အောင်သက်ဝိုင်း
ရွှေအိုရောင် ကျွန်းသားထိုင်ခုံတွေ စားပွဲတွေ ချထားတဲ့ ခန်းမကြီး တခုထဲမှာ လူရာပေါင်းများစွာ ထိုင်နေကြပေမယ့် အပ်ကျသံမျှ မကြားရလောက်အောင် တိတ်ဆိတ်လွန်းလှတယ်။ အမျိုးသား၊ အမျိုးသမီးတွေ ရာပေါင်းများစွာ ရှိနေပြီး အမျိုးသားတွေက ခေါင်းပေါင်း၊ တိုက်ပုံ၊ ပုဆိုး မြန်မာဆန်ဆန် ၀တ်ဆင်ထားကြသလို အမျိုးသမီးတွေကလည်း မြန်မာဆန်ဆန် ရင်ဖုံးနဲ့ ထဘီတွေ ၀တ်ဆင်ထားကြတယ်။
အစိမ်းရောင် ယူနီဖောင်းဝတ် အမျိုးသား မြောက်မြားစွာကလည်း ခန်းမကျယ်ကြီးထဲမှာ ငြိမ်သက်စွာ ရှိနေကြတယ်။ ခန်းမကျယ်ကြီး အလယ်ခေါင်မှာ ခရမ်းရောင် ရင်ဖုံးအကျီနဲ့ ချည်ထည် ထဘီ၊ အဖြူနဲ့ ခရမ်း ရောယှက်ထားတဲ့ ဒေါင်းမြီးပုဝါ လွှမ်းခြုံဝင်ထားတဲ့ အမျိုးသမီးကြီးတစ်ဦး ရှိနေပြီး အမျိုးသမီးကြီးရဲ့ ခေါင်းမှာပန်ထားတဲ့ အဖြူရောင်နှင်းဆီပန်းတွေက ဝေဆာလွန်းလှတယ်။ အမျိုးသမီးကြီးကို လူတွေမြောက်မြားစွာ မကြာခဏ ဆိုသလို လာရောက် နှုတ်ဆက်ကြတယ်။
ခန်းမကျယ်ကြီး ၀င်တဲ့ ၀င်ပေါက်ရှေ့မှာတော့ လူစုလူဝေးကြီးတခု ရှိနေပြီး လူတွေက အချင်းချင်း တိုးဝှေ့နေကြတယ်။ သူတို့အားလုံးရဲ့ လက်ထဲက ကင်မရာတွေဟာ ခရမ်းရောင်ဝတ် အမျိုးသမီးဘက်ကို ချိန်ရွယ် ရိုက်ကူးနေကြတယ်။
အဲဒီအမျိုးသမီးက ကမ္ဘာ့ပြည်သူတွေသာမက၊ မြန်မာပြည်သူတွေ မြောက်မြားစွာ လေးစား တန်ဖိုးထားချစ်ခင် ကြတဲ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပါပဲ။
ခန်းမအပြင်မှာ ရှိနေတဲ့ လူစုလူဝေးကတော့ ကော့မှူးမြို့နယ် ပြည်သူ့ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူ့ လွှတ်တော်မှာ ကျမ်းသစ္စာ ကျိန်ဆိုပြီး ပြည်သူ့ ကိုယ်စားလှယ်အဖြစ် အစည်းအဝေး တက်တာဖြစ်လို့ နေပြည်တော် ပြည်သူ့လွှတ်တော် အစည်းအဝေး ခန်းမကျယ်ကြီး အထိ လာရောက် သတင်းရယူနေကြတဲ့ ပြည်တွင်းပြည်ပ သတင်းထောက်တွေဖြစ်ပါတယ်။
ပြည်သူ့လွှတ်တော် ခန်းမကျယ်ကြီးထဲမှာ စစ်တပ် လွှတ်တော်ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီအစုံက ရွေးကောက် တင်မြှောက်ခံထားရတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ အမတ်တွေ ရာပေါင်းများစွာ ရှိနေကြပါတယ်။
မနက် ၁၀ နာရီတိတိမှာတော့ ရွှေအိုရောင်နဲ့ အမည်းရောင် ရောယှက်ထားတဲ့ ၀တ်စုံပွပွကြီးကို ၀တ်ဆင်ထားတဲ့ အမျိုးသားကြီးတစ်ဦး ခန်းမကျယ်ထဲကို ၀င်ရောက်လာတယ် ဆိုရင်ပဲ ထိုင်နေတဲ့ လွှတ်တော်ကိုယ်စားလှယ် အားလုံးက ညီညီညာညာ မတ်တပ်ရပ်လိုက်တယ်။ သူကတော့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းဖြစ်ပြီး သူ့မျက်နှာမှာ အပြုံးရိပ်တချို့သမ်းနေတယ်။
ဒါပေမဲ့ လွှတ်တော်ထဲမှာ လူတိုင်းပြုံးနေကြတာ မဟုတ်ပါဘူး။ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက လွှတ်တော် ကိုယ်စားလှယ်တွေ၊ ယူနီဖောင်းဝတ် စစ်သား ကိုယ်စားလှယ်တွေ အများစုရဲ့ မျက်နှာက မပြုံး မရယ် ခပ်တည်တည် မျက်နှာထားတွေနဲ့ ရှိနေကြတယ်။ တချို့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ မျက်နှာတွေကတော့ ညှိုးငယ်နေပါတယ်။
မနက် ၁၀ နာရီ ငါးမိနစ်ဝန်းကျင်မှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် NLD လွှတ်တော်ကိုယ်စားလှယ်များ ကျမ်းကျိန်ကြဖို့ ဆင့်ခေါ်ပါတယ်။
စစ်သားကိုယ်စားလှယ်တွေနဲ့ အနီးဆုံးမှာရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်က တပ်ကိုယ်စားလှယ်တွေကြားကနေပြီး အရောင် တောက်နေတဲ့ မျက်ဝန်းတွေ၊ အားမာန် အပြည့်ရှိတဲ့ ခြေလှမ်းတွေ တလှမ်းချင်း ခန်းမရှေ့ကို ထွက်လာတယ်။ စစ်သားကိုယ်စားလှယ်တွေအများစုက ဒေါ်အောင်ဆန်းစုကြည်ကို အထူးအဆန်းတခုအလား စူးစမ်း ကြည့်နေကြတယ်။
“ကျွန်ုပ်သည် ပြည်သူ့ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရပြီးဖြစ်သဖြင့် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ပြီး နိုင်ငံတော်၏ ဥပဒေများကိုလည်း လိုက်နာပါမည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာ စောင့်သိ ရိုသေပါမည်။ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ထာဝရစဉ် ဦးထိပ်ပန်ဆင် ဆောင်ရွက်ပါမည်။ ထို့ပြင် ယခု ကျွန်ုပ်ထမ်းဆောင်မည်ဖြစ်သော တာဝန်၊ ၀တ္တရားများကို ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်မည်ဟု လေးနက် တည်ကြည်စွာ ကတိသစ္စာပြုပါသည်” ဆိုတဲ့ စုပေါင်း ညီညာတဲ့အသံက လွှတ်တော် ခန်းမကျယ်ကြီးထဲမှာ ဟိန်းထွက်နေတယ်။
ကျမ်းသစ္စာ ကျိန်ဆိုနေချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မျက်ဝန်းတွေက စူးလှလွန်းပြီး သူရဲ့မျက်နှာက သာမန်အချိန်အထက် ခက်ထန်နေသလိုပါပဲ။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ သွင်ပြင်က ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပါမည် ဆိုတဲ့ စကားရပ်ကို ပြင်ဆင်ဖို့ ကြိုးစားရင်းက အဆင်မပြေလို့ အလျှော့ ပေးလိုက်ရပေမယ့် အဲဒီစာသားကို ပြင်နိုင်ရမယ်လို့ ယုံကြည်ချက် ရှိနေပုံပါပဲ။
အဲဒီနောက် သူရဦးရွှေမန်းက ခွင့်တိုင် ပျက်ကွက်တဲ့ လွှတ်တော်ကိုယ်စားလှယ် စာရင်းတွေနဲ့ အတည်ပြုဖို့ ကျန်တဲ့ ဥပဒေအချို့ကို ဖတ်ပြပြီး လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ သဘောတူညီချက် ရယူပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်အစည်းအဝေးတက်ရင်း လွှတ်တော်ရဲ့ ပတ်ဝန်းကျင်ကို စူးစမ်းနေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ နောက်တန်းမှာ ထိုင်နေတဲ့ စစ်သားကိုယ်စားလှယ်တွေကတော့ မျက်နှာတွေ အောက်ငုံ့လို့ စားပွဲပေါ်က စာရွက်တွေ ဖတ်ရှုရင်း တကယ် အလုပ်ရှုပ်နေတာလား၊ အလုပ်ရှုပ်ချင်ယောင် ဆောင်နေတာလား ဆိုတာ ကွဲကွဲပြားပြား မသိဘူးလို့ သတင်းထောက်အချို့က ဆိုပါတယ်။
မနက် ၁၀ နာရီ ၃၅ မိနစ်မှာ လွှတ်တော်အစည်းအဝေးပြီးဆုံးကြောင်း ကြေညာလိုက်ချိန်မှာတော့ သတင်းထောက်တွေ မြောက်မြားစွာ လွှတ်တော်ထဲကို ပြေးဝင်သွားကြတယ်။ တချို့အမတ်တွေကို သတင်းထောက်တွေက ၀င်တိုက်မိကြတယ်။
ဗိုလ်မှူးချုပ်နဲ့ ဗိုလ်မှူးကြီးအဆင့်ရှိတဲ့ စစ်သား ကိုယ်စားလှယ်အရာရှိကြီးတွေက တော့ သတင်းထောက်တွေကို လက်ကာပြပြီး တစုံတရာ မှတ်ချက်မပေးဘဲ ရှောင်ပြေးနေကြတယ်။
ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ကို သူလာတက်တာက ပြည်သူတွေအတွက်ဖြစ်ကြောင်း၊ ပြည်သူတွေအတွက် အလုပ်လုပ်ရင်း ကြိုးစားမှာဖြစ်တဲ့အကြောင်း၊ လွှတ်တော်ပြင်ပ နိုင်ငံရေးကိုလည်း ဆက်လုပ်မှာဖြစ်တဲ့အကြောင်း ပြောဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ခန်းမကနေ ပြင်ပကို ထွက်ရာ လမ်းတလျှောက် ပြည်တွင်းပြည်ပ သတင်းထောက်တွေ ကြိတ်ကြိတ်တိုး တိုးဝှေ့နေကြတယ်။ ဒေါ်အောင်ဆန်းစုကြည်က လှမ်းတဲ့ ခြေလှမ်းတိုင်း၊ ပြောတဲ့ စကားလုံးတိုင်းမှာ အနာဂတ်အတွက် ယုံကြည်ချက်တွေ အပြည့် ရှိနေပုံပါပဲ။
လွှတ်တော်ဝန်ထမ်းတဦးကတော့ ဒေါ်အောင်ဆန်းစုကြည် ရောက်လာတဲ့ ဒီနေ့ဟာ ခြောက်ကပ်နေတဲ့ လွှတ်တော်အတွက် အစည်ကားဆုံးနေ့တနေ့လို့ ဆိုတယ်။ သူတို့အားလုံးကလည်း ဒေါ်အောင်ဆန်းစုကြည်ကို အဝေးက လှမ်းမျှော်ကြည့်နေကြတယ်။ နှုတ်ဆက်ပြောဆိုခွင့် တားဆီးခံထားရပုံပါပဲ။
ကြံ့ခိုင်ရေးလွှတ်တော်အမတ်တွေ အများစုက ဒေါ်အောင်ဆန်းစုကြည်နဲ့ ၀ိုင်းအုံနေတဲ့ သတင်းထောက်တွေကို ကြည့်ပြီး ငေးမောနေကြတယ်။
ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်တွေမေးသမျှကို အပြုံးလေးနဲ့ ပြန်လည် ဖြေကြားနေတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံး လွှတ်တော်တက်တဲ့ နေ့ကတော့ အားမာန်အပြည့် တက်ကြွ ယုံကြည်မှုတွေနဲ့ ပြည့်နှက်နေတဲ့ နေ့တနေ့လို့ ဆိုရပါမယ်။
Thanks!
ReplyDeleteVery informative news article.
very good presentation.
ReplyDeletePrecise and concise.
Thank you.
ဗိုလ်မှူးချူပ်တွေက စကားကိုမလွန်အောင်ပြောတတ်အောင် သေချာသင်ထားတာကြတာ..။ စိတ်ထဲကရှိတဲ့အတိုင်း ပြောခဲကြတယ်..။ အန္တရာယ်ရှိနိုင်တယ်ဆိုရင် စကားကို ထိန်းပြောကြတယ်..။ အတွင်းစကားကို လှိုက်လှိုက်လှဲလှဲမပြောတဲ့ အပေါ်ယံဆန်ဆန်လူကြီးတွေ ဖြစ်ကုန်ကြပြီ..။
ReplyDeleteဒေါ်အောင် ဆန်းစုကြည် ရဲ့ ဘေး မှာ ထိုင် နေ တဲ့အ မတ် တွေ က တော့ မ ချောင် ဘူး။ အ ရင် လို အိပ် ငိုက် လို့ မ ရ တော့ ဘူး။ သ နား ပါ တယ်။
ReplyDeletei hope our country will be developed very soon because of amay su
ReplyDeleteMilestone ( one of millions to come )
ReplyDeleteVery good writing and presentation. Thanks alot!
ReplyDeleteပြည်သူတွေ မျှော်လင့်ချက်ကြီးစွာနဲ့ စောင့်မျှော် ခဲ့ရတဲ့ ဒီမြင်ကွင်း အနှစ် နှစ်ဆယ်ကျော် နောက်ကျခဲ့ပေမဲ့ ထာဝစဉ် အားအင်အပြည့်နဲ့ နုပျို တက်ကြွ လန်းဆန်းလျှက်ပါဘဲ အမေ
ReplyDeleteကိုယ်စိတ်အေးချမ်းပါစေ အမေ
အခက်အခဲကြုံလျှင်ပညာညာဏ်ရှိသူကို
ReplyDeleteတောင့်တကြတယ်။
တကယ်တော့ပညာရှိပါမှပွဲစည်တာပါ။
အန်တီရေးး.....အန့်တီ့ဘေးနားက ဖွတ်၂ကောင် အိပ်ငိုက်နေရင် နာနာလေးသာခေါင်းခေါက်လိုက် မီဒီယာတွေမှတ်တမ်းတင်ကြလိမ့်မယ် ..ဟဲဟဲ
ReplyDelete