
မလေးရှားရောက် မလေးငယ်ဆိုသော မြန်မာမိန်းမပျိုလေး၏ အိတ်ဖွင့်ပေးစာ..
(Feel free to Share)
အစ်ကိုတို့ရေ အစ်ကိုတို့ကို ညီမအနေနဲ့ ဆက်သွယ် ပြောချင်တာလေး နည်းနည်း ရှိပေမဲ့ ဘယ်လို ဆက်သွယ်ရမှန်း မသိလို့ အင်တာနက်ပေါ်ကပဲ အိတ်ဖွင့်ပေးစာအနေနဲ့ ပို့လိုက်ပါတယ်ရှင်။ ပြောချင်တာတွေများတော့ စာကနည်းနည်း ရှည်သွားလို့ သည်းခံပြီး အဆုံးထိ ဖတ်ပေးစေချင်ပါတယ်နော်။
ညီမက ပီနန်မှာ အလုပ်လုပ်နေတဲ့ မြန်မာမိန်းကလေး တစ်ယောက်ပါ။ အစ်ကိုတို့ အကြောင်းကို ညီမစသိတာတော့ နည်းနည်းကြာပါပြီ။ ညီမ သူငယ်ချင်းတစ်ယောက်က ညီမကို ပြောပြလို့ပါ။ သူပြောပြတာကတော့ မလေးရှားမှာ တခြားနိုင်ငံသားတွေနဲ့ တွဲပြီး အခြေအနေဆိုးနေတဲ့ မိန်းကလေးတွေ မရှိရအောင် ရည်ရွယ်ချက်တူတဲ့ လူတွေစုပြီး အဖွဲ့ဖွဲ့ပြီး လုပ်ဆောင်မယ်တဲ့။ သူပြောတာကြားတော့ ညီမလေဝမ်းသာလိုက်တာ။ သူ့ကိုတောင် ပြောလိုက်သေးတယ်။ ဖြစ်သင့်တာ ကြာပြီလို့။
ဟုတ်ပါတယ်။ မလေးရှားမှာ မြန်မာမိန်းကလေးတချို့ဟာ တခြားနိုင်ငံသားတွေနဲ့ အပျော် သဘောတွဲပြီး အခြေအနေဆိုးနေတာ ကြာပါပြီ။ ညီမ မလေးရှားကို စရောက်တည်းက မြန်မာမိန်းကလေးတွေနဲ့ ပတ်သက်ပြီး အဆိုနှစ်ခု ကြားရပါတယ်။ တစ်ခုကတော့ ဖုန်းတစ်လုံးဝယ်ပေးရင် မြန်မာမိန်းကလေးတစ်ယောက်ရပြီတဲ့။
နောက်တစ်ခုကတော့ မြန်မာ ယောက်ျားလေးတွေက ပြောတာပါ။ မြန်မာနိုင်ငံ ပြန်ရောက်လို့ မိန်းမယူမယ် ကြံရင် မလေးရှားကို ရောက်ဖူးတဲ့ မိန်းမ ဆိုရင်တော့ ဝေးဝေးရှောင်မယ် တဲ့။ ညီမလေ အဲ့စကားတွေကြားရတော့ တော်တော် စိတ်မကောင်းပါဘူး။ အစ်ကိုတို့ သတင်းကို အဲ့ဒီနေ့မှာ ကြားလိုက်ရတော့ ညီမ တော်တော် ပျော်မိတယ်။ ညီမ ကိုယ်တိုင်လဲ အပြင်တွေဘာတွေ သွားရင် မြန်မာမိန်းကလေးတွေ လူမျိုးခြား ယောက်ျားလေးတွေနဲ့ တွဲနေတာမြင်ရင် မချိအောင် နာမိသူပါ။ ဒါတောင် ညီမက အပြင်ကို သိပ်မထွက်ပါဘူး။ မထွက်မဖြစ် လကုန် အိမ်ကို ပိုက်ဆံ ပို့တဲ့ အချိန်ရယ်ချက်ဖို့ပြုတ်ဖို့ ဈေး မသွားမဖြစ် ကိုယ်တိုင် သွားရမယ့် အချိန်ရယ်။ ဒီနှစ်ချိန်လောက်ပဲ အပြင် ထွက်တာပါ။ ဒါတောင် ညီမထွက်တိုင်း မိန်းကလေးတွေကို တခြားလူမျိုးတွေနဲ့ တွဲပြီး မကြာမကြာမြင်နေရပါတယ်။ အဲ့တော့ အစ်ကိုတို့ သတင်းလေးကြားတော့ ညီမ အရမ်း ဝမ်းသာတယ်။ အစ်ကိုတို့ သူတို့ကို ဘယ်လို ကူညီမလဲ။ ဘယ်လို လုပ်ဆောင်မလဲ။
ညီမအမြဲနားစွင့်နေပါတယ်။ ဒါပေမဲ့ ညီမ ကိုယ်တိုင်ကလဲ အပြင် သိပ်မထွက်လို့လားတော့ မသိ။ အစ်ကိုတို့အဖွဲ့ရဲ့သတင်းကို မျက်ခြည်ပျက်သွားခဲ့တာ ကြာရောပေါ့။ ဟိုရက်ပိုင်းကလေးကမှ အစ်ကိုတို့ အင်တာနက်ပေါ်ကို တင်လိုက်တဲ့ ဗီဒီယိုလေး ကြောင့် အစ်ကိုတို့ လုပ်ဆောင်နေတာတွေကို ညီမ သေချာသိခဲ့ရပါတယ်။
ဒီနေရာမှာ အစ်ကိုတို့ကို ရှင်းပြချင်တာလေး နှစ်ခု ရှိပါတယ် အစ်ကိုရေ။
ပထမ ရှင်းပြချင်တာကတော့ မလေးရှားက မြန်မာမိန်းကလေးတိုင်း မပျက်စီးပါဘူး ဆိုတဲ့ အချက်ပါပဲ။ အစ်ကိုတို့ရေ ညီမ ဖတ်မိဘူးတာလေး တစ်ခုရှိပါတယ်။ မန္တလေးမြို့က မစိုးရိမ် ကျောင်းတိုက်ကြီးကို လှူခဲ့တဲ့ ဒကာ အကြောင်းပါ။ တစ်နေ့ အဲ့ဒီ ဒကာအိမ်ကို သူ့မိတ်ဆွေ တစ်ယောက်က ရောက်လာပြီး
“ဟေ့ကောင် မင်းကတော့ မစားရက် မသောက်ရက်နဲ့ စုပြီး ကျောင်းတိုက်ကြီး လှူထားတာကွာ။ အခုပဲ မင်းလှူထားတဲ့ ကျောင်းကို ငါရောက်ခဲ့တော့ ဘုန်းကြီးတွေ သင်္ကန်း ခါးတောင်းကျိုက်ပြီး ခြင်းခတ်နေတယ်။ ဘယ်မြင်လို့မှ မကောင်းကွာ” ဆိုပြီး လာပြောသတဲ့။
အဲ့ဒါနဲ့ အဲ့ဒီ ဒကါကလည်း “ဟုတ်လား လာ ကျောင်းသွားရအောင်ကွာ” ဆိုပြီး သူ့သူငယ်ချင်းနဲ့ အတူ နှစ်ယောက်ကျောင်းကို သွားကြသတဲ့။ ကျောင်းရောက်တော့ သူ့သူငယ်ချင်း ပြောတဲ့ အတိုင်းပေါ့လေ။ ကျောင်းဝင်းထဲမှာ ဘုန်းကြီးတွေ ခြင်းခတ်နေတာကို တွေ့သတဲ့။ အဲ့ဒါနဲ့ပဲ ဒကါလည်း သူ့သူငယ်ချင်းကို “လာ ကျောင်းတိုက်ပေါ် ခဏတက်ဦး” ဆိုပြီး ကျောင်းပေါ် ခေါ်သွားတယ်။ ကျောင်းပေါ်ရောက်တော့ ကျောင်းပေါ်မှာ စာအံတဲ့ ကိုရင်တွေ စာသင်တဲ့ ဘုန်းတော်ကြီးတွေ တရား ထိုင်နေတဲ့ ဘုန်းတော်ကြီးတွေ အစရှိသဖြင့်ပေါ့။ ဘုန်းကြီးတွေ ကိုရင်တွေကို တွေ့သတဲ့။ အဲ့ဒီအခါ ဒကါက သူ့သူငယ်ချင်းဖက်ကို လှည့်ပြီး “ခြင်းခတ်နေတဲ့ဘုန်းကြီး ဘယ်နှစ်ပါးရှိသလဲ” လို့ မေးလိုက်ပါတယ်။
သူ့သူငယ်ချင်းကလဲ “မင်းမတွေ့ဘူးလား ဘုန်းကြီး ငါးပါး ခြင်းခတ်နေတာ။” ဒကါက ထပ်ပြီးတော့ “ဟော့ဒီကျောင်းပေါ်မှာ စာအံ စာချနေတဲ့ ဘုန်းကြီးတွေ ကိုရင်တွေ ဘယ်နှစ်ပါး ရှိမယ် ထင်သလဲ ”လို့ ထပ်မေးလိုက်ပါတယ်။
သူ့သူငယ်ချင်းလဲ “ဟာ ဒါကတော့ အများကြီးပဲပေါ့။” အဲ့ဒီအခါ ဒကါက “အေးဟုတ်တယ် မင်းအပြင်မှာ ခြင်းခတ်နေတာကိုပဲ မြင်တာကိုးကွ။ အထဲလည်း ဝင်ကြည့်ပါဦး” လို့ ပြောသတဲ့။
အစ်ကိုတို့ရေ အဲ့လိုပါပဲ။ မလေးရှားမှာ အစ်ကိုတို့တွေ အပြင်မှာတွေ့နေရတဲ့ မိန်းကလေးတွေရဲ့ အရိပ်အကဲကို ကြည့်ပြီးတော့ မလေးရှားက မြန်မာမတွေ မကောင်းဘူး။ ယောက်ျားတွေနဲ့ ပလူးနေလိုက်တာ။ မြင်လို့မှမကောင်း။ -ါ လုံးလုံးဖြစ်နေပြီလို့ ဝါးလုံးရှည်ကြီးနဲ့ သိမ်းမရမ်းကြပါနဲ့။ စက်ရုံတွေ အလုပ်ရုံတွေထဲမှာ ရိုးရိုးသားသားနေပြီး ကြိုးကြိုးစားစားနဲ့ မိဘတွေကို လုပ်ကျွေးနေကြတဲ့ မိန်းမကောင်းလေးတွေ တစ်ပုံကြီး ရှိပါတယ်။
အစ်ကိုတို့ရဲ့ မွန်မြတ်တဲ့ စိတ်ဓါတ်နဲ့ ရည်ရွယ်ချက်ကို မှန်ကန်တဲ့ လုပ်ရပ်နဲ့ အကောင်အထည် ဖေါ်နိုင်ပါစေ
ဒုတိယ ရှင်းပြချင်တာကတော့ မလေးရှားကို ရောက်နေတဲ့ မြန်မာမိန်းကလေး တော်တော်များများရဲ့ ဘဝပေးအခြေအနေပါ။ မလေးရှားကို လာပြီး အလုပ် လုပ်နေတဲ့ မြန်မာမိန်းကလေး တော်တော်များများဟာ မြန်မာနိုင်ငံရဲ့ အခြေခံ လူတန်းစား တစ်နေ့လုပ် တစ်နေ့စား အသိုင်းအဝိုင်းတွေက လာတာများပါတယ်။ မြန်မာနိုင်ငံမှာ ပိုက်ဆံအလယ်အလတ် အဆင့် ရှိတဲ့လူတွေတောင် မလေးရှားကို မလာပါဘူး။ သူတို့တွေ နိုင်ငံခြားကို ထွက်ရင် စင်္ကာပူလောက်ကို အနိမ့်ဆုံး ထွက်တတ်ပါတယ်။ ပြီးတော့ မလေးရှားကို လာတဲ့ မိန်းကလေးတွေရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းလောက်ဟာ ပိုက်ဆံချေးပြီးလာတာ များပါတယ်။ အဲ့ဒီလိုပဲ လာတဲ့ မိန်းကလေးတွေရဲ့ ငါးဆယ် ရာခိုင်နှုန်းလောက်ဟာ လက်မထပ်ရသေးတဲ့ မိဘအုပ်ထိန်းမှု အောက်မှာ ရှိနေသေးတဲ့ မိန်းမပျိုလေးတွေ များပါတယ်။ လာတဲ့အချိန်မှာတော့ မျှော်လင့်ချက်တွေ တစ်နင့်တစ်ပိုးကြီးနဲ့ပေါ့။ ပွဲစားတွေရဲ့မစားရဝမခန်း ပြောလုံးတွေကြောင့်လည်း ပါတာပေါ့လေ။
အဲ တကယ်ရောက်ပြီ ဆိုတဲ့ အချိန်မှာတော့ ………………….။
မလေးရှားမှာ အလုပ်လုပ်တဲ့ မြန်မာမိန်းကလေး တော်တော်များများရဲ့ အခြေခံလစာကို တွက်ရင် မလေးငွေ ရင်းဂစ် ၇၅၀ ပေါ့။ တချို့တွေဆို တစ်နေ့ကို ရင်းဂစ် ၂၀ကျော်လောက်နဲ့ တစ်လမှ ၆၀၀ကျော်လောက်ပဲ ရကြပါတယ်။
အမျိုးမျိုးပေါ့လေ။ ဒါပေမဲ့ ပျမ်းမျှ တွက်လိုက်မယ် ၇၅၀ ပဲထား။ (တစ်ထောင်ကျော် ထွက်နေတဲ့လူတွေလည်း ရှိပါတယ်။ ဒါကရောက်ပြီး သုံးနှစ်လောက်ကြာ လုပ်ငန်းအတွေ့အကြုံရှိ စကားပြောလေး တက်လာတဲ့အချိန်မှပါ။) ရောက်စ၂လ လောက်မှာ ဘယ်လိုမှ ပိုက်ဆံ မပို့နိုင်ပါဘူး။ ဒီမှာ စားဖို့ အိုးလေးခွက်လေးတွေ လိုတဲ့ပစ္စည်းလေးတွေ ဝယ်ရတာကို။
ကဲ ပိုက်ဆံပို့ပြီ ဆိုတော့ ။ ရတဲ့လခက ၇၅၀။ ထမင်းဖိုးက ၁၅၀ ထား။ အိမ်ကို ဖုန်းဆက်ဖို့နဲ့ ဆပ်ပြာ သွားတိုက်တံတခြားဝယ်စရာ တိုလီမှုတ်စလေးတွေက ၁၀၀ ပဲ ထားဦး။ ဒါ အနည်းဆုံးနှုန်းကို တွက်ပြနေတာပါနော်။ အဲ့ဒီမှာတင် ၂၅၀ ကုန်ပြီ။ အိမ်အတွက် ၅၀၀ ပေါ့။ ငွေဈေးက ၂၅၀ ဈေး။ အဲ့တော့ အိမ်ကိုပို့တဲ့ပိုက်ဆံက တစ်လကို မြန်မာငွေ ၁၂၅၀၀၀။
အဲ့ဒီမှာ အရေးကြီးတာက နောက်မှာ ကျန်ခဲ့တဲ့ မြန်မာနိုင်ငံက လူတွေရဲ့ အခြေအနေပဲ။ ချေးထားတဲ့ ပိုက်ဆံကလည်း အတိုးက တက်နေ။ ဒါလေးကိုကျေဖို့ အမြန် ဆပ်နေတဲ့ အချိန်မှာ အိမ်ကလူတွေက တစ်ခြား ပိုက်ဆံ ဝင်ငွေရှိရဲ့လား။ ကိုယ့် တစ်ယောက်တည်းဆီကပဲ မျှော်ကိုးနေရတဲ့ လူတွေလား။ အဲ့ဒီအခြေအနေတွေပေါ် မူတည်ပြီး မိန်းကလေးတွေ ခမျာ အဆင်ပြေသလို လှုပ်ရှားနေရတာတွေ ညီမတွေ့နေရတယ်။
အစ်ကိုတို့ ညီမအရင်းလေးတွေ ဆိုရင်ရော အဲ့လိုဖြစ်ခဲ့လို့ ရိုက်နှက်ဆုံးမမယ် ဆိုရင် အဲ့လိုပဲ တစိမ်းယောက်ျားလေး အပေါင်းအသင်းတွေ ခေါ်ပြီးတော့ တစ်ယောက်တစ်ချက်စီ ချောင်ပိတ်ပြီး ဝိုင်းရိုက်ကြမှာလား။ ရိုက်ရက်ကြမှာလား။
ညီမလေ သူတို့ကို အရမ်း သနားပါတယ်။ သူတို့ လုပ်ချင်လို့ လုပ်နေကြတာ မဟုတ်ပါဘူး။ တခါတလေကျရင် ဘယ်လိုမှ လွန်ဆန်လို့ မရတဲ့ ဘဝတွေ ရှိတတ်ကြတယ် အစ်ကိုရေ။ မလုပ်ချင်ပေမဲ့လည်း မဖြစ်ချင်ပေမဲ့လည်း ကိုယ့်မိဘအတွက် ကိုယ့်ညီအစ်ကို မောင်နှမတွေအတွက် …………………………………………………..။
အစ်ကိုတို့ရေ တော်တော်များများက ပြောပါတယ် မြန်မာနိုင်ငံမှာ ထမင်းငတ်လို့ သေတဲ့ မသာ မရှိဘူးတဲ့။ ဟုတ်ပါတယ် ထောက်ခံပါတယ်။ ဒါပေမဲ့ ဆင်းရဲလို့ ဆေးကုဖို့ ပိုက်ဆံ ငါးသောင်းလောက် မရှိလို့ သေတဲ့ မသာတွေ ရှိပါတယ် အစ်ကိုတို့ရေ။ ပိုက်ဆံ ငါးသောင်း ဆိုတော့ မလေးငွေ ၂၀၀ ပေါ့နော်။ အစ်ကိုတို့ရေ အစ်ကိုတို့ အင်တာနက်ပေါ်မှာ တင်ထားတဲ့ အခွေမှာ မိန်းကလေးကို အစ်ကိုတို့ ပြောဆို ဆုံးမနေတဲ့စကားတွေ ညီမ ကြားခဲ့ရပါတယ်။ အဲ့ဒီအထဲမှာတစ်ခုက နင်တို့ ရုပ်ရည်လေးနဲ့ဆို မြန်မာနိုင်ငံမှာ လင်ကောင်းကောင်း ရှာယူလို့ ရပါတယ်တဲ့။ ဟုတ်ပါတယ် အစ်ကိုရေ။ မိန်းကလေးတွေ အတွက်က ယောက်ျား ကောင်းကောင်း တစ်ယောက် ရှာယူလိုက်ရင် သူ့အတွက် ပူစရာ မလိုပါဘူး။ ယောက်ျားက ရှာကျွေးမှာပေါ့နော့။ ဒါပေမဲ့ အဲ့ဒီယောက်ျားက သူ့မိန်းမကိုပဲ ရှာကျွေးမှာလေ။ သူ့မိန်းမနောက်က မိဘတွေကိုတော့ ရှာကျွေးဖို့ သထာမယ် မထင်ပါဘူး အစ်ကိုတို့ရေ။ ဒါကညီမ ပြောပြချင်တဲ့ မလေးရှားက မိန်းကလေး တော်တော်များများရဲ့ ဘဝပေး အခြေအနေပါ။
အစ်ကိုတို့ရေ သိတတ် နားလည်တဲ့လူကြီးမပြောနဲ့ ငယ်ရွယ်စဉ် ကလေး ဘဝမှာတောင် မိဘတွေက သားလေးကြီးလာရင် လူကောင်းလုပ်မှာလား လူဆိုးလုပ်မှာလား ဆိုရင် လူကောင်းလုပ်မယ် လို့ ဖြေခဲ့ကြ လူကောင်း လုပ်ချင်ခဲ့ကြတာချည်းပါပဲ။ တခါတရံမှာ ရှင်းပြလို့မရနိုင်တဲ့ အခြေအနေတွေကြောင့် လူတော်တော်များများဟာ လူဆိုးတွေဖြစ်ကြရတယ်။ အစ်ကိုတို့ရေ အစ်ကိုတို့ရော ဘဝမှာ မလုပ်ချင်ပေမဲ့ မတတ်သာလို့ မဖြစ်သာလို့ ကြိတ်မှိတ်လုပ်နေရတဲ့အဖြစ်မျိုးတွေ မကြုံခဲ့ဖူးဘူးလားဟင်။ မကြုံခဲ့ဖူးဆိုရင်တော့ အစ်ကိုတို့ဟာ တော်တော် ကံကောင်းတဲ့လူတွေပါပဲ။
ညီမတောင် အခုဖြစ်နိုင်ရင် မလေးရှားမှာ အလုပ်မလုပ်ချင်ပါဘူး။ မြန်မာပြည်ပြန်ပြီး ကိုယ့်မိဘတွေနဲ့ပဲ ပျော်ပျော် ရွှင်ရွှင် လွတ်လွတ်လပ်လပ် နေချင်ပါတယ် အစ်ကိုတို့ရေ။ မလေးရှားမှာ အလုပ်လုပ်ရတာ အနည်းနဲ့အများ အခက်အခဲတွေ ရှိနေတာ ဖိနှိပ်မှုတွေ ရှိနေတာကို အစ်ကိုတို့လဲ မလေးရှားမှာ နေနေတဲ့လူတွေပဲ ဆိုတော့ သိမှာပါအစ်ကိုရေ။ ဒါတောင်ညီမက တချို့သော မိန်းကလေးတွေလို မိသားစုမှာတစ်ဦးတည်း ပိုက်ဆံရှာသူ မဟုတ်ခဲ့ပါဘူး အစ်ကိုရေ။ မြန်မာပြည်ကနေ မလေးရှားကို လာဖို့ပြင်ရတည်းက သတင်းတွေကလည်း ကြားနေတော့ ငါ ကံဆိုးလိုက်တာ မသွားချင်ပေမယ့်လည်း သွားရဦးမယ် ငါ တော်တော် ကံဆိုးတာပဲလို့ ထင်နေခဲ့သမျှ ဒီက တချို့သော မြန်မာ မိန်းကလေးတွေရဲ့ ဘဝကို အသိမှာ ငါတော်တော်ကံကောင်းသေးတာပဲ လို့ ကိုယ့်ကိုယ်ကို အားပေးမိပါတယ်။
အခုချိန်ထိလည်း ညီမက ပိုက်ဆံကို ရိုးရိုးသားသားနည်းနဲ့ပဲ ကိုယ့်လုပ်အားနဲ့ကိုယ် ရှာဖွေနေနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ပျက်စီးနေပါတယ် ဆိုတဲ့ မြန်မာမိန်းကလေးတွေရဲ့ ဘဝကိုလည်း ညီမ စာနာနားလည်ပေး နိုင်ပါတယ်။ နင်တို့တွေကြောင့် ငါတို့တွေပါ ရောပြီး နာမည်ပျက်နေရတာလို့ လက်ညှိုးမထိုးရက်ခဲ့ပါဘူး။ သူတို့နေရာမှာ ငါသာဆိုရင်ရော ဆိုတဲ့ အတွေးနဲ့တင် ညီမ အပြစ်တင်ဖို့ မဝံ့ရဲခဲ့ပါဘူး။ အစ်ကိုတို့ရေ အစ်ကိုတို့ရဲ့ မွန်မြတ်တဲ့ စိတ်ဓါတ်နဲ့ ရည်ရွယ်ချက်ကို ညီမ လေးစားမိပါတယ်။ ဒါပေမဲ့ အစ်ကိုတို့ရေ လုပ်ရပ်တွေက မှားနေလားလို့။
အစ်ကိုတို့တင်ထားတဲ့ အခွေထဲက မိန်းကလေးတွေရော ဘယ်လိုဖြစ်သွားလဲဟင်။ သူတို့တွေ ရှက်ပြီး မြန်မာပြည် ပြန်ကုန်ကြပြီလား။ ဒါဆိုရင် တော်သေးတာပေါ့။ မဟုတ်ဘဲနဲ့ပေါက်တဲ့နဖူး မထူးပါဘူး အခုဆိုရင် ငါတို့အကြောင်းတွေ အကုန်သိကုန်ပြီ ဆိုပြီး အဲ့ဒီ နီပေါတွေဆီ အပြီးလိုက်သွားတာမျိုး ဘဝကိုဖြစ်သလို ရေစုန်မျှောလိုက်တာမျိုး ဒါမှမဟုတ် ရှက်ပြီး ကိုယ့်ကိုယ်ကို အဆုံး စီရင်သွားတာမျိုး ဆိုရင်တော့ …………………………………..။
အစ်ကိုတို့ရေ မလုပ်ကြပါနဲ့။ သနားပါတယ်။ ဝဋ်ဆိုတာ လည်တက်တယ်လေ။ တစ်ချိန်မှာ အစ်ကိုတို့မှာ သမီးလေးများ ရလာခဲ့လို့ အဲ့လိုများ ဖြစ်သွားကြရင်……………။
ဝါးလုံးရှည်ကြီးနဲ့ သိမ်းမရမ်းကြပါနဲ့။ စက်ရုံတွေ အလုပ်ရုံတွေထဲမှာ ရိုးရိုးသားသားနေပြီး ကြိုးကြိုးစားစားနဲ့ မိဘတွေကို လုပ်ကျွေးနေကြတဲ့ မိန်းမကောင်းလေးတွေ တစ်ပုံကြီး ရှိပါတယ်။
အစ်ကိုတို့ရေ စိတ်မဆိုးဘူး ဆိုရင် မေးခွန်း တစ်ခုလောက်မေးချင်ပါတယ်။ အစ်ကိုတို့ ညီမအရင်းလေးတွေ ဆိုရင်ရော အဲ့လိုလုပ်မှာပဲလားဟင်။ အစ်ကိုတို့က ဖြေရင် ဖြေလိမ့်မယ်။ ညီမအရင်းဆိုရင်လည်း ရိုက်နှက် ဆုံးမသင့်ရင်ဆုံးမရမှာပဲ။ ဒါမှမဟုတ် ငါ့ညီမသာဆို အစောထဲက ငါကိုယ်တိုင် သတ်ပစ်လိုက်ပြီ အစရှိသဖြင့်ပေါ့။
ညီမ သိချင်တာက အဲ့ဒါတွေ မဟုတ်ပါဘူး။ အစ်ကိုတို့ ညီမအရင်းလေးတွေ ဆိုရင်ရော အဲ့လိုဖြစ်ခဲ့လို့ ရိုက်နှက်ဆုံးမမယ် ဆိုရင် အဲ့လိုပဲ တစိမ်းယောက်ျားလေး အပေါင်းအသင်းတွေ ခေါ်ပြီးတော့ တစ်ယောက်တစ်ချက်စီ ချောင်ပိတ်ပြီး ဝိုင်းရိုက်ကြမှာလား။ ရိုက်ရက်ကြမှာလား။ ညီမလေ မနေ့က အစ်ကိုတို့ တင်ထားတာကို ကြည့်ပြီးတော့ မျက်ရည်တောင် ကျပါတယ်။ ငါ့ညီမလေးသာ ဆိုရင် ဆိုတဲ့ အတွေးနဲ့လေ။ အစ်ကိုတို့ရေ ဖတ်ခဲ့ဖူးတာလေးတစ်ခု ထပ်ပြောပြချင်ပါတယ်။ စာကလည်း ရှည်နေပြီ ဆိုတော့ အတိုချုံးလေးပဲ ပြောလိုက်တော့မယ်နော်။
တစ်ခါက ရွာတစ်ရွာမှာ ပြည့်တန်ဆာအလုပ် လုပ်တဲ့ မိန်းမတစ်ယောက်ကို ရွာသူရွာသားတွေက ခဲနဲ့ ဝိုင်းပေါက်ကြသတဲ့။ အဲ့ဒီအချိန်မှာ ဂျီးဇက်ရောက်လာပြီး ဘာဖြစ်တာလဲ လို့မေးတော့ ဒီမိန်းမက ပြည့်တန်ဆာအလုပ် လုပ်တဲ့အတွက် ဝိုင်းအပြစ်ပေးနေကြတာပေါ့။ ဂျီးဇက်က မလုပ်ပါနဲ့လို့ တားပေမယ့်မရပါဘူး။ အပြစ် ရှိရင်တော့ အပြစ်ပေးရမှာပဲလို့ ပြောပြီး ခဲနဲ့ ထပ်ပေါက်ကြသတဲ့။ အဲ့ဒါနဲ့ ဂျီးဇက်က စကားတစ်ခွန်း ထပ်ပြောလိုက်ပါတယ်။ အဲ့ဒီစကားအဆုံးမှာတော့
အဲ့ဒီ အမျိုးသမီးဆီကို ခဲတစ်လုံးမှ မရောက်လာတော့ဘူးတဲ့။ ဂျီးဇက်ဘာပြောလိုက်လဲ ဆိုတော့ သင်တို့ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ကြပါဦး။ သင်တို့ဟာ ဘဝမှာ အပြစ်ကင်းခဲ့တဲ့လူတွေ အပြစ် မလုပ်ခဲ့ဖူးတဲ့လူတွေ ဆိုတာ သေချာရင်တော့ ဒီမိန်းကလေးကို ခဲနဲ့ ဆက်ပေါက်ကြပါ တဲ့။ အစ်ကိုတို့ရေ အစ်ကိုတို့လည်း ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ကြပါဦး။
စာကလည်း ရှည်သွားပြီဖြစ်တဲ့အတွက် ဒီမှာပဲ အဆုံးသတ်လိုက်ပါတော့မယ်။ အစ်ကိုတို့ရဲ့ မွန်မြတ်တဲ့ စိတ်ဓါတ်နဲ့ ရည်ရွယ်ချက်ကို မှန်ကန်တဲ့ လုပ်ရပ်နဲ့ အကောင်အထည် ဖေါ်နိုင်ပါစေလို့ ညီမက ဆန္ဒပြုလိုက်ပါတယ်။
ရေးသားသူ= မလေးငယ်
၃.၁.၂၀၁၂
ညွှန်း - facebook
တခါတခါ မလေးမှာလုပ်နေတဲ့ လူတွေအကြောင်းကြားရတာ တော်တော်စိတ်မကောင်းဖြစ်မိတယ်။ မလေမှာ ဘင်ကလားတွေ နီပေါတွေ က ဘာသာတူတော့ သူတိုက မြန်မာတွေထက်နေရာရတယ်။ ပါဝါရှိတယ်။ ( စလုံမှာတော့ သူတို့က မြန်မာတွေရဲခိုင်းဖက်) မြန်မာမတွေက ပိုက်ဆံရလိုဘဲတွဲတွဲ၊ အာဏာရလိုဘဲတွဲတွဲ ဒါသူတိုရဲ့ လွတ်လပ်ပိုင်ခွင်ပါ။ သူတိုသမိုင်းပါ။ လူမျိုးတိုင်မှာ ဖါဆိုတာရှိတာဘဲ။ ကောင်းစေချင်ရင်တော့ နားလည်းအောင်ရှင်ပြပေါ၊ ရိုက်တော့ရော ပြုပြင်မှာတဲလား။ သို့မဟုတ် သူတိုအခက်အခဲကိုကူညီပြီးရှင်ပေးလိုက်ကြပေါ့။
ReplyDeleteThanks for your artical,Ma Lay Nge.
ReplyDeleteAfter I read and then got one idea to suggest.
Not need to beat and scold the one who making spoil of our name of burmese race.
Just upload their name ,photo and document to online and send one inform letter to her family.So,before they do the bad thing,they have to think carefully for the consequence of what they did.I dont think they will dare to do .
That all.
If there any wrong thing you feel.Apology !!
Just sharing what I feel....
Thanks
အရေးအသား ရယ်ရွယ်ချက် တင်ပြပုံ နှစ်လိုဖွယ်ရာ ကောင်းလှပါသည်။ လေးစားလျှက်
ReplyDeleteကျွှန်တော်တို.မြန်မာအမျိုးသမီးတွေအတွက်ဝမ်းနည်းပါတယ်
ReplyDeleteသူတို.အတွက်ပြည်တွင်းမှာအလုပ်အကိုင်ကောင်းတွေပေါ်
ပါစေလို.......?
It is a very good letter. Thank you Ma Lay Nge.
ReplyDeleteI wish all the men in the video and whoever supports their action could understand the root cause of this problem and find out the solution peacefully.
တော်တော်ကောင်းတဲ့စာပါပဲဗျာ..
ReplyDeleteဒီစာကို အဲလိုလူမျိုးတွေ ဖတ်မိပါ့မလား မသိဘူး...
အဲဒီလူတွေ ကို မေးချင်တာဗျာ...
ခင်ဗျားတို့ကော မိန်းကလေး ဘယ်နှယောက်ကို ကူညီခဲ့ပြီး ဘယ်နှယောက် ကို ဖျက်စီးခဲ့ပြီလဲ ဆိုတာ...
ဒီယုန်မြင်လို့ ဒီချုံထွင်တဲ့ ရုပ်တွေနဲ့...မင်းတို့ လုံအောင်ပုန်းနေကြ..
ဒီအဖြစ်အပျက်ကို ကြည့်ရ မြင်ရ ဖတ်ရတာ တိုင်ပြည်အတွက် အတော် ဝမ်းနည်းစရာ ကောင်းပါတယ်။ စစ်အစိုးရက တိုင်ပြည်ကို မျက်ကွယ်ပြု ခဲ့လို့ ပြုနေဆဲဖြစ်လို့ပါ။ စီးပွားရေးချွတ်ခြုံကျခဲ့ရတဲ့ ဆိုးကျိုးပါ။ စစ်တပ်ကြီးစိုး လက်ဝါးကြီးအုပ်မှု့ ကြောင့် ဖြစ်လာတဲ့ နောက်ဆက်တွဲပါ။ တိုင်းတစ်ပါးမှာ ဖြစ်နေတဲ့ အဖြစ်အပျက် တွေရှိသလို ပြည်တွင်းမှာ စစ်အစိုးရ လက်ဝေခံရဲ၊ စီပွားရေးသမားတွေ ဖွင့်ထားတဲ့ မိန်းမပျော်ဘဝပျက်တွေ အများကြီးရှိပါတယ်။ မြန်မာနိုင်ငံက မြို့ နယ် တိုင်းမှာ ရှိတဲ့ ရဲစခန်းတွေက ဆပ်ကြေးကောက် ပြီး ရဲဝန်ထမ်းတွေ အသက်ဆက်နေကြတယ်ဆိုတာ အများပြည်သူ မျက်မြင်ပါ။
ReplyDeleteကျွန်တော် မလေးရှားမှာနေခဲ့ဘူးပါတယ် ကွန့်မန့်တွေမှာ ရေးသားကြသလို နှစ်ဖက်လုံးက မှန်ကြပါတယ် ပထမဆုံးက မြန်မာပြည်မှာ အလုပ်အကိုင် စားဝတ်နေရေးတွေ ကျပ်တည်းလို့ ဒီကိုထွက်လာကြတယ် ထွက်လာသူအများစုတွေဟာ နယ်ဒေသတွေများပါတယ် ပညာရေး ဗဟုသုတ နည်းပါးကြသူတွေများပါတယ် မိသားစုအခြေအနေတွေဟာ နွမ်းပါးဆင်းရဲကြတယ် ကိုယ့်လူမျိုးအခြင်းခြင်း ဂုဏ်သွေးစုတ်ကြတဲ့ လူပွဲစားတွေက နယ်တွေဆင်း လိမ်ညာပြောဆို ရန်ကုန်အေးဂျင့်တွေနဲ့ လက်ဝါးရိုက်ပြီးပေါင်းစားကြ မလည်မဝယ်နဲ့ မလေးရှားရောက်လာကြတယ် ပွဲစားပြောသမျှတွေနဲ့ လုံးဝတလွဲ အခြေအနေ ဒုက္ခတွေနဲ့ကြုံရတယ် စိတ်ဓါတ်မခိုင်မာသူတွေ အလွယ်နည်းနဲ့ဖြေရှင်းကြသူတွေ ပျက်စီးကုန်တယ် တိုင်းပြည် လူမျိုး မိဘ မျက်နှာတွေကို မကြည့်နိုင်ကြတော့ဘူး ဒါတွေကို မြင်ရ ကြားရတော့ မခံချင်စိတ်ရှိတဲ့လူငယ်တွေ တောက်ခေါက်သံတွေ ကိုယ့်လူမျိုးအချင်းချင်း ရိုင်းပင်းကူညီတွေရှိကြသလို ဒုက္ခရောက်သူကို ဝါးကူထိုးသူတွေလည်းရှိကြတယ် ဖြစ်သမျှဒုက္ခ ကြိတ်မှိတ်ပြီး အားတင်းရင်ဆိုင်ကြတဲ့ ညီငယ် ညီမငယ်များလည်းရှိကြပါတယ် ပြီးတာတွေ ထားပါတော့ ဘယ်သူ့ကိုမှ လက်ညှိုးမထိုးကြပါနဲ့ မိဘတွေနဲ့ဝေးနေတဲ့ အခြေအနေမှာ ညီအကိုမောင်နှမတွေလို စည်းလုံးကြပါ ဖြစ်နိင်ရင် ဘုန်းဘုန်းများကို အမှုးထားပြီး လူမှု့ရေး အသင်းအဖွဲ့များ ဖွဲ့စည်းကြပါ အားလုံးညီညွတ်စွာ ပူးပေါင်းကူညီကြပါ ကိုယ့်လူမျိုးအခြင်းခြင်း ထိမ်းသိမ်းစောင့်ရှောက်ကူညီ ရိုင်းပင်းကြပါလို့ ဆန္ဒပြုလိုက်ပါတယ်
ReplyDeleteရိုက်ပြီးဆုံးမတဲ.အထဲမှာ ကောင်းစေချင်တဲ.စေတနာ တွေတွေ.ရပါတယ် ..ဒါတောင်ကောင်မလေးတွေကပြန်ပက်နေတာတွေ.ရတယ်..ကျွန်တော်လဲမလေးမှာ နေခဲ.ပါတယ်..နီပေါတွေကတော. သိပ်မရိုင်းဘူး ဘင်းဂလားတို. မလေးတို.ဆိုရင်တော. ခင်ဗျားတို.အသက်ကိုရန်ရှာလိမ်.မယ်..ခင်ဗျားတို.အသက်နဲ.ရပ်တည်မူ.ကိုမငဲ.ပဲအခုလို ဆုံးမပေးတဲ.အတွက်ကျေးဇူးပါ
ReplyDeleteအဲဒီလိုရိုက်နှက်နေတာကတော့မကောင်းပါဘူးဗျာ။
ReplyDeleteမသကာပြောဆိုရုံလောက်ဆိုရင်လဲနားလည်မှာပါ။
ဗုဒ္ဓဘာသာတွေပဲဗျာ မကောင်းတာကိုတော့နားလည်
မှာပါ။အဲဒီပြဿနာရဲ့အဓိကအကြောင်းအရင်းက
အေဂျင်စီတွေကြောင့်လို့တော့ထင်ပါတယ်။အဲဒါ
တွေကိုသေချာစိစစ်ဒါမှမဟုတ်သွားမယ့်သူတွေက
သေချာစုံစမ်းပြီးမှသွားသင့်တယ်လို့ထင်ပါတယ်။
မလေးငယ်ရဲ့ စာအရဆိုရင် ဒီကောင်တွေ ဘယ်သူတွေလဲဆိုတာ လွယ်လွယ်သိနိုင်ပါတယ်၊ ဒီကောင်တွေကို ဖော်ထုတ်အရေးယူဖို့ မလေးရောက် မြန်မာတွေအနေနဲ့ ၀ိုင်းဝန်းကြိုးစားသင့်တယ်၊ ဒါဟာကြီးမားတဲ့ ရာဇ၀တ်မှု တစ်ခုပဲ။
ReplyDeleteမလေးရှားမှာရောက်နေတဲ့မိန်းကလေးတွေအကြောင်းကြားရတာ စိတ်မကောင်းပါဘူး ဒါပေမဲ့မျက်မြင်ကိုယ်တွေ့ တွေ့ရတာကတော့ မိန်းကလေးတွေဟာ များသောအားဖြင့်အတွဲတွေနဲ့ချည်းဘဲရှိနေကြတယ် တစ်ချို့စက်ရုံတွေမှာဆို မလေးရှားရောက်တာမှ (၂)လလောက်ဘဲရှိသေးတယ် စားဖို့သောက်ဖို့ယောကျာင်္းတစ်ယောက်လောက်ရှာမှတဲ့ အဲဒီလိုပြောကြတယ် သူတို့ကယောင်္ကျားရရင် စားဖို့သောက်ဖို့ကမပူရဘူး .....ရတဲ့လစာကိုအိမ်ပို့လို့ရတယ် စသဖြင့် ဒီလိုနဲ့နေသွားကြတာအများကြီးပါဘဲ
ReplyDeleteအဖြစ်အပျက်တွေကတော့ သူအစ်ကြောင်းနဲ့သူတို့ရှိကြမှာဘဲပေါ့ ......ကောင်းမယ်ထင်ရင်တော့ သူတို့ရဲ့အခက်အခဲကိုကူညီပေးလိုက်ပါ
အားလုံးရဲ့ ကွန်မန်.တွေက ကောင်းပါတယ် ဒါတွေဟာ ကိုယ့်နိုင်ငံက နိုင်ငံရေး အခြေအနေ မကောင်းတာရယ် အုပ်ချုပ်သူ လူတန်းစားများ၏ တကိုယ်ကောင်းဆန်စိတ်များ နိုင်ငံသားများကိုမချစ်တတ် တန်ဖိုးမထားတတ်တာများကြောင့်ပါပဲ အခုလိုဖြစ်လာတော့ ကိုယ့်နိုင်ငံကိုယ့်လူမျိုးဘယ်လောက်အောက်တန်းကျတယ်ဆိုတာ ရှင်းပါတယ် မြန်မာဆိုရင်ဘဲ နိုင်ငံတကာမှာ မျက်နှာပန်းမလှဖြစ်နေခဲ့တာကြာပါပြီ စစ်တပ်ရဲ့ ဆိုးမွေတွေ ဘယ်လောက်ထိ ပြည်သူများခါးစည်းခံစားနေရဦးမလဲ
ReplyDeleteမလေးငယ်ပြောတာတရားနည်းလမ်းကျပါတယ်၊
ReplyDeleteလူတိုင်းမှာမှန်သည်ဖြစ်စေမှာသည်ဖြစ်စေ ကိုယ်ပိုင်ရွေးချယ်ပိုင်ခွင့်ရှိပါတယ်။ လူတစ်ယောက်ကို မှားတယ်ဆိုပြီးရိုက်နှက်ခွင့်မရှိပါဘူး။ ဘယ်လိုသဘောမျိုးနဲ့ ရိုက်ရိုက် နိုင်ထက်စီးနှင်းလုပ်မှု နှင့် အရေးယူနိုင်ပါသည်။
စေတနာအမှန်ရှိတယ်ဆိုရင် အဲ့မိန်းကလေးတွေရဲ့ စားဝတ်နေရေးဒုက္ခကို သူတို့လစာထဲကထုတ်ပြီးကူညီ လိုက်ပေါ့ ပေးနိုင်လို့လား ။သင့်တော်တဲ့ အလုပ် ရှာပေးလိုက်ပေါ့.. .ခုဟာက ကုလားနဲ့တော့သွားတယ် ငါတို့နဲ့တော့မလိုက်လို့ ရိုက်နှက်နေတဲ့ပုံ။ အားနွဲ့တဲ့မိန်းကလေးတွေကို ယောက်ျားကြီးတွေက၀ိုင်းရိုက်တာ ပိုတောင်ရှက်ဖို့ ကောင်းသေး။ ကိုယ်နာမည် ပျက်မှာ စိုးလို့ သူတပါး ရိုက်နှက်တာ အတ္တကြီးလွန်းသလို ပြဿနာပြေလည် မသွားပါဘူး။ သူတို့လေးတွေရဲ့မိသားစုတွေ ကို မတတ်နိုင်တဲ့အဆုံး ဒီလိုလုပ်ကျွေးနေရတာ မြန်မာနိုင်ငံမှာလည်း ဒီလိုတွေရှိပါတယ်။ သူတို့လိုဆင်းရဲတဲ့သူတွေ ရန်ကုန်မှာဆိုရင်တောင် အငယ်မယားပဲလုပ်သွားကြမှာ။ ဒီလိုမျိုးတွေ မဖြစ်အောင်ပွဲစားတွေသွားရန်ဖြစ်ပါလား အရမ်းအားရင်လည်း။ အဲလူတွေတောင်ပွဲစားနဲ့တူသေး
Really fell sorry....for our people...God help all myanmar nation...
ReplyDeleteThanks Ma lay Nge..
ReplyDeleteYes every where , ever country and every national has prostitutes. If they are educated enough they wont have beaten those girls.We Myanmar have to understand. We are use to solving the problem superficially. And no culture to think deeply why and how this problem broke out...
Killing for dignity is a crime....
What a shame on those men... I want to tell those stupid men , Hay you come and beat many prostitutes from Thein Gyi Zay area and every corners of roads in Yangon....
အခုဆောင်းပါးထဲက အချက်အလက်
ReplyDeleteတော်တော်များများဟာ အမှန်တရားတွေပါ။ .အချက်အလက်တွေကို ပြောတာပါ။
တချို့သော မြန်မာမိန်းခလေးတွေက သိပ်ကိုဖြူစင်ကြပါတယ်။ ကံဆိုးချင်တော့
ကိုယ်ကျင့်တရားမကောင်းတဲ့ အမျိုးသမ္မီးတွေနဲ့ အတူနေ၊အတူတူ အလုပ်လုပ်
နေရတာလည်းရှိပါတယ်။ လူတိုင်း ကိုယ့်ဘ၀နဲ့ကိုယ် ပြောမရရင် လွှတ်ထားကြ မှာပါ။ ခက်တာက သူတို့တင်မဟုတ်ဘဲ ကျန်တဲ့သူတွေကိုပါ ဆွယ်တရား
ဟောတတ်ကြတာပါ။ လူဆိုတော့လည်း သွေးနဲ့ကိုယ်၊သားနဲ့ကိုယ်လေဗျာ..။ သူတို့မှာဦးနှောက်ရှိတာပဲ..စဉ်းစားဆုံးဖြတ်နိုင်မှာပေါ့လို့ ပြောစရာရှိပါတယ်။ ထားပါ...အဲဒီရိုးသားတဲ့ မိန်းခလေးတွေကို ကိုယ့်ဦးနှောက်နဲ့ကိုယ် စဉ်းစား ဆုံးဖြတ်ခိုင်းကြည့်အုံး.အလုပ်လာလုပ်တဲ့ မိန်းခလေးအများစုဟာ ရိုးသားတဲ့ကျေးလက် နယ်မြိုတွေကများပါတယ်။့.အနှစ်၂၀ကျော် ဒီသတင်းစာ၊ ဒီရုပ်မြင်သံကြားတွေက လွှင့်တာတွေပဲ ကြည့်ခဲ့ရ၊ မိသားစု ပါတ်ဝန်းကျင် ထိန်းချုပ်မှု့အောက်မှာပဲ ကြီးပြင်းလာခဲ့ရတဲ့ မြန်မာမိန်းခလေးတွေဟာ သိပ်ကိုယုံလွယ်တတ်ပါတယ်။ ဒီနေရာမှာ ပါတ်ဝန်းကျင်ရဲ့ စေ့ဆော်မှု့က သိပ်အရေးပါလာပါပြီ။ ပိုက်ဆံမရှိလို့ လာရှာတာဆိုတော့ ဟိုမှာတည်းက စာတတ်လာတဲ့မမတို့က လိုင်းသွင်းချင်တော့တာပါပဲ။
စေတနာနဲ့မနေနိုင်တဲ့သူတွေက ၀င်ပါ..ဒါပေမဲ့ လုပ်ရပ်က မမှန်သလိုဖြစ်၊ လူပြောစရာဖြစ် အခုတော့ နိုင်ငံတကာ ဟိုးလေးတကျော်ဖြစ်တော့ ကောင်းကြသေးရဲ့လား။ အကျင့်မကောင်းတဲ့ မြန်မာယောကျာင်္းတွေလည်း ရှိပါတယ်။ ပန်းစားဘီလူးတွေပေါ့ဗျာ..အခုမှလာတဲ့ မနူးမနပ်လေးတွေကိုစောင့်ပြီး တယောက်ပြီးတယောက် ပုံပြောပြနေတော့တာပါပဲ။ သူတို့ကတော့ လိုင်းမသွင်းဘူးးစားပြီးနားမလည်လုပ်တတ်ကြတယ်။ လူတိုင်းမှာ အားနည်းချက် ကိုယ်စီရှိတတ်ပါတယ်။ ခြောက်ပစ်ကင်း သဲလဲစင် ဘယ်ရှိပါ့မလဲ...တကယ့် ညီအစ်ကိုမောင်နှမစိတ်နဲ့ ကူညီဖေးမတဲ့ သူတွေလည်းအများကြီး၊အများကြီး မလေးရှားမှာရှိပါတယ်။ ဘယ်နိုင်ငံမှာဖြစ်ဖြစ် ပြသာနာတွေက ရှိနေတတ်ပါတယ်..လူသိတာနဲ့ လူမသိတာပဲ ကွာတာပါ။ သေချာတာ တခုကတော့ ကောင်းတဲ့သူတွေရော၊ မကောင်းတဲ့သူတွေရော စိတ်ထဲတူညီတာတခု ရှိနေမှာပါ။
အဲဒါကတော့ ကျွန်တော်တို့အားလုံး " အိမ် ကိုလွမ်း" နေကြပါတယ်။
မိန်းမတွေ ဘာကြောင့် ငွေရှာရလည်း၊
ReplyDeleteဘယ်လိုနည်းနဲ့ ရှာရှာ၊
အဖြေကရှင်းနေတာပဲ၊
ယောက်ျားတွေ လုံလောက်အောင် မထောက်ပံ့နိုင်လို့ပေါ့၊
ရှက်တတ်ရင် လဲသေဘို့ကောင်းတယ်၊
အိမ်မှုကိစ္စ မလုပ်အားပဲ ငွေထွက်ရှာနေရတဲ့ မိန်းမတိုင်းကို
လေးစားသင့်တယ်၊
မစော်ကားသင့်ဘူး၊
ယောက်ျားကောင်း မိန်းမတထောင်တော့
လုပ်ချင်ကြတယ်
တိုင်းပြည်ကိုအုပ်ချုပ်ပြီး တိုင်းသူပြည်သားတွေရဲ့ ဘ၀တိုးတက်မှုအပေါ် တာဝန်ယူ လုပ်ဆောင်မပေးနိုင်တဲ့ အစိုးရ၊ တိုင်းသူပြည်သားတွေရဲ့ ပစ္စည်းလေးပါးကို သုံးဆောင်ပြီး ယဉ်ကျေးအောင် သွန်သင်မပေးကြတဲ့ ဘာသာရေးခေါင်းဆောင်များ၊ မွေးထားပြီး ကိုယ့်ကျင့် စိတ်ဓာတ်ကောင်းမွန်အောင် မဆုံးမ ကြတဲ့ မိဘတွေ မှာလည်း ၅၀% တာဝန်ရှိပါတယ်။ ကျန်တဲ့ ၅၀% ကတော့ ကာယကံရှင် မိန်းခလေးတွေ ကိုယ်တိုင်အပေါ်မှာ မူတည်တာပါ။ ဒါ့ကြောင့် သိပ်လည်း သနားနေလို့ အလုပ်မဖြစ်ပါဘူး၊ ဒါမျိုးကိစ္စတွေကို ပါးစပ်နဲ့ သနားနေကြမယ့်အစား လက်တွေ့ကျကျ အကောင်းဘက်ရောက်အောင် ၀ိုင်းဝန်းပြုပြင်ပေးကြဘို့က အရေးကြီးတယ်ဆိုတာ သတိရကြစေချင်ပါတယ်။
ReplyDeleteThanks,Ma Lay Nge.
ReplyDeleteBe an educated person the men in that video clip. Beating up is not he way change the one's attitude an character. The girls in that clip will get A BITTER PSYCHO in their whole lives, that's all.This kind of case is POVERTY IMPACTS. Myanmar Government and Malay Myanmar Embassy should investigate and solve this case. What a shameful attitude of Burmese.
Thanks Ma Lay Nge for your letter.
ReplyDeleteThis reflects one of the images of today’s Myanmar.
I am so sad to watch the video.
I would like to urge all the following parties to look into this occurrence seriously in order to prevent Myanmar ladies abroad and not to happen like this case again:
(1) The Government led by President U Thein Sein,
(2) “Pyithuhluttaw” Representatives,
(3) Myanmar Human Rights Commission,
(4) Ministry of Foreign Affairs in Myanmar,
(5) Myanmar Embassies in Kuala Lumpur, Bangkok, Singapore, etc.
စီးပွာရေးအဆင်မပြေလိုဒီလိုပြည့်တန်ဆာဖြစ်ရတယ်ဆိုတာတော့လက်မခံဘူးဗျ။အဲဒိအချက်ကသာမာန်တွေးခေါ်ချက်ပဲလူနဲ့ပဲဆိုင်တယ်။ရှင်းရှင်ပြောရင်ဗျာ ကျနော်သြစတေးလျ
ReplyDeleteမှာနေတယ်။၈ျပန်တို့ တောင်ကိုရီးယားတို့က ပြည့်တန်ဆာ
တွေနဲ့ပျော်ပါးဘူးတယ်။
သူတို့နိုင်ငံတွေချမ်းသာနေတာပဲ။အလုပ်အကိုင်တွေပေါ်နေတာပဲ။ဘာကြောင်သြစတေးလျမှာပြည့်တန်ဆာလာလုပ်ရတုန်း။
အဖြေကတော့ လောဘဗျ။လောဘ။
ငွေကိုလွယ်လွယ်နဲ့ရှာချင်တဲ့အကျင့်။ဒါပဲ။
အဲဒီလို လုပ်တာ အကြမ်းဖက်ရာမြောက်ပါတယ်။ ဘယ်ဘက်ကပဲ ကြည့်ကြည့်ပါ.နိုင်တကာ ဥပဒေအနေနဲ့ ကြည့်ရင်လည်း ဒါအကြမ်းဖက်မှုမြောက်ပါတယ်။ တခြားနည်းလမ်းတွေ အများကြီး သုံးလို့ရမယ်လို့ ထင်ပါတယ်။
ReplyDeleteကူညီတာနဲ့ဆုံးမတာနဲံ လွဲနေတာ ဘာလို့လဲဆိုတော့ ဒါဥပဒေမဲ့ လုပ်ရပ်တခုဘဲ အမျိုးဂုဏ် ဇာတိဂုဏ်ဆိုတာ ကိုဒီအရွယ်တွေကို ဒါမျိုးထိမ်းသိမ်းလို့မရဘူး အခုရိုက်လဲ နောက်ကွယ်မှာ ထပ်ပြီးဖြစ် မယ်မဖြစ်ဘူး မသိနိုင်ပါဘူး စိတ်ပိုင်းဆိုင်ရာတွေ ကိုပြုပြင်နိုင်မှ ဖြစ်မှာပါ ....မိန်းမဖြစ်ဖြစ်ယောက်ကျားဖြစ်ဖြစ် ...မကောင်းတဲ့စိတ်တွေမမွေးမြူမိဘိုံ့ လိုပါတယ် ...နီးစပ်သူတွေစိတ်ပိုင်းဆိုင်ရာတွေ ချွတ်ရွင်းနေရင် လည်းဝိုင်းဝန်းကူည်ီပြီး ပြုပြင်ပေးနိုင်ပါစေ လိုဆုမွန်ကောင်းတောင်းလိုက်ပါတယ်....
ReplyDeleteကိုယ့်နိုင်ငံကို အုပ်ချုပ် မင်းလုပ်နေတဲ့သူတွေကိုပဲ အပြစ်တင်တော့မယ်....
ReplyDeleteတကယ်စေတနာ ရှိတဲ့  သူတွေဆိုရင် ကောင်မလေး တွေရဲ့  အခက်အခဲ ကို တတ်နိုင်သလောက် ဖြေရှင်းပေးဖို့  မိန်းခလေး အဖွဲ့ ဝင်တယာက်ကို သုံးပြီးဖြောင်းဖြပြောဆိုသင့် တယ်....တကယ် ရိုက်နှက်ရဲ တဲ့  သတ္တ္တိ ရှိတဲ့ သူတွေ ဆို ရင် ကောင်မလေးတွေနဲ့  အိပ်တဲ့  နီပေါ ကောင်တွေ ကို သွားရိုက်သင့် တယ်.......အခု တော့  ခွေးဇာတ်ခင်းတဲ့ သူကို ခွေးထက်မိုက်တဲ့ သူတွေ ကနှိပ်စက်နေတာပဲ....ဘယ်မိန်းခလေး ကမှ မင်္ဂလာဒုံ ကထွက်တာနဲ့  ငါ တော့  မလေးရောက်ရင် ဖာ ဖြစ်အောင် လုပ်မယ်လို့ ရည်ရွယ်ခဲ့ မှာမဟုတ်ဘူး...မုန့် ဆာလို့ ငို နေ တဲ့  ခလေး ကို မုန့် မကျွေးဘဲ အငိုတိတ်အောင် ရိုက် သလို ဖြစ်နေတယ်...စိတ်မကောင်းစရာကြီးပါ....။
ReplyDeleteကျွန်တော့် ညီမတွေသာဆိုရင်
ReplyDeleteဒေါသကြေကွဲစိတ်နဲ့
ဒီထက်တောင် ဆုံးမမိမယ်ထင်ပါတယ်
ဒါပေမဲ့ မှန်ကန်တဲ့နည်းလမ်းတော့ မဟုတ်ပါဘူး
ဒီလိုပဲ တခြားဒုက္ခရောက်နေသူ
မြန်မာမိန်းခလေးတွေအားလုံး
အဲဒီလိုတွေ ဖြစ်ကုန်ကြသလား
ကျန်တဲ့သူတွေ ဘာလို့မဖြစ်ကြလည်း
ဒါတွေကို အဆန်းမဟုတ်သလို ဆက်နေကြရင်
တခြားမိန်းခလေးတွေပါ ဒီလမ်းကြောင်းပေါ်ရောက်ကုန်မှာပါ
ပတ်ဝန်းကျင်ဆိုတာ လူတစ်ယောက်ကို
အများကြီးပြောင်းလဲစေတာ
အားလုံးသိကြမှာပါ
လူတိုင်းမှာ ပြဿနာ
အခက်အခဲဆိုတာရှိကြတယ်
ဒါပေမဲ့ ဖြေရှင်းကြပုံတွေ ကွဲပြားတယ်
လူတစ်ယောက်ရဲ့ တန်ဘိုးဟာ ကိုယ်ကျင့်တရားဖြစ်တယ်
ကိုယ့်ကိုကိုယ်
တန်ဘိုးထားကြပါ
ညီငယ် ညီမငယ်တွေ ကြုံတွေ့နေကြရတဲ့
ဒုက္ခအခက်အခဲတွေကို မှန်ကန်စွာ ဖြေရှင်းကြပါ
မြန်မာအချင်းချင်း ရိုင်းပင်းကူညီကြပါ
အင်းလေ ဆုံးမတယ်ဆိုတဲ့လူတွေ ကိုယ်ရော ဘယ်လောက်တောင် လူ့ကျင့်ဝတ်တွေနဲ့အညီ နေထိုင်နေကြလို့လဲနော် အဲလို တိုင်းတပါးသားတွေနဲ့ မတွဲကြနဲ့ဆို ယောင်္ကျားလေးတွေက ပိုတောင် ဆိုးသေးတယ် ဘာမှ မရှောင်ကြဘူး ဖားမတွေက လွယ်တယ် အင်ဒိုမတွေက မခက်ပါဘူးဆိုပြီး အလကားရတိုင်း စားနေကြပြီးတော့များ မိန်းကလေးတွေကျတော့ မြင်တတ်ကြတယ် အံ့သြပါရဲ့ အဲ့လူတွေကို အသေသာသတ်ချင်တယ်
ReplyDeleteမိန်းကလေးကို ရိုက်နှက်တဲ့ရုပ်သံ အင်တာနက်ပေါ်ရောက်လားပြီး မကြာသေးတဲ့အချိန်မှာဘဲ
ReplyDeleteမိန်းကလေးတွေကို ပါတ်စ်ပို့ သက်တမ်းတိုးမပေးတော့ဘူး
လို့ သတင်းထွက်လာတယ်။ ဒီသတင်းသာဧကန်အမှန်
ဖြစ်မယ်ဆိုရင် စဉ်းစားစရာဘဲ။ပြီးတော့ဝမ်းနည်းစရာလည်းကောင်းမယ်ထင်တယ်။
ဗမာတွေ တလွဲဆံပင်ကောင်းနေကြတယ် သောက်ပြောကတော့ အမျိုးဂုဏ်တွေ ဇာတိဂုဏ်တွေ ထိန်းသိမ်းမယ်နဲ့ ပဏာတော့ယူတတ်တယ် လုပ်လိုက်တဲ့လုပ်ပုံက အစွန်းရောက်အကြမ်းဖက် တာလီဘန်ကုလားတွေနဲ့ ဘာထူးသေးလဲ? မိန်းခလေးတွေကိုများ နိုင့်ထက်စီးနင်းရိုက်နှက်နေတဲ့ လူစွမ်းကောင်းတွေ ဒီလိုသတ္တိမျိုးတွေကြောင့် စစ်ကျွန်ဘဝကမလွတ်နိုင်ကြသေးတာ။
ReplyDeleteအခုစာရေးတဲ့အမျိုးသမီးကော မိန်းကလေးတွေကိုကိုယ်ထိလက်ရောက်ရိုက်တဲ့ ကောင်တွေကပါ လူမျိုးခြားနဲ့တွဲတာမကြိုက်ဘူးဆိုတော့ လူမျိုးခွဲခြားတဲ့ racist တွေပဲ။ လူမျိုးရေးဝါဒီတွေဖြစ်ရတာ ဂုဏ်ယူကြတယ်နဲ့တူတယ်။
ReplyDeleteလေးစားပါတယ်..ညီမလေး၊မလေးငယ်
ReplyDeleteမျှတကောင်းမွန်၊စဉ်းစားပေးသင့်တဲ့အတွေးအခေါ်
ပါတဲ့တင်ပြချက်တစ်ခုပါဘဲ။ပြသ၁နာတစ်ရပ်ကိုချဉ်းကပ်
အဖြေထုတ်တဲ့အခါစိတ်လိုက်မာန်ပါဆင်ခြင်တုံမဲ့စွာလုပ်
ဆောင်လို့မရပါဘူး။ပြသ၁နာဖြစ်လာစေရတဲ့အကြောင်း
ရင်းခံတွေအပေါ်ခြုံယူစဉ်းစားပြီးမှသာဖြေရှင်းရပါတယ်။
အခုမလေးငယ်တင်ပြသွားချက်အပေါ်လိုက်ပါလုပ်
ဆောင်သွားသင့်တာကတော့မလေးကိုရောက်ရှိနေကြတဲ့
ရွှေ..ညီ၊ညီမများစုပေါင်းပြီးရနိုင်သမျှအချိန်လေးအ
တွင်း၊ပေးနိုင်သမျှသော..ကိုယ်ပိုင်အချိန်လေးတွေ
အတွင်းမှာ..အမျိုးကိုချစ်တဲ့စိတ်၊အမျိုးကိုကာကွယ်
စောင့်ရှောက်လိုသောစိတ်..တို့ဖြင့်တစ်ဦးဆောင်
သော်မရ၊တစ်သောင်းဆောင်သော်ရ၏..ဆိုတဲ့စ
ကားနဲ့အညီလူမှု့အသင်းလေးဖွဲ့စည်းကာကျယ်ကျယ်
ပြန့်ပြန့်လေးဆောင်ရွက်ပေးသွားသင့်ကြပြီလို့..ထင်
ပါတယ်။
K.L နဲ့အခြားဒေသတို့မှာစတိုးဆိုင်ကြီးများ
ဖွင့်ငွေလွှဲဌာနကြီးများဖွင့်လှစ်လုပ်ကိုင်ကာအခြေကျ
နေကြပြီဖြစ်သောရွှေမြန်မာတို့ကပါတစ်တပ်တအား
ပါဝင်ကူညီဆောင်ရွက်ပေးစေချင်ပါသည်။တစ်ချို့အ
ရေးကိစ္စတို့ကိုဆောင်ရွက်ရာတွင်အာဏာပိုင်အဖွဲ့အ
စည်းတို့နှင့်ပတ်သက်ဆက်နွယ်ဖြေရှင်းရမှာတွေရှိ
လာနိုင်တဲ့အတွက်လည်းအဲဒီအခါမျိုးမှာထိရောက်မြန်
ဆန်စွာလုပ်ဆောင်နိုင်ရန်မြန်မာသံအမတ်ကြီးထံဆက်
သွယ်အကူအညီ၊အကြံအဥာဏ်တောင်းခံဆောင်ရွက်
သွားသင့်သည်ထင်ပါသည်။
ကျွန်တော်ရန်ကုန်လေဆိပ်သွားရင်တွေ့ရသောဆိုင်းဘုတ် မှာ ခေတ်မှီဖွင့်ဖြိုးတိုးတတ်သော နိုင်ငံသစ်ဆီသို့ ကျွန်တော်တို့နိုင်ငံ အမြန်ဆုံးတိုးတတ်ပြီး အလုပ်အကိုင် ပေါများပါစေ
ReplyDeleteလူစွမ်းကောင်းလုပ်တာ သိသာလွန်းပါတယ်။ မိန်းကလေးတွေလဲ မငယ်တော့ပါဘူး။ သူတို့ ဆုံးဖြတ်ပိုင်ခွင့်ဆိုတာရှိပါတယ်။ ဥပဒေကို မချိုးဖောက်ရင် လက်လွတ်စပယ်သွားလုပ်စရာအကြောင်းလဲမရှိပါဘူး။ လုပ်ချင်ရင် ကိုယ့် ညီမကြမှ တရပ်ကွက်လုံးပေါင်းပြီးဝိုင်းရိုက်။ ဥပဒေကျူးလွန်တာ မိန်းကလေးတွေ မဟုတ်ဘူး။ အဲ့ဒီလူတွေ။ ရိုက်ကောင်းတိုင်းစွတ်ရိုက်မနေနဲ့ ။ မင်းတို့ ရော မင်းတို့ စော်တွေကို ဥပုပ်စောင့်လား? စောက်ရှုးတွေ။ ဗီဒီယို ရိုက်တဲ့ကောင် မင်းညီမကြမှ စိုင်းဘုန်းထူး ကင်မရာနဲ့ ရိုက်။ စောက်သတိမရှိတဲ့ကောင်တွေ။
ReplyDeleteအရှက်မရှိတဲ့ ယောက်ျားတွေ သတ္တိပြနေကြတယ် မျိုးချစ်တွေ superman တွေ hero တွေဖြစ်ချင်နေရင်လဲ ဂိုဏ်းဖွဲ့ပြီး မြန်မာပြည်ပြန် အရင်းအမြစ်တရားခံ စစ်အာဏာရှင်တွေကို တွန်းလှန်ပါလား။
ReplyDeleteမှားမှားမှန်မှန် မိန်းမတွေကို ကာယကံမြောက် မထိပါးရဘူး ဆိုတဲ့ အဆုံးအမမျိုး ကြားဖူးဖတ်ဖူးဟန်မရှိဘူး။
ဒီလုပ်ရပ်ဟာ ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်တာပဲ။
ငါဟာ မြန်မာကွလို့ ကြွားချင်လို့ပါ။
ReplyDeleteအမျိုး၊ ဘာသာ၊ သာသနာအတွက် တသီးပုဂ္ဂလပုဂ္ဂိုလ်ရေးမုန်းတီးမှု မပါဝင်ရင်တော့
အမျိုးချစ်တဲ့စိတ်နဲ့ လုပ်သင့်တယ်ပါတယ်။ နိုင်ငံခြားကိုထွက်လာသူ အများစုတွေဟာ နယ်ဒေသတွေ များပါတယ်။ ပညာရေး၊ ဗဟုသုတ၊ နည်းပါးကြသူ တွေများပါတယ်။
မိသားစုအခြေအနေတွေဟာလဲ နွမ်းပါးဆင်းရဲကြတယ်။ ကိုယ့်လူမျိုးအခြင်းခြင်းဂုတ်
သွေးစုတ်ကြတဲ့ လူပွဲစားတွေက နယ်တွေဆင်းပြီး လိမ်ညာပြောဆို ရန်ကုန်အေးဂျင့်
တွေနဲ့ လက်ဝါးရိုက်ပြီးပေါင်းစားကြ မလည်မဝယ်နဲ့ မလေးရှားရောက်လာကြတယ်။
ပွဲစားပြောသမျှတွေနဲ့ လုံးဝတလွဲ အခြေအနေ ဒုက္ခတွေနဲ့ကြုံရတယ်။
ဒီလိုသာဘာမှမလုပ်ပဲ ဒီအတိုင်းဖြစ်ရင်ရာ ဖြစ်ပါစေဆိုပြီး ပစ်ထားလိုက်ကြရင်တော့
ပြည်ပရောက်နေတဲ့ မြန်မာအမျိုးကောင်းသမီးတွေကိုပါ တိုင်းတပါးသားတွေကပိုပြီး
ဗိုလ်ချုပ်ပြောခဲ့တဲ့ ဖာနိုင်ငံကြီးဟာလည်း သိပ်မကြာပါဘူး။ တိုင်းပြည်ကို အုပ်ချုပ်ပြီး
တိုင်းသူပြည်သားတွေရဲ့ ဘ၀တိုးတက်မှု့ တွေအပေါ်မှာ တာဝန်ယူ လုပ်ဆောင်မပေး
နိုင်တဲ့ မြန်မာသံရုံးတွေကြောင့် စိတ်ဓါတ်မခိုင်မာသူတွေ အလွယ်နည်းနဲ့ ဖြေရှင်းကြ
သူတွေများလာပြီးတိုင်းပြည်၊လူမျိုး၊မိဘမျက်နှာတွေကို မကြည့်နိုင်ကြတော့ပဲမြန်မာ အမျိုးကောင်းသမီးတွေ အကုန်ပျက်စီးကုန်မယ်။
တကယ်ဆိုရင်တော့ ပညာပေး စံပြအနေနဲ့ သတ်ပစ်ပြီး တကမ္ဘာလုံးသိအောင် နိုင်ငံ
တကာဟိုးလေးတကျော်ကျော်ဖြစ်အောင် လုပ်သင့်တယ်။ ဒီလိုလုပ်မှ သာလျှင်ပြည်
ပရောက်နေတဲ့ မြန်မာအမျိုးကောင်းသမီးတွေကို တိုင်းတပါးသားတွေ၇ဲ့ အထင်သေး
စော်ကားမခံရအောင် ကြိုတင်ကာကွယ်ရာရောက်ပါတယ်။
အမျိုး၊ ဘာသာ၊ သာသနာအတွက် တသီးပုဂ္ဂလပုဂ္ဂိုလ်ရေးမုန်းတီးမှုမပါဝင်ရင်တော့
အမျိုးချစ်တဲ့စိတ်နဲ့ လုပ်တဲ့သူတွေဆိုရင်တော့ လေးစားအားကျမိပါတယ်။ မလေးရှား
ရောက်"မလေးငယ်"ဆိုတဲ့ မြန်မာမိန်းမပျိုလေးလဲ အမြင်ကျယ်ကျယ်နဲ့ နားလည်စေ
ချင်ပါတယ်။ တဦးကောင်း၊ တယောက်ကောင်းအတွက် မဟုတ်ဘူးဆိုတာ ညီမငယ်
လေး "မလေးငယ်" ဆိုတဲ့ကလောင်အမည်နဲ့ မလေးရှားရောက် မလေးငယ်ဆိုသော
မြန်မာမိန်းမပျိုလေး၏ အိတ်ဖွင့်ပေးစာဆိုတဲ့ စာရေးသားသူ ဒီနေရာမှာ အမြင်ကြွယ်
ဝစေချင်ပါတယ်။
ဒါတွေကို မြင်ရ ကြားရဖန်များလို့  အမျိုးချစ်တဲ့စိတ်နဲ့ မခံချင်စိတ်ရှိတဲ့လူငယ်တွေ၇ဲ့ 
တောက် ခေါက်သံတွေ လူမျိုးအချင်းချင်း ရိုင်းပင်းကူညီချင်စိတ်ရှိကြတဲ့သူတွေဟာ
ငါဟာမြန်မာဆိုတဲ့ ဂုဏ်ပုဒ်ကို ဖျက်လို့ရရင်တော့ ခြစ်ရာလေးတောင် မကျန်အောင်
ဖျက်ခဲ့ချင်တယ်ဆိုတဲ့ ညီငယ်တွေကိုလည်း အားနာမိပါတယ်။ ကျနော်ကတော့ မြန်
မာ မဖြစ်ချင်တော့ဘူး။ တခြားနိုင်ငံက ကောင်မလေးတွေဆိုရင် ပြုံးပြဖို့တောင်မလွ
ယ်ဘူး။ ကုလားစာ၊ တရုတ်စာ ဖြစ်သွားတဲ့ မြန်မာမလေးတွေလဲမနည်းတော့ပါဘူး။
တကယ်တော့ ဒီပုံထဲကအရိုက်ခံရတဲ့ ကောင်မလေးတွေက တအိမ်တည်းအတူနေ
တဲ့သူတွေကို ရဲအဖမ်းခံရတယ်ဆိုပြီး ဘင်္ဂလား၊ နီပေါတွေတည်ခိုခန်းမှာသွားကုန်း
ခဲ့ကြတဲ့သူတွေပါ။ လမ်းမှာတွေလို့ ဘင်္ဂလား၊ နီပေါတွေကို ထိုးမယ်၊ကြိတ်မယ်လုပ်
ခဲ့ကြတဲ့ညီငယ်တွေကိုလည်း ငါပစ္စည်းနဲငါခံတာဆိုပြီး ရိုင်းရိုင်းဆိုင်းဆိုင်းပြန်ဆက်
ဆံခဲ့ကြပါသေးတယ်။ တရုတ်တွေက မြန်မာမလေးတွေ ဖုန်းတလုံးဝယ်ပေးရင် အ
လုပ်ဖြစ်တယ်တဲ့။ ဒီစာကို ရိုင်းတယ်ထင်တဲ့ သူငယ်ချင်းတွေရှိရင်လည်း ခွင့်လွှတ
်ကြပါ။ ငါဟာ မြန်မာကွလို့ ကြွားချင်လို့ပါ။