားရေးကြောင့် ထွက်တဲ့သူတွေကလာမှာ။ အခုခက်နေတာက ဖိတ်ခေါ်ချက်သာရှိနေပြီးတော့ စီးပွားရေးရော နိုင်ငံရေးရောက အာမခံချက်ရော အလားအလာရောက အင်မတန်မှ မှေးမှိန်သေးတယ်။ အခုမှ အလုပ်ရုံဆွေးနွေးပွဲ စကာ ရှိသေးတာပေါ့လေ။ နိုင်ငံရေးဆိုတာကတော့ အခင်းအကျင်းက စတောင်စပါဦးမလားလို့ ပြောရမလားမသိဘူး။ နိုင်ငံရေး အကျဉ်းသားတွေ တယောက်မှ မလွှတ်သေးပေးဘဲကိုး။
နောက်ပြီးတော့ ဦးသိန်းစိန်မိန့်ခွန်းမှာက ပြစ်ဒဏ်တွေကို ခံပါ့မယ်ဆိုရင် လျှော့လျှော့ပေါ့ပေါ့ စဉ်းစားမယ်လို့ ပြောတာကိုး။ ကျနော် ပုဂ္ဂိုလ်တဦးချင်းအရကတော့ လျှော့လျှော့ပေါ့ပေါ့ ဆိုရင်တောင် ၁၅ နှစ်၊ အနှစ် ၂၀ က ထောင်ကျဦးမှာ။ ပြစ်ဒဏ်တွေအားလုံး လျှော်ပါ့မယ်လို့ ပြောတာတောင်မှ ကျနော်တို့ ထွက်လာတဲ့အကြောင်းရင်းက ၂ ချက်ပေါ့လေ။ အဖမ်းမခံချင်လို့ဆိုတာရယ်၊ နိုင်ငံရေးဆက်လုပ်ဖို့ရယ်ပေါ့။ နိုင်ငံရေးဆက်လုပ်ဖို့ တရားဝင်ခွင့်ပြုမှာလားဆိုတဲ့ အချက်ပေါ့။ ကျနော်က NLD အဖွဲ့ဝင်ဖြစ်ပါတယ်။ သူတို့က အခု NLD ကို တရားဝင်နိုင်ငံရေးအဖွဲ့လို့ မသတ်မှတ်တော့ ကျနော်တို့ပြန်လည်း အလကားပဲပေါ့။ (ဒေါက်တာတင့်ဆွေ၊ ပြန်ကြားရေးဝန်ကြီး၊ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB)၊ နယူးဒေလီ၊ အိန္ဒိယနိုင်ငံ)
လိုသလိုဆွဲပြောနေတဲ့ စကားပဲ။ သူတို့ အစိုးရကို လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ ပတ်သက်လို့ ကမ္ဘာ့ဖိအားတွေ၊ စီးပွားရေး ပိတ်ဆို့မှုတွေနဲ့ တားဆီးနေတော့ သူတို့ အင်မတန် အခက်အခဲရှိနေတယ်။ ပြည်တွင်းမှာ ပြည်သူတွေကလည်း သူတို့ကို မထောက်ခံဘူး။ သူတို့ ဘေးကျပ်နံကျပ်ဖြစ်နေတော့ သူတို့အခုလို ပြောတာက လိမ်တာပဲလို့ ကျနော် လုံးဝ ယုံကြည်တယ်။ ကျနော် သူတို့ကို လုံးဝ မယုံဘူး။ သူတို့ တကယ်သာ ရိုးသားတယ်ဆိုရင်၊ နိုင်ငံအတွက် တကယ်သာ လုပ်ချင်တယ်ဆိုရင် ၉၀ ရွေးကောက်ပွဲတုန်းက အနိုင်ရပါတီတွေကို ဖိတ်ခေါ်မှာပဲ။ အဲဒီတုန်းက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေကို ခေါ်မှာပဲ။ တိုင်းရင်းသားအဖွဲ့တွေကို ခေါ်မှာပဲ။ ခေါ်ပြီးတော့ တိုင်းပြည်အတွက် ဆွေးနွေးရမှာပဲ။ သူတို့ဘာတွေလိုတယ်ဆိုတာ တင်ပြ၊ ကျနော်တို့က ဘာတွေလိုတယ်ဆိုတာ တင်ပြပြီး နိုင်ငံအရေးကို နိုင်ငံရေးစားပွဲဝိုင်းမှာပဲ ဆွေးနွေးမှာပေါ့။ လာခဲ့ကြ၊ ဘာပေးမယ် ညာပေးမယ်၊ လျှော့ပေးမယ်ဆိုပြီး ပြောမှာမဟုတ်ဘူး။ (ဦးဦးသာနိုး၊ ရသေ့တောင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်)
လောလောဆယ်တော့ ကျနော်တို့ မယုံနိုင်သေးဘူး။ အခုအချိန်မှာ ပြည်တွင်းက သူတို့ဖမ်းထားတဲ့ နိုင်ငံရေး အကျဉ်းသားတွေကိုလည်း မလွှတ်ပေးသေးဘူး။ နောက်ပြီးတော့ နယ်စပ်ဒေသတွေ တိုင်းရင်းသားဒေသတွေမှာ ဖြစ်နေတဲ့ အရေးကိစ္စတွေကိုလည်း မဖြေရှင်းနိုင်သေးဘူး။ အဲ့ဒါကို ပြည်ပရောက်တဲ့သူတွေကို ပြန်လာဖို့ ခေါ်နေတယ်ဆိုတာကတော့ စဉ်းစားစရာပေါ့လေ။ ဒါတွေ ဘာတခုမှ မလုပ်ဘဲနဲ့ ဒီလိုလုပ်တော့ အဆင့်ကျော်နေတယ်ပေါ့ဗျာ။ လောလောဆယ်တော့ မပြန်သင့်သေးဘူးလို့ထင်တယ်။ (ဦးစောခေးတိ၊ အိန္ဒိယ အကျဉ်းထောင်များတွင် ၁၃ နှစ်နေခဲ့ရပြီး မကြာသေးမီက ပြန်လည်လွတ်မြောက်လာသည့် KNU အဖွဲ့ဝင်)
ပြန်ရမလား မပြန်ရဘူးလား ဆိုတာကတော့ သူတို့ရဲ့ လုပ်ဆောင်ချက်ပေါ် မူတည်တာပေါ့။ ဦးခင်ညွန့်ခေတ်တုန်းကလည်း ဒီလို ပြန်ခေါ်တာပဲ။ တကယ်တမ်းကျတော့ ပြည်ပရောက်နေတဲ့သူတွေကို ခေါ်နေမယ့်အစား လက်ရှိ ပြည်တွင်းမှာပဲ ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ကို ပြန်လွှတ်ပေးတာက ပိုသဘာဝကျမယ်။ လောလောဆယ်မှာတော့ တိုင်းရင်းသားတွေနဲ့ ဖြစ်တဲ့ ပြဿနာတွေကိုလည်း မဖြေရှင်းနိုင်သေးဘူး။ သူတို့ရဲ့ လုပ်ဆောင်ချက်အပေါ် ကြည့်တဲ့အခါ ကျနော်တို့ တိုင်းရင်းသားတွေ၊ နိုင်ငံရေး အကျဉ်းသားတွေအပေါ် သဘောထားမကြီးတာကို တွေ့ရတော့ ဒီပုံစံနဲ့ကတော့ ကျနော်တို့ကတော့ လုံးဝ မယုံကြည်ဘူးဗျာ။ (ကိုဆေရမ်၊ အိန္ဒိယရောက် ကချင်ဒုက္ခသည် ကော်မတီဝင်)
No comments:
Post a Comment