အိန္ဒိယနိုင်ငံက စီးပွားရေးလုပ်ငန်းစုကြီးတခုဖြစ်တဲ့ TaTa ကုမ္ပဏီက သူထုတ်လုပ်ထားတဲ့ ကားတွေကို လာမည့်နှစ်အတွင်းမှာ နယ်စပ်ကနေတဆင့် မြန်မာနိုင်ငံကို တင်ပို့ရောင်းချဖို့ ရှိတယ်လို့ အိန္ဒိယစီးပွားရေး သတင်းရပ်ကွက်က ဆိုပါတယ်။
TaTa ရဲ့ အိန္ဒိယမိတ် Land Rover (asiabizz.com)
TaTa က ထုတ်တဲ့ Range Rover နဲ့ Land Rover ကားတွေကို အဓိကထား တင်ပို့ဖို့ စီစဉ်ထားပြီး ဈေးအချိုဆုံးဆိုတဲ့ TaTa ရဲ့ Nano ကားလေးတွေကိုတော့ နည်းနည်းပဲ တင်ပို့ပါမယ်တဲ့။
Nano ကားလေးတွေဟာ ဈေးချိုပေမယ့် အိန္ဒိယသားတွေဟာ ဒီဈေးပေါတဲ့ကားတွေကို ၀ယ်စီးတယ်ဆိုတာမျိုး သူများအမြင်မခံချင်တာနဲ့ Nano ကားအရောင်းက ထင်သလောက် မပေါက်လို့ TaTa က တော်တော်စိတ်ညစ်သွားပါသတဲ့။
TaTa က သူတို့ရဲ့ ကားတွေ မြန်မာပြည်ကို ရောင်းဖို့မှာ အထက်တန်းလွှာကိုပဲ ဦးစားပေးထိုးဖောက်ဖို့ စဉ်းစားထားတယ်၊ ဒီတော့ မြန်မာနိုင်ငံရဲ့ ကားဈေးကွက်ကို လေ့လာပြန်တော့လည်း ကားစီးနိုင်သူအများစုဟာ ဒီလို ဈေးချိုတဲ့ ကားလေးတွေကို စီးကြမှာ မဟုတ်သလို ၆၂ သန်းသောမြန်မာပြည်သူတွေဟာ ဒီကားလေးတွေကိုတောင် ၀ယ်နိုင်ဖို့ အင်အားသိပ်မရှိဘူးဆိုတာ တွေ့ရပါသတဲ့။
ဒါကြောင့် Range Rover နဲ့ Land Rover တွေကို ဦးစားပေး တင်ပို့မှာလို့ ဆိုပါတယ်။
Range Rover နဲ့ Land Rover ကားအမျိုးအစားတွေကို အာဖရိကနဲ့ အာရှတိုင်းပြည်တော်တော်များများက သဘောကျကြသလို၊ TaTa ရဲ့ Range Rover နဲ့ Land Rover တွေဟာလည်း ဆင်းရဲတဲ့တိုင်းပြည်တွေကို တင်ပို့ရောင်းချတဲ့အခါ မျက်နှာပန်းလှတယ်၊ အဲ့ဒီနိုင်ငံတွေမှာက ဒီလိုကားအမျိုးအစားတွေကို တန်ဖိုးကြီးကားအမျိုးအစားတရပ်အနေနဲ့ သုံးကြတယ်လို့ ဆိုပါတယ်။
TaTa ကားကုမ္ပဏီဟာ ဗြိတိန်နိုင်ငံက Jaguar Land Rover ကုမ္ပဏီက ကားတွေကို အိန္ဒိယမှာ တဦးတည်းကိုယ်စားလှယ်အဖြစ် တင်ပို့ရောင်းချခွင့်ကို ၂၀၀၉ ခုနှစ်တုန်းက ရခဲ့ပါတယ်။ ၂၀၁၀ ခုနှစ်နောက်ပိုင်းမှာတော့ Land Rover ကားအမျိုးအစားတွေကို သူ့ရဲ့စက်ရုံတွေမှာပဲ ကိုယ်တိုင်ထုတ်လုပ်ခွင့်ရခဲ့ပြီး အဲ့ဒီ ကားတွေကို ၂၀၁၁ နှစ်ဆန်းပိုင်းကစပြီး ရောင်းချခဲ့ပါတယ်။
TaTa Land Rover ကားတွေရဲ့ ဈေးနှုန်းကတော့ အမျိုးအစား၊ မော်ဒယ်လ်အလိုက် ရူပီး ၆ သိန်း ၃ သောင်း ကနေ ၉သိန်း အထိ ရှိပါတယ်။ လက်ရှိ မြန်မာငွေ ပေါက်ဈေးနဲ့ဆိုရင်တော့ အနည်းဆုံး ကျပ်ငွေ သိန်း ၁၂၀ ကနေ သိန်း ၁၈၀ ၀န်းကျင်လောက် ရှိပါမယ်။
ကမ္ဘာ့ဈေးအချိုဆုံးကားလို့ ကြွေးကြော်ထားတဲ့ TaTa Nano (asiabizz.com)
Nano ကားလေးတွေကတော့ မော်ဒယ်လ်အလိုက် ရူပီး ၁သိန်းကနေ ၁သိန်း၉သောင်းရှိပါတယ်။ မြန်မာငွေနဲ့ကတော့ ကျပ်သိန်း ၂၀ ၀န်းကျင်ပေါ့။အဲ … မြန်မာငွေနဲ့တွက်တဲ့အခါ စည်းကြပ်မယ့် အမြတ်ခွန်တွေ၊ ကုန်သွယ်ခွန်တွေ၊ စတာ စတာတွေ ကိုတော့ ထည့်ပေါင်းလိုက်ပါဦးနော်။


အားမပေးပါနဲ့။ ဈေးတူရင် Totota ပဲကောင်းပါတယ်။
ReplyDeleteRange Rover, Defender ဖြစ်သင့်ပါသည်၊ Land Rover ဆိုတာ Company နာမည်ပါ၊ Land Rover Co. ထုတ်ကားအမျိုးအစားများမှာ Discovery, Range Rover, Freelander, Defender တို့ဖြစ်ပါတယ်၊
ReplyDeleteမှားနေပြီ ဧရာဝတီ။ လန်းရိုဗာတို့ ရိခ်ျ့ရိုဗာတို့ဆိုတာ ဆင်းရဲတဲ့နိုင်ငံမှမဟုတ်ပါဘူး ချမ်းသာတဲ့နိုင်ငံတွေမှာလည်း တန်ဘိုးကြီးအမျိုးအစားကား တွေထဲမှာပါပါတယ်။ ချမ်းသာတဲ့နိုင်ငံတွေမှာလည်း လူတိုင်းမစီးနိုင်ပါဘူး။Range Rover ဆိုရင် ချမ်းသာတဲ့ အာရပ်နိုင်ငံတွေမှာလည်း တန်ဖိုးကြီးကားအနေနဲ့စီးကြတာပါဘဲ။ ဘက်ခမ်းတို့၊အိုဝင်တို့၊ရွှန်းနေတို့၊ဟောလိဝုဒ်မင်းသား၊မင်းသမီးတွေလည်းစီးကြတာပါဘဲ။
ReplyDelete