Pages

Tuesday, September 20, 2011

ဧရာဝတီကို အိတ်ထဲထည့်မိတဲ့ တပ်ချုပ်




ကျားပေါက်

တပ်ချုပ်လို့ ခေါင်းစဉ်တပ်ရတာက စာဖတ်သူတွေ အလွယ်တကူ သိအောင်ပါ။ ကာကွယ်ရေးဦးစီးချုပ် (ကာချုပ်) က မင်းအောင်လှိုင် ဖြစ်လာပြီ။ ဗိုလ်ချုပ်ဟောင်းတွေရဲ့ အစိုးရသစ်နဲ့ ပတ်ဝန်းကျင်က ဗောင်းထုပ်လို့ ခေါ်တဲ့ တပ်ချုပ် ဦးသန်းရွှေနဲ့ မှားမှာစိုးလို့ တပ်ချုပ်နဲ့ စရတာပါ။ (ဗောင်းထုပ် - အထပ်ထပ်ရစ်ပတ်ထားသော ခေါင်းပေါင်းတမျိုး [မြန်မာစာအဘိဓာန်])

လျှပ်စစ်ဝန်ကြီးရဲ့ ရေအားလျှပ်စစ် စီမံကိန်းတွေ ဘာကြောင့် ဆက်လုပ်ချင်တာလဲ၊ ဘာကြောင့် ဒီလောက် သည်းသည်းလှုပ် ဖြစ်နေရတာလဲ၊ တရားခံအစစ်က ဘယ်သူလဲ။ အဲဒါတွေနဲ့ပတ်သက်လို့ ကျနော့်အမြင်လေး တင်ပြပေးချင်လို့ပါ။

ဦးဇော်မင်းရေ … လွန်တာပေါ့ဗျာလို့ ဆိုမှာပေါ့။ ဧရာဝတီကလည်း ပြည်တွင်းပြည်ပမှာ Hot Issue ဖြစ်လာတာကိုး။ တလောက ပြည်ပမီဒီယာတခုမှာ ဧရာတီနဲ့ပတ်သက်ပြီး ဆန္ဒပြကြတဲ့ မြန်မာမျိုးချစ်အသံတွေ ကြားလိုက်ပါရဲ့။ Issue ရှိ၊ နအဖ-ပြည်ခိုင်ဖြိုးကိုလည်း ဆန့်ကျင်တယ်လို့ ခံစားမိပါတယ်။ ကိုယ့်ဘက်ကကြည့် ခေါင်း၊ သူ့ဘက်ကကြည့် ပန်းပေါ့ဗျာ။

ပြည်ခိုင်ဖြိုးအစိုးရကတော့ သူများ မစင်ထုပ်ကိုသယ်၊ တကိုယ်လုံး နံစော်နေတဲ့ မိလ္လာထမ်းသမားတယောက်လို ဖြစ်နေပြီလို့ ဆိုနိုင်ပါတယ်။ နေရာယူထားပြီဆိုတော့လည်း ဆက်လုပ်ရမှာပေါ့။

တပ်ချုပ်က ဧရာဝတီကို ၂ ပိုင်းခွဲ စဉ်းစားပါတယ်တဲ့။ ဧရာဝတီကို ပေါက်ဖော်တို့အပိုင်စီး၊ လွတ်မြောက်ရေးတပ်တွေ လှုပ်ရှားဖို့ ဘယ်တော့မှ ခွင့်ပြုမှာ မဟုတ်ဘူးဆိုပြီး ၂၀၀၀ ပြည့်နှစ် နှစ်ဆန်းက ဧရာဝတီမြစ်ဝှမ်တိုးချဲ့ရေး၊ ပေါက်ဖော် မဟာဗျူဟာမြောက် ရေလမ်းကြောင်း ပွင့်ရေး ဝှက်ဖဲကို ငြင်းလိုက်တယ်။

ကျုပ်တောင် ဗောင်းထုပ်က ဆိုးပေမယ့် တိုင်းပြည်တော့ ချစ်သား၊ အချုပ်အခြာအာဏာကို စောင့်ရှောက်သား၊ တိုင်းတပါးသားတို့ ဝှက်ဖဲကိုတော့ မြင်သားဆိုပြီး ကြိတ်ချီးကျူးမိသေး။ ဒါပေမယ့် ဧရာဝတီက ထွက်မယ့်ငွေကို ပေါက်ဖော်နဲ့ ပေါင်းလုပ်ပြန်တော့ ငါ့လောက်ညံ့တဲ့သူ ငါရှိပါသေးလားဆိုပြီး ကိုယ့်ကိုယ်ကိုယ်အပြစ်တင်မိပါရဲ့။

ဗောင်းထုပ်ရဲ့ လုပ်ရပ်တွေကို အကောင်းဘက်က မြင်တဲ့အုပ်စုက တလောက သမ္မတသစ်ဆီ နောက်ဖေးပေါက်က တိုးဝင်သွားကြပြီး အနှီဆရာများက ဦးသန်းရွှေ တရုတ်နဲ့ ပူးသွားတာ အနောက်အုပ်စု ဆရာကြီးရဲ့ လေကြောင်းတိုက်ပွဲတွေကြောင့်ပါတဲ့။ ပေါက်ဖော်ကို တအားကပ်သွားရတာကို ကာကွယ်ပြန်ရော။ သူတို့တွေ ၈၈ က ကျောင်းသား၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ထမင်းစားခဲ့ကြပေမယ့် အချိန်တန်တော့လည်း ရေကြည်ရာမြက်နုရာပေါ့။ အပြစ်မတင်တော့ပါ။

ဒါနဲ့ကျားပေါက်လည်း ရွာဦးကျောင်းက ဆရာတော့် သိုးဆောင်းအဘိဓာန်နဲ့ မသိတဲ့စကားလုံးတွေရှာ၊ ပေါက်ဖော်-နအဖ စာချုပ်တွေကြည့်နဲ့ နှစ်တွေသာကုန် အဓိပ္ပာယ်မပေါက် ဖြစ်ခဲ့ရတာပေါ့။

ရန်ကုန်မြို့ အင်းစိန်က ပုဂ္ဂိုလ်တဦး ဦးဆောင်တဲ့ ကမ္ဘာမြေကြီး ကာကွယ်ကြစို့အဖွဲ့၊ မြစ်များရဲ့ ကွန်ရက်တွေ ၂၀၀၅-၂၀၀၆ လောက်မှာ ပေါက်ဖော်ရဲ့ ငမ်းငမ်းတက် စွမ်းအင်ရှာဖွေရေးနဲ့ ထိပ်တိုက်တွေ့နေပြီ။ သူတို့ခမျာ နိုင်ငံရေးမပါ၊ သဘာဝပတ်ဝန်းကျင်ကို အသက်နဲ့လဲ ကာကွယ်ကြပေမယ့် အကျိုးသိပ်မဖြစ်ခဲ့။

နိုင်ငံရေးရေချိန်အတက်၊ ရွေးကောက်ပွဲကို အလိမ်အညာတွေနဲ့ ပြီးအောင်လုပ်၊ ပြည်တွင်းပြည်ပ စောင့်ကြည့်သူတွေကို မျက်လှည့်ပြ၊ ဖဲချပ်ဒိုင်လိုပဲ ရှုံးလည်းနိုင်၊ နိုင်လည်းနိုင်၊ ပွဲအပြီး။ အန်တီစုကိုလည်း လွှတ်၊ Issue တော်တော်ပျောက်သွားတဲ့ အချိန်၊ ဧရာဝတီကို ကယ်တင်ကြ ဆိုတာ ဒီနှစ်လည်မှာ ပိုပြီး ပွဲဆူလာတယ် မဟုတ်လား။

ကတယ့်ပြဿနာက အနောက်အုပ်စု ဆရာကြီးလည်းမဟုတ်၊ အရှေ့အနောက် အားပြိုင်မှုလည်း မဟုတ်၊ ဇရက်တောင်ပံကျိုးနဲ့ ကြောင်ခံတွင်းပျက်တို့ ဇာတ်လမ်း။ ပေါက်ဖော်ကလည်း မီးရဖို့ စဉ်းစာနေချိန်၊ ၉-၁၁ ဘင်ကြီးတို့ နှိပ်စက်လိုက်တာ စွမ်းအင်ကမ္ဘာမှာ အမေရိကန်နဲ့ အနောက်နိုင်ငံတွေ ပိုပြီး ကြီးစိုးရာက ပေါက်ဖော်ခမျာ ရတဲ့နေရာက လျှပ်စစ်စွမ်းအင်ကို ရှာရတော့တာပဲ။

ဗောင်းထုပ်လည်း ပေါက်ဖော်ကြီး ဗိုက်နာနေတာကို သိနေတော့ အလကားတော့ ဘယ်ပေးနိုင်မလဲ၊ သံတမန်ရေး၊ စီးပွားရေး အကာအကွယ်တွေကို ကျုပ် အာဏာတည်မြဲရေး၊ ဖိအားတွေ ကာကွယ်ရေးအတွက်ပေး၊ ကျုပ်တို့ ခင်ဗျားတို့လိုချင်တာ ပေးမယ်ဆိုပြီး ဈေးတည့်သွားပုံ ရတယ်။

ပေါက်ဖော်ကြီးလည်း ယိုသူမရှင် မြင်သူရှက်တွေ လုပ်ကုန်တာပေါ့၊ ကုလသမဂ္ဂမှာ ဗီတိုသုံး၊ တိုင်းရင်းသားရွာတွေ ဖျက်ဖို့ မြန်မာစစ်တပ်ကို လက်နက်ပေး၊ ဒေါ်စုကို ဒလိုင်းလားမားလို မောင်းထုတ်သင့်တယ်လို့ အကြံပေးနဲ့ နအဖစစ်အစိုးရကို သည်းသည်းလှုပ် ထောက်ခံပေးခဲ့တယ် မဟုတ်လား။

ပေါက်ဖော်ရဲ့ လိုအပ်ချက်အရ ဗောင်းထုပ်ရဲ့ မဟာဗျူဟာ ကာကွယ်ရေးနဲ့ ကင်းလွတ်တဲ့ ရေအားလျှပ်စစ် ရေနံပိုက်လိုင်း လုပ်စေဗျာလို့ အမိန့်ရှိလိုက်တယ်လေ။ ဗောင်းထုပ်က လိုချင်တဲ့ ပိုက်ဆံတွေကို မိသားစုက စနစ်တကျ၊ လူကြီးလူကောင်း၊ နိုင်ငံတကာ အဆင့်မီ ရှာတတ်တာမဟုတ်။ ကြိုင်ကြိုင်က စီမံကိန်းပါမစ်ကို ဗောင်းထုပ်အိမ်က ဘုရားစင်မှာ တင်ဆုတောင်းပေး၊ နတ်တင်ပေးလောက် တတ်တာ။ ၂၀၀၀ ပြည့် နှစ်လည်လောက်က သစ်ခွပန်းတွေကို ဒေါ်လာ ၅ သိန်းနဲ့ ရောင်းတာ လောက်တတ်တာ။ ခုဟာက ကွန်ပြူတာတဖြစ်လဲ စီးပွားရေးသမား ပေါက်ဖော်တွေနဲ့ ဥာဏ်ကစားရမှာလေ။

ပေါက်ဖော်တွေဘက်က အစိုးရ ခေါင်းဆောင်တွေနဲ့ သဘောတူပြီးတဲ့ အချိန် China Power Investment Corporation က လူကြီးတွေ ဦးဆောင်ပြီး တကယ်လုပ်မယ်ဆိုတော့ ကြိုင်ကြိုင့် ဗေဒင်ဆရာတွေနဲ့ အလုပ်မဖြစ်။ သားမက်ကလေးကို ကူမင်းလွှတ်ပြီး စီးပွားရေး ဦးဆောင်ပေမယ့် အချိန်ကုန်တာပဲ အဖတ်တင်ပါတယ်။

တပ်ချုပ် အဲ … ဗောင်းထုပ်လည်း အနားယူချင်ပြီ။ သမီးနဲ့ သားမက်ကို တရုတ်ကုန်သည်တွေနဲ့ အလုပ်မဖြစ်တော့ အလုပ်ဖြစ်တဲ့သူကို ရှာရတော့တာပါပဲ။

မြန်မာပြည်က ဗိုလ်ချုပ်တွေ သတ္တိက အပြစ်မဲ့တဲ့ လက်နက်မဲ့ ပြည်သူအပေါ်လောက် ဗိုလ်ကျရဲတာ၊ နိုင်ငံခြားသားနဲ့တွေ့ရင် မျက်စိချင်းကြည့်ပြီး စကားပြောရဲတဲ့သူက ခပ်ရှားရှား။ ရှုးဖိနပ် ပြောင်မပြောင် ငုံ့ကြည့်ရင်း အချိန်ကုန်နေတာ။

နောက်ပိုင်းမှာ ဗောင်းထုပ်က တင်အောင်မြင့်ဦးကို သူ့ရဲ့ မဟာစီမံကိန်းထဲ ဆွဲထည့်လိုက်ပါတယ်။ ဒုသမ္မသစ်ဖြစ်လာသူ တင်အောင်မြင့်ဦးက ကိုဇော်ဇော်နဲ့ ကိုထွန်းမြင့်နိုင် အကူအညီနဲ့ ပေါက်ဖော်ကို ဆက်ဆံတော့တာပါပဲ။ အေးရှားဝေါလ် ထွန်းမြင့်နိုင်က ပေါက်ဖော်စကား ကျွမ်းကျင်တော့ အခက်အခဲမရှိ အဆင်ပြေတယ်လေ။ ဗောင်းထုပ်လည်း ပေါက်ဖော် ကွန်မြူနစ်ခါး ဖက်လိုက်တာ နှစ် ၂၀ ကျော်မှ ပေါက်ဖော် ခေါက်ဆွဲစားရမှန်း သိလာသလားမသိ။

အံပေါင်း ကောင်းကောင်းရဖို့ အေးရှားဝေါလ်ခါး ဖက်ရပြန်ရော။ ကိုထွန်းမြင့်နိုင်က ပေါက်ဖော်နဲ့ အလုပ်မလုပ်ခင် ဂျပန် ဆောက်လုပ်ရေး အကြံပေးတွေကို စင်ကာပူမှာ ခေါက်တုံ့ခေါက်ပြန်တွေ့၊ ပေါက်ဖော်လိုချင်တာတွေ ချရေး၊ ပေါက်ဖော်မှာ သုတေသနရှိရဲ့လား၊ လွတ်လပ်တဲ့ အကြံပေးလိုကြောင်း ဆွေးနွေးနဲ့ ပေါက်ဖော်ခမျာ ဗိုက်အောင့်နေတော့ သိပ်အချိန်မဆွဲလို၊ တပ်ချုပ်ကလည်း ပင်စင်ယူဖို့နီးလာလေ၊ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း နေအိမ်အကျယ်ချုပ် ထည့်ထားတာ ကြာပြီလေ။ သားရွှေအိုးထမ်းဖို့ အေးရှားဝေါလ်ကို မြန်မြန်လုပ်စေတော့တာပေါ့။

ကိုထွန်းမြင့်နိုင်က စနစ်တကျရှိသူ။ ကိုတေဇနဲ့ မတူတာက ကိုတေဇ လက်ရုံး ဒါရိုက်တာတွေက သိပ်ရှည်ရှည်ဝေးဝေး ကြည့်သူမဟုတ်။ ကိုထွန်းမြင့်နိုင်က ကိုတေဇလို မိန်းမလေးတွေနဲ့ မပတ်သက်တော့ အလုပ်ကို အလုပ်လို သဘောထားတာကြောင့် ဗောင်းထုပ်က မင်း ကိုတေဇထက် တော်တာ အဘလည်း ခုမှသိတယ်လို့ ချီကျူးတယ်ဆိုပဲ။

ဗောင်းထုပ် မိသားစု လောဘက မြန်မာ့ နိုင်ငံရေးလမ်းကြောင်းကိုတောင် ပြောင်းစေခဲ့တယ် မဟုတ်လား။ သမ္မတဖြစ်ချင်တဲ့သူတွေ ဘေးရောက်၊ ဝိုးတဝါး ဗိုလ်ချုပ်ကြီးက သမ္မတတက်ဖြစ်နဲ့။ အစိုးရ၊ လွှတ်တော်၊ ကြံ့ဖွံ့ပါတီအတွင်း ကပြောင်းကပြန်တွေ ဖြစ်ကုန်တော့တာပါပဲ။

ဗကပနဲ့ တိုက်ရင်း သူရဘွဲ့ရခဲ့တဲ့ ဒု သမ္မတ တင်အောင်မြင့်ဦး ကြီးကြပ်ညွှန်ကြားမှု၊ အေးရှားဝေါလ်ရဲ့ ကြားဝင်စေ့စပ်ပေးမှုရလဒ်က ဧရာဝတီမြစ်ကို ပက်ကေ့ခ်ျထုပ်ပြီး ရောင်းပေးလိုက်တာပါပဲ။

ကိုထွန်းမြင့်နိုင်လည်း မြစ်ဆုံရေကာတာ တည်ဆောက်ရေးက သူ့ဘဝအတွက် ကမ္ဘာအဆင့်မီ ဆောက်လုပ်ရေး မှတ်တိုင် ဖြစ်လာမှာကို ဝမ်းသာမိသလို ဗောင်းထုပ်အတွက်လည်း သက်လွန်ပင်စင် ဒေါ်လာသန်း ၃၀၀၀ သတ်မှတ်ခဲ့တယ်လေ။

ဗောင်းထုပ်နဲ့ ဒု သမ္မတသစ်တို့ မျှော်လင့်မထားတဲ့ အချက်တွေရှိပါတယ်။ ဒါတွေကတော့ ကိုးကန့် စီးပွားရေးသမား ပြိုင်ဖက်တွေရဲ့ မကျေနပ်မှု၊ တိုင်းပြည်ကို ပက်ပက်စက်စက် မလုပ်ချင်ကြတဲ့ ဗိုလ်ချုပ်ဟောင်း/သစ်များ၊ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ကြမယ့် NGO တွေ၊ ဗောင်းထုပ်-ရှစ်လုံး ကတုံးပေါ်ထိပ်ကွက်မှုတွေကို အဆင်းဘီးတပ်မယ့် လူသိုက်တချို့၊ နိုင်ငံရေးနိုးကြားသူတွေ၊ မျိုးချစ်ဝံသာနုတွေ၊ အပစ်ရပ်စဲရေးပျက်မှ ငါလည်း မသက်သာနိုင်ဘူး ဆိုသူတွေ၊ ပေါက်ဖော်ကို ရတဲ့နည်းနဲ့ ကျိတ်မယ်ဆိုတဲ့ နိုင်ငံတွေ စုသွားတာပါပဲ။

ဒု သမ္မတနဲ့ ကိုထွန်းမြင့်နိုင် မရိုးသားတာက တရုတ်ပညာရှင်တွေရဲ့ သတိပေးချက်ကို အမှိုက်ပုံးထဲ ထည့်လိုက်တာပါပဲ။ မေခနဲ့ မလိခ မြစ်ဆုံကနေ အောက်ဖက် ၃ ကီလိုမီတာမှာ ငလျှင်ပြတ်ရွေ့ကြောကြီး ရှိနေတယ် ဆိုတဲ့အချက်ပါ။

ပေါက်ဖော်ကလည်း ဗောင်းထုပ် သက်လွန်ပင်စင်အတွက် ဖြည့်ပေးခဲ့ရလို့ နောက်ဆုတ်ဖို့ ခက်ပြန်ရော။ တပ်ချုပ်ကလည်း ဒီလိုတော့ လွယ်လွယ်နဲ့ လျှော့ပေးရိုးလား၊ ဘယ်လိုပြန်ပေးနိုင်မှာလဲ။ တချိန်က မင်းတို့ကို ကိုတေဇကို အကြွေးမပေးနိုင်ရင် ခြောက်ထပ်ရုံးပေးလိုက်ပေါ့ကွလို့ ပြောရအောင်လည်း အာဏာက ဖယ်ပေးပြီးပြီ။ အနိုင်နဲ့ပိုင်းပြီး အရံတပ်ဖွဲ့ ဥပဒေနဲ့ ပြန်လာလို့ရပေမယ့် မြစ်ဆုံရေကာတာက နိုင်ငံတော် အရေးပေါ် အခြေအနေမဟုတ်၊ ဘယ်သူမှ လမ်းပေါ်ထွက် ဆန္ဒပြတာလည်း မရှိသေး။ ကိုမင်းအောင်လှိုင် အာဏာသိမ်းလိုက်လို့ ပြောရအောင် ပြောလောက်တဲ့ Iuuse လည်း မဟုတ်။

နောက်ကွယ်ရောက်သွားတဲ့ တပ်ချုပ် အကြံပေးနိုင်တာက “ခြောက်တိုင်းမကြောက်ကြနဲ့”၊ “တပ်မတော်အစိုးရလက်ထက် စီမံကိန်းတွေ ဆက်လုပ်” လောက်သာ ပြောနိုင်မှာပါ။

ပြည်လုံးကျွတ် လူတန်းစား အလွှာစုံက မမျှော်လင့်ဘဲ ဧရာဝတီကို ကာကွယ်ဖို့၊ ပေါက်ဖော်ကို အံတုဖို့၊ ဗောင်းထုပ်ရဲ့ ရက်စက်မှုတွေကို ဖော်ထုတ်ဖို့ ပြောလာတဲ့ အချိန်ရောက်လာပါပြီ။ မြန်မာတွေအတွက် ဧရာဝတီမြစ်က အသက်သွေးကြော၊ ပေါက်ဖော်အတွက်က ဧရာဝတီရှိခြင်း မရှိခြင်းဟာ အရေးကြီးကိစ္စမဟုတ်။ ပေါက်ဖော်တွေ မီးရဖို့၊ စက်ရုံတွေ လည်နိုင်ဖို့၊ ကုမ္ပဏီကြီးတွေ အမြတ်ရဖို့လောက် စဉ်းစားတာကိုး။

ဗောင်းထုပ်ကြီးက သူ့အနေနဲ့ နှစ် ၄၀ ကျော် ၅၀ နီးပါး ယူနီဖောင်းစိမ်းဝတ်ပြီး တိုင်းပြည်ကို နေ့မအားညမအား ဦးဆောင်ထားရတာ သက်လွန်ပင်စင်ဒေါ်လာ သန်း ၃၀၀၀ ကို ဘာကြောင့် ရန်လုပ်နေကြတာလဲလို့ ဆိုနေမလား။

အကယ်၍ မြစ်ကြီးလည်းကော၊ မြေငလျင်လှုပ်လို့ လူတွေလည်း သေ၊ မန္တလေးလည်း မြို့ပျက်၊ သိန်းနဲ့ချီသေမယ့် ကပ်ဆိုးကြီးကို မိသားတစုအတွက်သာ ကြည့်သူနဲ့ ကန့်ကွက်သူတွေ ဘယ်သူက မှန်သလဲဆိုတာ စဉ်းစားပေါ့ဗျာ။

(အချက်အလက်များမှာ ဆောင်းပါးရှင်၏ အာဘော်အတိုင်း ဖြစ်ပါသည်)





3 comments:

  1. ဖတ်၍အလွန်ကောင်းပါသည် ။ သို့သော် သည်လိုကိစ္စမျိုးကို (SATIRE) - သရော်စာ ပုံစံမျိုးထက် အတည်အခန့်ရေးစေလို့ပါသည်၊
    အကြောင်းအ၇ာအချက်အလက်ခိုင်လုံမှုများသည် အရေးအသားကြောင့် ပေါ့သွားမှာကိုမလိုလားသောကြောင့်ဖြစ်ပါသည် ။

    ReplyDelete
  2. အကုန်သေကြမှ မြန်မာပြည်အေးချမ်းမှာ..မဟုတ်ရင်
    ဘယ်ကောင်တက်တက် တိုင်းပြည်မအေးချမ်းဘူး..
    တိုင်းရင်းသားတွေရော ကျွန်ဝယ်ရာအဆစ်ပါ မအေးချမ်းရဘူးး..

    ReplyDelete
  3. Thank you Kyar Pauk! Your article is very informative.
    Looking forward to reading some more articles from you.

    ReplyDelete