(ဦးခင်ညွှန့် သာဓုခေါ်စေရန်..)
ရဲမင်းထွန်း
ဦးခင်ညွှန့်တယောက် နေအိမ်အကျယ်ချုပ်ကနေလွတ်လာတော့ ၀မ်းသားအားရကြိုဆိုသူတွေ ရိုသေလေးစားသူတွေမြင်တော့ မုဒိတာပွားပါ သည်။ ထို့အတူ ကျနော်က ဦးခင်ညွှန့် သာဓုခေါ်ရအောင်။ ဦးခင်ညွှန့် ပြုပြုသမျှ ကုသိုလ်တွေထဲ ကျနော်တို့လို မလိမ်မိုး မလိမ်မာလေးတွေ ထောင်ထဲမှာ သိက္ခာတော်ရဆရာတော်တွေ ဖူးမျှော်ရလေအောင် ပင့်ဆောင်ပေးထားခဲ့သော ကျေးဇူးကုသိုလ်။ရဲမင်းထွန်း
မုဒိသာလေးပွါးလို့ရအောင် သံယာတော် ဆရာတော်တွေဖြတ်သန်းခဲ့တဲ့ ထောင်ချတဲ့အမိန့်ချသည့် စစ်ခုံရုံးနှင့် ထောင်ကျထောင်မှူးရုံးခန်း အဆောင်ထောင်မှူးရုံးခန်းများကို ကျနော်ဖြတ်ခဲ့တာတွေ ရေးသားပေးလိုက်မည်။ သို့မှသာ ဆရာတော်တွေ သံဃာတော်တွေ ဖြတ်သန်းခဲ့ တာကို အများပြည်သူမျက်စိထဲ မြင်နိုင် တွေးနိုင်ပြီး ဘုရားတကာ ကျောင်းတကာ ဦးခင်ညွှန်၏ ကုသိုလ်အစုစု သဒ္ဓါထုတို့ကို သာဓုခေါ်နိုင်ပေ မည်။ ဗုဒ္ဓဘာသာနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံမှာ န၀တ ဆွမ်းကွမ်းအလှူဒါနကို ကံဆောင်တော်မူတဲ့ အရှင်သူတော်မြတ်များကို အကျဉ်းချ လိုက်သည့်အတွက်၊ သံဃာတော်အရှင်သူမြတ်များမှာ ထောင်တွင်းကျပ်တည်းစွာ သီတင်းသုံးရခြင်း၊ ဆွမ်းကွမ်း မပြည့်မစုံ ဘုန်းရခြင်း၊ ရုပ် ပိုင်း စိတ်ပိုင်း နှိပ်စက်ခံရခြင်းများဖြစ်သော ထောင်ပြောင်းရွှေ့သီတင်းသုံးရခြင်း၊ ထောင်တွင်းမှာ ပျံလွန်တော်မူခြင်း စသည့် ဦးခင်ညွှန်၏ ကုသိုလ်များကို အမျှဝေပေးပါသည်။ ဦးခင်ညွှန့်နှင့်အတူ အားလုံးသော သာဓုခေါ်ဝံ့သူများ သာဓုခေါ်ကြပါလေကုန် .... ...
● နိဒါန်းအနေနှင့် စစ်ခုံရုံးလုပ်ပုံကို ပြောပြမည်
ကျနော်ထောင်ကျတော့ စစ်ခုံရုံးအမှတ် (၁) ဒု-ဗိုလ်မှူးကြီးလှရွှေ (ကြည်း)၊ ဗိုလ်မှူးအောင်ရင် (လေ)၊ ဗိုလ်မှူးအေးကို (ရေ) တို့က ကျနော့် အမှုကို စီရင်တာဖြစ်သည်။ တရားစီရင်တာလည်း ပွင့်ပွင့်လင်းလင်း မျှမျှတတရှိပါသည်။ ထောင်ဗူးထဲကနေ ကျနော်ရယ်၊ မရင်ရင် (လသာ) ကို လက်နက်ကိုင်စစ်သားအခြံအရံတွေ ခြံရံပြီး ရုံးထုတ်လာပါတယ်။ ဒီနောက်မှာတော့ အောက်ပိုင်းတဝက်က အုတ်၊ အပေါ်ပိုင်းက သံ ဇကာနဲ့ကာထားတဲ့ (၁၀) ပေပတ်လည် အပြာရောင်အဆောက်ဦးထဲမှာ ထည့်ထားလိုက်ပါတယ်။ တရားလိုအဖြစ် အမည်မသိအရပ်ဝတ် အာဏာကြီးသူတဦးနဲ့ ဗဟန်းရဲစခန်းက ရဲအုပ်တဦးရောက်လာပြီးတော့ ကျနော်တို့ကို.... “ညီလေးတို့ မင်းတို့ကို စစ်ခုံရုံးက အမိန့်ချမယ် ၀န်ခံလိုက်ရင် မင်းကို ငါးနှစ်၊ ညီမလေးကို လေးနှစ်ပဲချမှာလို့” စေတနာဗလပွနဲ့ လာသင်ပေးတယ်ဗျ။
ကျနော်နှင့် မရင်ရင်တို့ကတော့ တိုင်ပင်ထားသလိုပါပဲ ဘာမှကိုပြန်မပြောဘဲ ပြုံးပြလိုက်ပါတယ်။ ခဏနေတော့ မသန္တာချိုကိုလည်း ထုတ် လာပြီး ကျနော်တို့ရှိနေတဲ့ အခန်းလေးထဲပဲ ထည့်လိုက်ပါတယ်။ ကျနော်တို့ တိုင်ပင်ထားတာက ရုံးထွက်တိုင်း စစ်ခုံရုံးတင်တဲ့နေမှာ ပျော် ရွှင်စွာနေဖို့နဲ့ အဖြူရောင် ရှပ်အကျီနှင့် ယောဂီယောင် ယောပုဆိုးတွေဝတ်လာဖို့ပါပဲ။ သုံးယောက်လုံး ဖြူဖွေးနေတဲ့ မန္တလေးရှပ်အဖြူ လက် တိုကိုယ်စီနှင့် ယောပုဆိုး၊ ယောထမိန် ၀တ်ထားတဲ့ ပြုံးရွှင်ရယ်မောနေတဲ့ ကြောက်ရွံထိန့်လန့်တဲ့ ဟန်အမူအရာ အလျဉ်းမရှိတဲ့လူငယ်သုံးဦးကို စောင့်ကြပ်နေရတဲ့ ၀တ်စုံပြည့်နှင့် စစ်သားများက တအံ့တသြကိုကြည့်ကြပါတယ်။ အဲဒီလိုကို သူတို့ကို အံ့သြစေချင်တာ ကျနော်တို့ဆန္ဒပါ။
သူတို့ထဲက အသက်ကြီးကြီး (၂) ရစ်နှင့် တပ်ကြပ်ကြီးက “ကောင်လေးတို့ မင်းတို့ကိုအမိန့်ချမှာကွ ဒီနေ့။ တောင်းပန်လိုက်ပေါ့ကွာ အဘ ကြီးတွေက သနားမှာပါ။ မင်းတို့ရုပ်ကလေးတွေ သနားကမားနဲ့” လို့ပြောလိုက်တာကို မရင်ရင်နှင့် မသန္တာချိုတို့ရယ်လိုက်တာ မှတ်မိ ပါသေးတယ်။ ထိုလူကြီးလည်း ဆက်မပြောတော့ဘဲ ကျနော့်ကို ဆေးလိပ်သောက်လားလို့ မေးတော့ ကျနော်လည်း သောက်တယ်ပြောတော့ စီးကရက်တလိပ်ထုတ်ပြီး မီးညှိပေးပါသည်။ ကျနော်အားရပါးရ ဟန်နှင့် ပန်နှင့် ရှိုက်ဖွာတာကို အမတော်နှစ်ယောက်က မျက်စောင်းထိုးလို့ အပိုးပြန်သတ်ရကာ ရှိုးပဲ့ရပါသေးတယ်။
အချိန်ကျတော့ ကျနော်တို့ကို စစ်ခုံရုံးခမ်းမကျယ်ကြီး (နောက်ပိုင်း အင်းစိန်ထောင်မှ လွတ်ငြိမ်းချမ်းသာနှင့်လွတ်သူများကို သြ၀ါဒပေးသော ခန်းမ) ခေါ်သွင်းလာပါတယ်။ အရှေ့အနောက် ဘယ်ညာရိုက်သံ ညီညီညာညာနှင့် စစ်သားတွေခြုံရံပြီး ၀င်ခဲ့ရတဲ့အရသာလေး မှတ်မိ သေးတယ်။ (ငယ်တော့လည်း ဘ၀င်မြင့်တာများ.... ငါ့တို့ကို ဒီလိုကြီးကြီးကျယ်ကျယ်တောင်လုပ်ရတယ်ဟဆိုပြီး ကြံဖန်ပြီးဂုဏ်ယူနေတာ စိတ်ထဲမှာ)။ အမှန်က ငရဲတွင်းထဲကို အခမ်းအနားနဲ့ ပို့တာပေါ့ဗျာ။
နောက်တော့ စစ်ခုံရုံးအရာရှိတွေရောက်လာတယ်။ နိုင်ငံတော်အလံကို အလေးပြုပြီး ကျနော်တို့ထိုင်ရတယ်။ ဖတ်လိုက်တာ၊ ပြောလိုက်တာ တွေကလည်း စုံလို့။ တခုပဲ တဦးစီ ဖြောင့်ချက်ယူမျှပုံက“ရဲမင်းထွန်း နိုင်ငံတော် ဖျက်ဆီးနှောက်ယှက်သောလှုပ်ရှားမှုတွေ လုပ်ရပ်တွေ လုပ်ခဲ့တဲ့မင်းမှာ အပြစ်ရှိသလား” တဲ့။ ကျနော်က “မရှိပါ” လို့ ဖြေတော့ .... “ဟေ” တဲ့ ။
နောက် မရင်ရင်အလှည့်လည်း မရင်ရင်က “မရှိပါ” လို့ ဖြေတယ်။
တရားလိုလုပ်သူကထပြီး ၁၉၈၉ မှာ စစ်ထောက်လှမ်းရေးဖမ်းဆီးတာကို အကြမ်းဖက်ပြီးထွက်ပြေးသည်မှစ၍ ကိုဘိုနီအောင်နှင့် အတူပေါင်း သင်း လှုပ်ရှားသည်အဆုံး ပြန်ဖတ်ပြီး “အပြစ်ရှိပါသလား” မေးပြန်တယ်။
ကျနော်ကလည်း “မရှိပါ” ပဲပေါ့။
အမိန့်ချမယ့် စစ်ခုံရုံးအရာရှိတွေက အခုခုံရုံးခေတ္တနားမယ် တရားလိုကို မင်းတို့ သေသေချာချာလုပ်ကွာဆိုတဲ့ အဓိပ္ပါယ်နဲ့ စကားတွေပြောပြီး ခုံရုံးခဏနားလိုက်တယ်။
ဒီတော့မှ စစ်ထောက်လှမ်းရေးလို့ ထင်ရတဲ့လူကလာပြီး “မင်းပေးထားတဲ့ဖြောင့်ချက်လေကွာ မင်းစစ်ကြောရေးပြန်သွားမလား” လို့ ချိမ်း ခြောက်မေး မေးတော့ မရင်ရင်က ၀င်အော်ရော။ “ကျမတို့က မမှန်ဘူးလို့ ငြင်းနေလို့လား၊ အပြစ်မရှိဘူးပြောတာလေ၊ ဘာအပြစ်လဲ” လို့ ပြန်ပြောပစ်လိုက်တယ်။ ခဏနေတော့ စစ်ခုံရုံးပြန်စတယ်။ ပြန်ဖတ်တယ်။ အပြစ်ရှိလားဆိုတော့ ... ကျနော်တို့က “မရှိပါ” မှ တပြားမှ မလျှော့ဘူး။ ရယ်ဖို့တော့ တော်တော်ကောင်းသားဗျ။ ဘာနှင့်တူနေလဲဆိုတော့ ရုပ်ရှင်ရိုက်ကွင်းမှာ ကပ် ကပ် လုပ်သလိုဖြစ်နေတယ်။ သူတို့ကလည်း သူတို့လိုချင်တဲ့ ပုံစံ(အဖြေ) မရမခြင်း ထပ်ခါထပ်ခါ မေးတယ်။ ကျနော်တို့က “မရှိပါ” ဆိုလိုက်ရင် အရာရှိသုံးယောက်လုံးက ပြိုင်တူ တရားလိုတွေဖက်ကို ကြည့်တယ်။ ကျနော်ဖြင့် ရယ်ချင်လိုက်တာ။
ထောင်ချမှာပဲဗျာ။ တရားသဖြင့်စီရင်တာလည်း မဟုတ်ဘဲနဲ့။ တရားခံပြ သက်သေ၊ တရားခံရှေ့နေ မရှိ၊ ကြားနာသည့် ပရိတ်သတ်မရှိ၊ မိသားစုတောင်မသိတဲ့ တဖက်သတ်စီရင်တဲ့ ဒီတရားစီရင်မှုကိုများ အစီအငေါ် အတိုင်အဖောက်က တည့်ချင်နေသေးတယ်။ တကယ်ဆို စာအိတ်ဖောက်ဖတ်ပြီး အမိန့်ကိုချတာပါ။ ဦးခင်ညွှန်ခေတ်ဆိုတော့လည်း အရာရာကို မျှတကြောင်းပြချင်တဲ့အထာနှင့် ရုပ်ရှင်ရိုက်ပြတာ ပေါ့ဗျာ။ ဒီလိုနှင့် စစ်ခုံရုံးပြန်နားရပြန်သည်။
ဒီတခါတော့ အလယ်က ခုံရုံးတရားသူကြီးခေါ်မလား ဘယ်လိုခေါ်မလဲမသိတဲ့ ဒုဗိုလ်မှူးကြီးလှရွှေ (ကြည်း) မျက်ထောင့်ကြီးနီလို့ “ကောင် လေး မင်းတို့ နိုင်ငံတော်ကလူကြီးတွေက သက်ညှာပြီး စီစဉ်စဉ်းစားမှာကို မင်းတို့ ဒီလိုမလုပ်နဲ့။ မင်းတို့ဘ၀ဘဲ ပျက်မှာ။ ငယ်ငယ်ရွယ်ရွယ်နဲ့ တော်တော်မိုက်ကြတာပဲ” လို့ ပြောတယ်။
ဘေးဘယ်ညာက လေတပ်နှင့်ရေတပ်က ဗိုလ်မှူးနှစ်ဦးကတော့ ဘာမှမပြောဘူး ရုပ်သေးရုပ်လိုပဲ အလယ်ကထိုင်ရင် လိုက်ထိုင်တယ်။ ထ ရင် လိုက်ထတယ်။ စာရွက်ကောက်ဖတ်ရင် ဖတ်တယ်ပဲလုပ်နေကြတယ်။ ဒီလိုနှင့် နောက်တကြိမ်ပြန်နားတယ်။ ဒီတခါတော့ နည်းနည်း ကြာသွားတယ်။ ပြီးတော့ ပြန်စတော့ တရားလို ပြန်ဖတ်တယ်။ ဒုဗိုလ်မှူးကြီးက အပြစ်ရှိလားမေးတော့ “မရှိပါ” ထပ်ဖြေတယ်။ တိုက်ပုံ အမဲနှင့် တရားရေးအရာရှိဆိုသူက မတ်တပ်ထရပ်က စစ်ခုံရုံးဥက္ကဌကြီးဆိုလား သဘာပတိကြီးဆိုလား အစချီလိုက်ပြီး .... “ယခုရုံးရှေ့ ရောက် တရားခံရဲမင်းထွန်းနှင့်အပေါင်းပါသည် ၎င်းတို့၏လွဲမှားသောအယူဆများဖြင့် နိုင်ငံတော်ကို ဖျက်ဆီးနှောက်ယှက်ခဲ့ပြီး။ အပြစ်မရှိပါ ဟု ထင်မြင်နေခြင်းသာ ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အရေးပေါ်စီမံချက်ပုဒ်မ ၅ (ည) နှင့် မတရားအသင်းဆက်သွယ်မှုဆိုင်ရာပုဒ်မ ၁၇ (၁) တို့ဖြင့် စီရင်ချပေးပါရန် တင်ပြပါသည်” လို့ ပြောလိုက်တဲ့အခါမှာတော့ ဒုဗိုလ်မှူးကြီးက တင်ပြချက်ကို လက်ခံပါကြောင်းနှင့် စီရင်ချက်ချ မှတ်ပေးမည်ဟုဆိုကာ ခဏနားလိုက်ပါတယ်။
ဒီနောက်မှာတော့ သူတို့ကြိုတင်ပြင်ဆင်ထားတဲ့အတိုင်း ကျနော့်ကို ၅ (ည) ၁၇ (၁) နှင့် ထောင်ဒဏ် (၇) နှစ်ကျခံစေဟူ၍လည်းကောင်း၊ မရင်ရင်ကို ၅ (ည) ၁၇ (၁) ဖြင့် ထောင်ဒဏ် (၆) နှစ်ကျခံစေဟူ၍လည်းကောင်းချမှတ်ကာ စစ်ခုံရုံး ရုပ်သိမ်းလိုက်ပါတယ်။ အဲဒီ့နေ့က ၁၉၉၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့ပါ။ ကျနော်တို့မှာ အဲဒီတုန်းက နည်းတယ်လို့တောင် ထင်နေသေးသည်။ ဘာလို့လဲဆိုတော့ ကျနော် တို့ဆက်စပ်အမှုတွဲ ကိုဘိုနီအောင်ကို တသက်တကျွန်း ချထားပြီးပြီ။ ကျနော့်ကို အနည်းဆုံး (၁၀) နှစ်လို့ ထင်ကြေးပေးထားကြတာ။
(စစ်ခုံရုံးအပြင်ဆင်ပြောပြတာက ဦးခင်ညွှန့်ရဲ့စီမံခန့်ခွဲပုံကို မှန်းဆနိုင်စေဖို့ ရေးတာဖြစ်တယ်။ ဆရာတော်တွေ သံဃာတွေကို ဒီလိုပဲ ထောင်ချခဲ့တာ မျက်လုံးထဲ မြင်ကြည့်ပါ။)
ထောင်ကျရုံးရောက်တော့ ကိုဇေယျာဝင်း၊ ကိုထွန်းထွန်း၊ ကိုဂျွန်ဂလင်း၊ ကိုသုတအောင် (ကွယ်လွန်) ကိုထွန်းနောင်နှင့် ကိုဝင်းဇော်တို့ကို လည်း ငုတ်တုပ်ကလေးတွေထိုင်လျက် တွေ့ရပါတယ်။ ထောင်ထဲမှာ မှောင်နေလို့တောင် ထောင်ကျရုံးကို မီးမောင်းတွေထိုးကာ ထောင်ကျ အကျဉ်းသားတွေ မှတ်ပုံတင်ပါတယ်။
ကျနော့်ကို ထောင်ကျရုံးထောင်မှူးကြီးက သူ့ရုံးခန်းထဲမှာ ခေါ်တွေ့တယ်။ လူရည်သန့်တဦးပါပဲ။ သူက ကျနော့်ကို ဒီလိုပြောတယ်ဗျ။ “မိုက် လိုက်တာကွာ မင်းကျောင်းမှာ စာမသင်ဖူးဘူးလား Physics မှာအလုပ်ဆိုတာ ဘာလဲ” တဲ့။ “အရွေ့” လို့ ကျနော်ပြန်ဖြေတော့ “အေး မင်း ဒီနေ့ပြန်ပြောခဲ့တဲ့ စစ်ခုံရုံးကလုပ်ရပ်တွေက အရွေ့မရှိဘူးကွ။ မင်းထောင်ကျလာရတယ်” “တကယ်ဆို မင်းက ထောင်ငါးနှစ်လောက်ပဲ ကျမယ်လို့ ငါတို့ထင်တယ်ကွ”
“ဘာပဲပြောပြော မင်းမှန်တယ်ထင်တာကို မင်းရပ်တည်ခဲ့တဲ့အတွက် ချီးကျူးပါတယ်” “မင်းယုံကြည်ချက်တွေ မင်းစိတ်ဓာတ်တွေကို မေ့ လိုက်။ မင်းနဲ့ ငါတို့နဲ့ ရန်သူမဟုတ်ဘူး။ ငါတို့က လက်ခံထိန်းသိမ်းပေးရတဲ့ဌာန” “မင်းအနေနဲ့ ငါတို့ကို ရန်သူလိုသဘောထားပြီး ဆက်ဆံမယ်ဆိုရင် မင်းမှားသွားမယ်။ ဆန့်ကျင်မယ်ဆိုရင် မင်းအိမ်ပြန်ချိန် နောက်ကျသွားမယ် ကောင်လေး။ မင်းကို ငါသနားလို့ ဆုံးမတာ။ ဒီထောင်မှာ အေးေးအဆေးဆေးနေပါ” “ထောင်အပြင် တန်းမရှိဘူးဆိုတဲ့ အရပ်စကားပုံက မှားတယ်ကွ။ ထောင်အပြင် တိုက်ရှိတယ် စစ်ခွေးတိုက်” လို့ အစချီကာဆုံးမစကားကို ရုပ်သန့်သန့် အမည်မသိထောင်မှူးကြီး ပြောလိုက်တာ မှတ်မိနေပါသေးတယ်။
ထောင်ကျသွားပြီပေါ့ဗျာ အမည်- ရဲမင်းထွန်း အဖအမည်-ဦးတင်ထွန်းဝေ ထောင်အမှတ် ၅၀၈၆ (မျဉ်းစောင်း) စီ။ (မှတ်ချက်။ ။ အရင်က ပိုစ့်တခုမှာ ထောင်ကျရက်ကို တနင်္ဂနွေလို့ မှားရေးလိုက်သည်။ ပြန်တိုက်ကြည့်တာ တနင်္လာနေ့သာဖြစ်ပါသည်။) ဒီလိုဆက်ဆံမှု အပြင် ဆင်တွေကို သာသနာပိုင်ဆရာတော်ကြီးတွေ သံဃာတွေဖြတ်သန်းရတာကို တွေးကြည့်ပါ မြင်ကြည့်ပါ။
● ၃ ဆောင်နှင့် ထောင်မှူးသိန်းမြင့်
အမှတ်(၅)ဆောင်မှာ မအေ နှမ အဖွါးပါ မကျန် တိုင်းထွာ ဆဲဆို ရိုတ်နှက်ပြီး ထောင်ပုံစံသင်ကြားပေးသည့် ပုံစံခန်းလူကြီးဗလကြီးနှင့် လူမိုက်များ၏ ထောင်ကျ ပုံစံခန်းကို တညတဖြတ်ကျော်ပြီးနောက်။ အကျီချွတ် ခါးတောင်းကြိုက်ပြီး ပုံစံရပ်ကာ ထောင်ကျမှတ်ပုံတင်ကို နွားသတ်ရုံလို ရင်ပတ်မှာ တံဆိပ်ထုပြီး တင်ရပါသည်။ (ဆရာတော် သံဃာတော်တွေလည်း ဒီလို ကျော်ဖြတ်ရပါသည်။ ဘာလိုလဲဆိုတော့ ထောင်ကျလာရင် အကျဉ်းသားသာ ဖြစ်သည်ဆိုတဲ့ ထောင်ဥပဒေအရ၊ သီးခြား ဦးစားပေးဆက်ဆံမှုမပြုပါ)
ကျနော့်ကို အမှတ် (၃) ဆောင်ပို့လိုက်ပါတယ်။ တန်းစီးသရဲကြီးနှင့် ထောင်မှူးသိန်းမြင့် အုပ်ချုပ်နေတဲ့ (၃) ဆောင်ကို ကျနော် ရောက်သွား တာတော့ ထောင်မှူးသိန်းမြင့်က ဒီလိုသြ၀ါဒပေးတယ်။ “ထောင်ကျသွားပြီဖြစ်တဲ့မင်းကို ငါတို့အကျဉ်းဦးစီးက တိုက်ရိုက်အုပ်ချုပ်တယ်။ ထောင်မှာ မင်းသာ မင်းနဲ့ဆိုင်တယ် မင်းအကြောင်း မင်းပြောရမယ်။ မင်းကိစ္စကလွဲလို့ အခြားအကျဉ်းသားတဦးဦးရဲ့ကိစ္စဆိုတာ မရှိရဘူး။ အများဆိုတာ ထောင်မှာမရှိဘူး။ ရှိခဲ့ရင် ထောင်ဥပဒေနှင့် ဆန့်ကျင်တယ်။ ထောင်ဥပဒေနှင့်ဆန့်ကျင်ရင် အပြစ်ဒဏ်တိုက် (စစ်ခွေးတိုက်)ကိုရောက်မယ်။ ထောင်မှာ အရှင်တွေ သခင်တွေစသဖြင့် ဘွဲ့ထူးတွေမရှိဘူး။ (အဲဒီတုန်းက ဘာကြောင့်ပြောမှန်းမသိဘူး။ ထောင်မှူးရုံးခန်း ရှေ့ မြေပြင်မှာပုံစံဆွဲထိုင်ပြီး နားထောင်ရတာ ညောင်းလိုက်တာ။ နောက်မှသိတော့တယ် ဆရာတော်ကြီးတွေနှင့် အဘသခင်အုန်းမြင့်တို့ ရှိနေတာကိုး)
ပုံစံအော်ရင် ခေါင်းငုံထားရမယ့်အကျဉ်းသားပဲ ထောင်မှာရှိတယ်။ မင်းတို့အကျဉ်းသားတွေကို အကျဉ်းသားလိုပဲ ငါတို့အကျဉ်းဦးစီးက အုပ် ချုပ်တယ်။ အကျဉ်းသားမဖြစ်ချင်ရင် ထောင်ထဲရောက်မလာနဲ့။ ထောင်ထဲရောက်လာရင် ဘာကြီးပဲဖြစ်ဖြစ် အကျဉ်းသားပဲ... ဟုတ်ပြီလား” စသည်သဖြင့် မိန့်ခွန်းရှည်ကြီးကိုမိန့်ဆိုပြီး ကျနော်တို့ စောင်နဲ့ပါလာတဲ့ အ၀တ်အစားကို ရှာဖွေပြီး ပုံစံပုဆိုး ပုံစံအကျီသာ ၀တ်ဆင်ရမည် ဖြစ်ကြောင်းနှင့် အရပ်ဝတ်များကိုဝတ်ဆင်ပါက အပြစ်ဒဏ်ကျခံရမည်ဖြစ်ကြောင်းကိုပါ သတိပေးပါတယ်။
ထောင်မှူးရုံးက အခန်းသတ်မှတ်ပေးလိုက်တော့ ကျနော်က အမှတ် (၄) ခန်းကို ရောက်သွားပါတယ်။ ထောင်ထဲမှ ထုံးစံအတိုင်း နိုင်ငံရေး အမှုအချင်းချင်း ကြိုဆိုပြီး အားပေးစကားပြောကြတယ်။ အဲသည့်မှာ အဘဦးအုန်းမြင့် (သခင်အုန်းမြင့်-လွတ်လပ်ရေးတိုက်ပွဲဝင်)၊ အဘရဲနီ သက်ဝင်း (ခ) သံမဏိစိန်လှတို့နဲ့အတူ ကိုမိုးမြင့် (မဆလ ဦးချစ်လှိုင်သား)၊ ကိုမင်းမင်းခန့် (မွန်ကြီး)၊ ကိုဗညား၊ ကိုစည်သူဝင်း (သာကေတ)၊ ကိုဝင်းသူရကြွယ်(နဂါးလေး)၊ ကိုမြင့်ထွန်းအောင် (ပြည်)၊ ကိုခင်အောင် (ပြည်) မျောက်ညို (စမ်းချောင်း) တို့နဲ့ လူကြီးတွေဖြစ်သော ကိုသီ ဟ (ပြည်)၊ ကိုအေးကြည် (မြောက်ဥက္ကလာ)၊ ဦးအောင်ရွှေ (အရေးတော်ပုံပါတီ)၊ ကိုညီမွှေးတို့နှင့်တကွ နိုင်ငံရေးအကျဉ်းသားများစွာ တွေ့ ရပါတော့တယ်။ (ကျနော့်ဘ၀အတွက် အဖိုးတန်လှတဲ့ ဘဝအတွေ့အကြုံတွေ၊ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးကြိုးပမ်းချိန်သမိုင်း၊ ဖဆပလ ခေတ်သမိုင်းတွေကို ထဲထဲဝင်ဝင် သိရှိခဲ့ရတဲ့၊ နိုင်ငံရေးကို ပိုမိုနားလည်လာအောင် ဘဝနဲ့ရင်းပြီး သင်ကြားခဲ့ရတဲ့ အင်းစိန်ထောင်ကျောင်းရဲ့ အမှတ် (၃) ဆောင်ပါ။)
အခုကျနော်ဖြတ်သန်းရသည်များကို ထောင်သွင်းအကျဉ်းချတဲ့ ဆရာတော်ဘုရားကြီးများ ဖြတ်သန်းရမှာ မလွဲပါ။ ဗုဒ္ဓဘာသာထွန်းကားသော မြန်မာနိုင်ငံမှာ ဖြစ်သင့် ဖြစ်ထိုက်သည်များလား။ ဒီလို သာသနာပိုင်အဆင့် ဆရာတော်များကိုလည်း သံဃာအတုတွေ အယောင်ဆောင် တွေပါလို့ ပြန်ချေပဦးမှာလား။
ဆက်လက်ဖော်ပြပါမည်။
thanks .
ReplyDeleteDe Kaung Tway................
အော် ရဲမင်ထွန်း မလေးရှားမှာ စစ်သံမှူးကို သတင်းပို့တဲ့ ရဲမင်ထွန်း ဖြစ်မယ် ၀င်နိုင်ဦး ရေတဲ့ မှတ်တမ်းမဲ့ မှတ်တမ်း ထောင်တွင်နေရတဲ့ စာအုပ်ဖတ်ပြီး ပြောနေသလား
ReplyDeleteဧရာဝတီဘလောက် ဟိုအပေါ်ကကွန်မန့်က ဘလာကြီးလူတယောက်ကို ပုတ်ခတ်တာမဟုတ်ဘူးလား။ ရဲမင်းထွန်းကို ကျုပ်ကောင်းကောင်းသိတယ်။ မင်းတို့တွေဒီမှာသူလိုလုပ်နိုင်လို့ အဆင့်မရှိတဲ့ စစ်ထွက်တွေမနာလိုဖြစ်နေတာ။ လူတယောက်ကသမိုင်းရေးထားတာကို စာအုပ်ကြည့်ပြီးရေးလို့ရတယ်ထင်တဲ့ မင်းတို့အိုင်ကြူနိမ့်နေတာ။အဆင့်မရှိတာကွာ။ ကျုပ်လဲမလေးမှာပဲမင်းတို့တွေလုပ်နေတာတွေအကုန်မြင်တယ်။
ReplyDeleteKo Ye Min Tun,
ReplyDeleteMany thanks for sharing your prison experience and educating us on how the MIs and the likes treat political prisoners. It was beyond shocking to hear what the MI and the prison staff would do to you guys including our much respected monks. Everytime I hear something like that, I can't help but wonder why our Burmese society is capable of producing those evil men. I can't wait to see how they will leave this world when death comes calling.
ကံဆောင်ရခြင်းနောက်ခံနှင့် ဦးခင်ညွှန့်သို့မေးခွန်းများ
ReplyDelete၁၉၉၀ ခုနှစ်မှာ ရှစ်လေးလုံးနှစ်ပတ်လည်နေ့အတွက် မန္တလေးမြို့မှာ ဆွမ်းလောင်းကိုပွဲကို န၀တ တိုင်းမှူး ဗိုလ်ချုပ်ထွန်းကြည်က သံဃာတော်တွေကို မကြွရဘူးတားမြစ်သည်။ သံဃာထုကလည်း ဒါဟာဆွမ်းလောင်းတာ ၀ိနည်းအရရှောင်ဖယ်လို့မရဘူးဆိုပြီး မိန့်ကာ ဆွမ်းခံကြွလေတော့ ရုတ်ပျက်ဆင်းပျတ် ဖြိုခွင်းပါသည်။ ဆွမ်းသပိတ်များကိုင်ဆောင်ကြွလာတဲ့ သံဃာတော်များကို န၀တ စစ်အစိုးရက သက္ကင်္န်းတွေဆွဲချွတ် သပိတ်တွေလွှင့်ပစ်ကာ အကြမ်းဖက်ဖမ်းဆီးတာကို သံဃာတော်တွေ ဖက်မှ မခံနိုင်သော ရဟန်းပျိုများက ပြန်လည်တုန့်ပြန် ရိုတ်ပွဲဖြစ်ရာ။ န၀တ ဖက်မှ ပစ်ခတ်နိုမ်နင်းမှုများလုပ်သဖြင့် စက်တင်ဘာလတွင် မန္တလေးတိုင်းမှ ဆရာတော် သံဃာတော်များက ၀ိနည်းတော်အတိုင်း သပိတ်မှောက် သံဃာကံပြုတော်မူပါသည်။
ရန်ကုန်မြို့မှ တိပိဋကဓရ ဆရာတော် အရှင်သုမင်္ဂလာလင်္ကာရ အမှူးပြုသော သံဃာတော်များက အောက်တိုဘာလ (၃) ရက်နေ့တွင် သပိတ်မှောက် သံဃာကံပြုလုပ်သည်။ အဲဒီအချိန်မှာ ကထိန်ခင်းခြင်းနှင့် သံဃာ့ စာမေးပွဲပြီးတဲ့ အချိန်ဆိုတော့ န၀တ စစ်အစိုးရ အုပ်စုမှ အဓိကမင်းသားကြီး ဦးခင်ညွှန့် ကျောင်းတိုက်တွေကို လှူဘွယ်ပစ္စည်းများကပ်လှူပါသည်။ တကယ်ဆိုရင် နှစ်စဉ် ၂ လပိုင်းလောက်မှ ကျင်းပလေ့ရှိသော သံဃာစာမေးပွဲဆု ဆက်ကပ်ခြင်းကို ဦးခင်ညွှန့်က အဲဒီလမှာပဲ ချက်ချင်းလုပ်သည်။ ဆရာတော် သံဃာတော်တွေက အလှူခံခြင်းမပြုလေတော့ ထိပ်တိုက်တွေ့ဆုံခြင်းကို ခံရလို့ ဒေါသသူပုန်ထသူက ဦးခင်ညွှန့် ဘယ်လို ကြမ်းရမ်းခဲ့သလဲကို သူကိုယ်တိုင်မှတ်မိမှာပါ မေးကြည့်ကြပါ။ အဲဒီအချိန်ကျမှ များလိုက်တဲ့ သံဃာအတုအယောင်အမှုတွေက နေ့စဉ်လိုလို သတင်းစာမှာ ပေါ်ထွက်လာလိုက်တာမှ ထူးထူးဆန်းဆန်း ဖြစ်နေတော့သည်။ သံဃာ့ကံဆောင်ခြင်းမပြုသော သံဃာတော်အချို့ကို ဦးခင်ညွှန့် တီဗီများဆက်ကပ်လှူဒါန်းနေပုံကို နိုင်ငံပိုင်သတင်းစာများ၏ မျက်နှာဖုံးမှာ တွေ့ပေမည်။
ကမ္ဘာအေးသို့ န၀တ စစ်အစိုးရဖိအားပေးပြီး သပိတ်လှန်ရမည် အမိန့်ထုက်စေသည်။ ညမထွက်ရ အမိန့်ထုက်ထားသည့် ၁၉၉၀ ခုနှစ် ဒီဇင်လာလ ၅ ရက်နေ့ညမှ စတင်ပြီး သံဃာတော်များကို ခေါင်းစွပ် စွပ်ကာဖမ်းဆီးသည်။ စစ်ကားပေါ်ဆွဲတင်ကာ စစ်ထောက်လှမ်း၏ စစ်ကြောရေးသို့ ပို့ဆောင် စစ်ဆေးသည်။ စစ်ကြောရေးတွင် သံဃာတော်များကို သက္ကင်္န်းတော်များ အတင်းဆွဲချွတ်ခြင်း အမှုကို ဦးခင်ညွှန်၏ အမိန့်ကြောင့် မလုပ်လျှင် ဘယ်သူလုပ်ရဲပေမည်နည်း။ မာန်ဟုန်ပြင်းပြင်း အာဏာစက်ကြီးမားလှသည့် ဗိုလ်ချုပ်ခင်ညွှန်ဘ၀က ဟန်များမာန်များကို ထိုအချိန်က သတင်းစာများ တီဗီသတင်းများမှာ ပြန်ရှာကြည့်ပေတော့။
ဒီတော့ သပိတ်မှောက်ရသည့် သံဃာတော်တွေကို အာဃာတတရား ကြီးစွာနှင့် ဖြိုခွင်း အကျဉ်းချသူက န၀တ အထွေထွေအတွင်းရေးမှူး(၁) စစ် ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ခင်ညွှန့် ဖြစ်ကြောင်း ကျေးဇူများကို မသိသေးသူများ အမှတ်ရပါစေကုန်။ တိပိဋကဓရ ဆရာတော် အရှင်သုမင်္ဂလာလင်္ကာရ မြစ်ကြီးနားထောင်မှာ ၉ နှစ်လောက် အကျဉ်းချခံ သီတင်းသုံးရပြီးနောက် ပြန်လွတ်လာပြီး မကြာခင်မှာ ပျံလွန်တော်မူရှာလေသည်။
ထိုသို့ ပျံလွန်တော်မူချိန်ကျမှ ဦးခင်ညွှန့် တယောက်ဘာလို့များ အကျယ်ချုပ်ဘ၀နှင့် သွားဖူးတာလဲ ဆိုတာကို သိခြင်သည် မေးပေးကြပါ။ မိမိမှာ တာဝန်အရလုပ်ရသည်များ ရှိသည် အစချီသည့် မီဒီယာများမှာ ဦးခင်ညွှန် ပြောတာကို ပြန်မေးချင်တာက ထိုအချိန်မှာ ဦးခင်ညွှန့် အခြားနည်းလမ်းဖြေရှင်းစရာ မရှိဘူးလား တကယ်ပဲလား။
ဦးခင်ညွှန့်က ထောင်သွင်းအကျဉ်းချသော ဆရာတော်များ သံဃာတော်များ။
ReplyDeleteကံဆောင်ရခြင်းနောက်ခံနှင့် ဦးခင်ညွှန့်သို့မေးခွန်းများ
အဲဒီခေါင်းစဉ်နှင့်စာပုဒ်တွေကျန်နေတယ်Artielရဲ့အဓိကစာပိုဒ်တွေကိုဘာလို့ချန်ထားခဲ့တာလဲဧရာဝတီဘလောက်ရှင့် အပြည့်စုံကူးတင်ပေးပါ။စာဖတ်သူတွေအတွက်အဓိကအချက်တွေကျန်နေတာမကောင်းဘူး
http://www.freedomburma.org/2012/01/blog-post_22.html
http://moemaka.com/2012/01/ye-min-tun-%E1%80%A1%E1%80%80%E1%80%BA%E1%80%A5%E1%80%B9%E1%80%B8%E1%80%B1%E1%80%91%E1%80%AC%E1%80%84%E1%80%B9%E1%80%90%E1%80%BC%E1%80%84%E1%80%B9%E1%80%B8-%E1%80%86%E1%80%9B%E1%80%AC%E1%80%B1/
ReplyDelete