'
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ မြန်မာပြည်သားတွေ အများအပြား ရှိပါတယ်။
သူတို့အကြောင်း နည်းနည်းပါးပါးကို ဒေလီရောက် ဧရာဝတီ သတင်းထောက် ဇာနည်မာန် နဲ့ အမေးအဖြေ လုပ်ထားတာက ဒီလိုပါ -
မြန်မာပြည်သားတွေ ဒေလီကို ဘယ်လို ရောက်လာကြတာလဲ။ ဘာတွေ လုပ်နေကြသလဲ။
မြန်မာနိုင်ငံက ဒုက္ခသည်တွေ ဒေလီကို ရောက်တာမှာ ပထမဆုံးကတော့ အိန္ဒိယဘက်ကို တောခိုလာတဲ့ ၈၈ တုန်းက ကျောင်းသားတွေပေါ့။
မဏိပူရ်နယ်စပ်၊ မီဇိုရမ်နယ်စပ်က ကျောင်းသားစခန်းတွေကနေ ကျန်းမာရေးလိုအပ်ချက်လိုမျိုး အခြေခံ လိုအပ်ချက်တွေ ရှိလာတော့ နယူးဒေလီကို စွန့်စား တက်လာကြပြီး
ဂျော့ရှ်ဖာနာဒစ်လို မြန်မာ့အရေး အားပေးကူညီသူတွေရဲ့ အကူအညီနဲ့ UNHCR က ဒုက္ခသည်တွေအဖြစ် လက်ခံဖို့ ကြိုးစားနိုင်ခဲ့ကြတယ်။
နောက်ပိုင်းမှာတော့ နိုင်ငံရေးအရ ပြေးလာတဲ့ ဒုက္ခသည်တွေ၊ သဘာဝ ဘေးအန္တရာယ်တွေကြောင့် ပြေးလာရတဲ့ ဒုက္ခသည်တွေ၊ စီးပွားရေးအရ ပြေးလာရတဲ့ ဒုက္ခသည်တွေ ဒေလီကို တဖွဲဖွဲ ရောက်လာကြတာပေါ့။
အများစုကတော့ ချင်းပြည်နယ်က များတယ်။ ချင်းပြည်နယ်ဒေသခံ အစိုးရတပ်ရင်းတွေက ရွာတွေကို ပေါ်တာဆွဲတာမှာ ပါသွားလို့ ထွက်ပြေးရင်း ထပ်အဖမ်းခံရမှာစိုးလို့ အိန္ဒိယထိ ပြေးလာတာမျိုး၊
ချင်းပြည်နယ်မှာက အားလုံးသိကြတဲ့အတိုင်း လမ်းပန်းဆက်သွယ်ရေး မကောင်း၊ တောင်ကြောတွေချည်းပဲ ဆိုတော့ တခြားဒေသတွေလို သီးနှံတွေ အများကြီး စိုက်ပျိုးဖြစ်ထွန်းနိုင်တဲ့မြေယာ မရှိတာတွေကြောင့်
လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေးတွေ ကျဆင်းနေတာပေါ့နော်။ စီးပွားရေးမကောင်းတော့ ရေကြည်ရာမြက်နုရာ ရှာတဲ့အခါ ရန်ကုန်မန္တလေးလို နေရာတွေကို ရောက်သွားတဲ့သူတွေ ရှိသလို မလေးရှားမှာ
အလုပ်သွားလုပ်ကြတဲ့သူတွေလည်း ရှိတယ်။ တချို့ကြတော့ တတိယနိုင်ငံတွေ သွားဖို့ အိန္ဒိယ နယူးဒေလီမှာရှိတဲ့ UNHCR မှာ ဒုက္ခသည်အဖြစ် လာခံယူရင်း သွားရမယ့် အချိန်ကို စောင့်နေကြတာပေါ့။
အဲ့ဒီလို စောင့်နေတဲ့အခါ တချို့ကလည်း ကိုယ့်ဒေသကနေ ထုခွဲ ရောင်းချလာတာတွေနဲ့ ထိုင်စား၊ တချို့ကျတော့ ရရာအလုပ် လုပ်ကြတယ်။ အလုပ် ဆိုတာကတော့ တခါလေ ကြုံရာကျပန်း ခေါ်တဲ့ အချိန်ပိုင်း စားပွဲထိုး၊ သန့်ရှင်းရေး၊ ညစောင့်၊ ပန်းရံ၊ အလုပ်ရုံတွေမှာ ကုန်ထမ်း စတဲ့ အောက်ခြေသိမ်း အလုပ်ကြမ်းမျိုးတွေပေါ့။
ဒေလီမှာ မြန်မာရပ်ကွက် ရှိသလား။
မြန်မာတွေချည်းနေတဲ့ရပ်ကွက်ရယ်လို့တော့ မဟုတ်ပေမယ့် မြန်မာ အများစု စုပြီးနေကြတဲ့ ရပ်ကွက်တွေ ရှိပါတယ်။ နယူးဒေလီ အနောက်ဘက် ဆင်ခြေဖုံး ရပ်ကွက်လိုမျိုးတွေပါ။
အခု ကျမ နေနေတဲ့ ဗီဂက်စ်ပူရီ ဆိုတဲ့ ရပ်ကွက်က ဘိုဒဲလားဆိုတဲ့ ရွာ၊ ဟတ်ခ်ဆားလ်၊ ဂျနက်ခ်ပူရီ စီဝမ်း ရပ်ကွက်တွေမှာ မြန်မာနိုင်ငံသား အများစု နေကြပါတယ်။
ဘာတွေ စားကြသလဲ။ မြန်မာပြည်မှာလိုပဲ ထမင်းစားကြသလား။
အိန္ဒိယမှာ ဆိုပေမယ့် သူတို့စားသလို ချပါတီ၊ ရိုတီးစတာတွေက စားနေကျ မဟုတ်တော့ အမြဲမစားနိုင်ဘူး။ ထမင်းစားနေကျဆိုတော့ မတင်းတိမ်ဘူးပေါ့။
တခါတလေတော့ ရိုတီးတို့၊ ပလာတာတို့၊ စားဖြစ်ကြပါတယ်။ သူတို့ကတော့ ပရာတာလို့ အသံထွက်တယ်။
ဒီမှာ ဆန်ဝယ်စားလို့ရပါတယ်။ ဆန်က ဂျုံထက်စာရင် ဈေးတော့ ကြီးတာပေါ့။ ဂျုံတကေဂျီကို ၁၀ ရူပီး၊ ၁၂ ရူပီးလောက် ပေးရတယ်။
ဆန်ကတော့ အညံ့စားဆန်က တကေဂျီကို ၁၉ ရူပီး၊ ၂၀ ရူပီးလောက်ရှိတယ်။ ဆန်ကြမ်းပေါ့။ ဆန်ကောင်း ဆန်သန့်ကတော့ တကေဂျီကို ရူပီး ၃၀ ကျော်ကနေ ၄၀၊ ၅၀ အထိ ရှိတယ်။
ဈေးကြီးတော့ အဲ့ဒီဆန် မ၀ယ်စားနိုင်ကြဘူး။ ၂၀ ရူပီးကနေ ၂၅ ရူပီး ၀န်းကျင်လောက် ဆန်ကိုပဲ စားကြတာ များတယ်။
ဟင်းကလည်း ဒီမှာ ၀ယ်ရနိုင်တဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ ကိုယ့်ဒေသမှာ စားသလို ချက်စားကြတယ်။
ဟင်းသီးဟင်းရွက်ကတော့ မြန်မာပြည် နယ်မြို့လေးတွေက ၅ ရက် တဈေး လိုမျိုး တပတ်တခါ ခင်းတဲ့ ညဈေးတွေမှာ ၀ယ်တယ်။
နွမ်းပါးတဲ့ ဒုက္ခသည်တွေကတော့ မ၀ယ်နိုင်လို့ ညသန်းခေါင် ဈေးသိမ်းချိန်ကျရင် ဈေးသည်တွေ ပစ်ထားခဲ့တဲ့ ဟင်းသီးဟင်းရွက် အနွမ်းတွေထဲက ကောင်းနိုးရာရာ လိုက်ကောက်ယူကြတယ်။
အသားဟင်းကိုတော့ ပုံမှန် မစားနိုင်ကြဘူး။ အများစုစားနိုင်ရင် ကြက်ဥပဲ။ ကြက်ဥကတော့ မြန်မာပြည်ထက် ဈေးပေါတယ်။
ကြက်ဥ တဒါဇင်ကို ၂၅ ရူပီးကနေ ရူပီး ၃၀ ပေးရတယ်။ ကြက်သား၊ အမဲသား၊ ငါး၊ ၀က်သားတွေလည်း ၀ယ်လို့ ရပါတယ်။
တောင်ပိုင်းအစားအစာရယ်လို့ အိန္ဒိယသားတွေ စားကြတဲ့ ဗယာကြော်ပါ။ ဒိန်ချဉ်၊ အုန်းသီးခြစ်ထားတာတွေနဲ့ ရောထားတဲ့ တို့စရာနဲ့ တို့၊ ပဲဟင်းရည်ကျဲနဲ့ သောက်ရင်းစားရင်းပေါ့။
ဒါက တောင်ပိုင်း အစားအစာတွေ ရောင်းတဲ့ ဆိုင်တဆိုင်ပါ။ တောင်ပိုင်း အစားအစာတွေက ထမင်းနဲ့ ပဲကို အခြေခံပါတယ်။ ဒီဆိုင်တွေမှာ ထမင်းပူပူ ၀ယ်စားလို့ရပါတယ်။ ပုံမှာ မြင်ရသူများကတော့ ဒေလီသားတွေပါ။ ရွှေတွေ မဟုတ်ပါ။
သူတို့တွေ အဆာပြေစားကြတဲ့ မုန့်ကြွပ်ကြော်။ မုန့်လေပွေလိုမျိုးပေါ့။ အဲ့ဒါကို မဆလာ၊ ဆား ရောထားတဲ့ အမှုန့်တွေ ဖြူးပြီး စားကြပါတယ်။
သူတို့ဆီက စမူဆာ။ သူတို့ကတော့ စမိုဆာလို့ အသံထွက်ပါတယ်။ မြန်မာပြည်က စမူဆာလိုတော့ ကြွပ်ကြွပ်ရွရွလေး မဟုတ်ပါ။ ပျော့စိစိနဲ့ အထဲမှာ အာလူး၊ ကုလားပဲ၊ ပဲလုံးတွေ ဌာပနာ ပါတယ်။
ရေခဲရေရောင်းတဲ့ လှည်း။ ရေအမြဲအေးနေဖို့ အအေးပေးစက် တခါထဲ ပါပါတယ်။ အအေးပေးစက်က ရေနံဆီနဲ့ အလုပ်လုပ်တဲ့ စက်ပါ။ လှည်းလေးအပေါ်မှာ ဆားပုပ်ခဲ၊ သံပုရာသီးတွေပါ ပါပါတယ်။ နေ တအားပူတဲ့အခါ ဆားပုပ်ခဲ၊ သံပုရာသီး၊ ရေခဲရေ ရောထားတာကို အိန္ဒိယသားတွေ တော်တော်လေး သောက်ကြပါတယ်။ အပူဒဏ်ခံနိုင်တယ်၊ ချွေးထွက်တာ ကာကွယ်တယ်လို့ ဆိုပါတယ်။
ရှီခါး၊ ခိုင်ဒီး စသဖြင့် ကွမ်းပေါင်းထုပ်တွေ ရောင်းတဲ့ လှည်း။ ဒီလို လှည်းမျိုးတွေကို ကားဂိတ်၊ ရထားဘူတာ စတဲ့ နေရာတွေတိုင်းမှာ တွေ့ရတတ်ပါတယ်။
-
အိန္ဒိယရောက်နေတဲ့ မြန်မာပြည်က ဒုက္ခသည်တွေအကြောင်း ဧရာဝတီက တင်ဆက်တဲ့ Refugees' life in India ဆိုတဲ့ ဗွီဒီယိုမှာ ကြည့်ဖူးတယ်။ ပညာတတ်သူတွေ အတွက်လဲ နေစရာမရှိ၊ ပညာမတတ်သူတွေ အတွက်လဲ နေစရာမရှိ၊ တွေးမိတိုင်း ရင်နာစရာပါ။
ReplyDelete