~
ယဉ်ကျေးမှုနှင့် လူ့အဖွဲ့အစည်းတဲ့ ခေါင်းစဉ်သဘောကတော့ အလွန်ကျယ်ပြန့်ပါတယ်။ ပညာရှင်မဟုတ်ပေမယ့် မြင်ရာရှု့ ထောင့်ကနေ တင်ပြချင်လို့ ဒီစာကို ရေးဖြစ်တာပါ။
လူတယောက်မှာ သူ့ရဲ့ ဘ၀ကို မောင်းနှင်တဲ့အရာဟာ သူယုံကြည်တဲ့ ဘာသာတရား သို့မဟုတ် ယုံကြည်ရာ အယူ၊ ၀ါဒ တခု ဖြစ်တယ်လို့ ခဏ ခဏ ကြားဖူးနေပါတယ်။
အလားတူ လူတယောက်ရဲ့ ယုံကြည်ရာနဲ့ ဘ၀ ဖြတ်သန်းမှု၊ လေ့ကျင့်မှုသင်ကြားမှုတွေဟာ လူတဦးချင်းစီရဲ့ ယဉ်ကျေးမှု ကို တိုက်ရိုက် ပုံသွင်းလေ့ရှိပြီး တဦးချင်းစီရဲ့ လူ့ ယဉ်ကျေးမှုဟာ လူ့အဖွဲ့အစည်းရဲ့ ယဉ်ကျေးမှုကို ထင်ဟပ် ပေါ်လွင်စေပါ တယ်။
ယဉ်ကျေးတယ်ဆိုတဲ့ လူ့ကမ္ဘာ လူ့အဖွဲ့အစည်းတွေကို လေ့လာတဲ့အခါ အောင်မြင် ထွန်းကားတာတွေဘဲ တွေ့ရတာ ပါ တယ်။ ဒီ နေရာမှာ အောင်မြင်ထွန်းကားတိုင်း ယဉ်ကျေးမှု မျက်နှာကျက် မြင့်မားတယ်လို့ မဆိုလိုပါဘူး။ သေချာတာ က တော့ ယဉ်ကျေးမှု မြင့်မားတဲ့ လူ့အဖွဲ့အစည်းတိုင်း အောင်မြင်ကြတာကို ဆိုလိုတာပါ။
မီးကို စတင်တွေ့ရှိလိုက်တာဟာ လူသားရဲ့ ယဉ်ကျေးမှု မြင့်မားလာခြင်းရဲ့ အဓိက အချိုးအကွေ့ဖြစ်တယ်ဆိုတာ အားလုံး အသိပါ။ သားစိမ်း၊ ငါးစိမ်းစာနေတဲ့ လူသားဟာ အကျက်ကို စားလာခဲ့ရင်း ယဉ်ကျေးမှု တဆင့် ထပ်မြင့်လာခဲ့တာပါ။
ကြားဖူးတာလေး တခုရှိပါတယ်။ ကဗျာဟာ လူ့ယဉ်ကျေးမှု တဆင့်မြင့်မားမှုကို ပြသလို ပန်းချီဟာလည်း ယဉ်ကျေးမှု အဆင့် အတန်း မြင့်မားမှုကို ပြသတာပါတဲ့။ စာပေတတ်မြောက်မှု အလွန်နည်းတဲ့ လူ့အဖွဲ့ အစည်း တွေက ရိုင်းစိုင်းတာကို သတိထားမိကြမယ်ထင်ပါတယ်။
ဒါကြောင့် စာပေဟာ လူ့ယဉ်ကျေးမှုကို အဓိက ပုံသွင်းတဲ့ လက်သည်ဖြစ်တယ်လို့ ပြောရမှာပါ။ ကျယ်ကျယ်ပြန့်ပြန့် ပြောရ ရင် နိုင်ငံတနိုင်ငံရဲ့ ယဉ်ကျေးမှုမျက်နှာကျက် ဘယ်လောက်မြင့်တယ် မမြင့်ဘူး ဆိုတာ အဲဒီနိုင်ငံက ပညာရေး စနစ်နဲ့ တိုက် ရိုက် သက်ဆိုင်ပါတယ်။
မြန်မာနိုင်ငံပညာရေးစနစ်ဟာ တလျှောက်လုံး ပန်းအရောင်အဆင်း တမျိုးတည်းနဲ့ ဥယျာဉ်တခုကို ဖန်တီးဖို့ မွေးထုတ်တဲ့ စမ်းသပ် ပညာရေးသာဖြစ်ခဲ့ပါတယ်။
ဒါကြောင့်လည်း မြန်မာ့လူ့အဖွဲ့အစည်းမှာ ပန်းမျိုးစုံတဲ့ ဥယျာဉ် စစ်စစ် တခုရဲ့ တကယ့်အလှတရားကို အခုထိ မမြင်တွေ့ရ သေးတာပါ။ ပန်းတမျိုးနဲ့ တမျိုး အလှချင်း ယှဉ်တွဲမှသာ အလှတရားတွေဟာ အပြန်အလှန် သဟဇာတဖြစ်ဖြစ်နဲ့ လောက ကို အလှဆင် နိုင်ကြတာပါ။
တကယ်ဆိုရင် မြန်မာ့လူ့အဖွဲ့အစည်းမှာ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ အသားအရောင်မျိုးစုံ စုဝေး နေထိုင်ကြတဲ့ လူ့အဖွဲ့ အစည်း တခုပါ။ ဒါပေမယ့် မြန်မာနိုင်ငံမှာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေနဲ့ မကြာခဏ ရင်ဆိုင်ကြရပြီး အဲဒီ ထောင် ချောက်ကြီးထဲကို သိလျှက်သော်လည်းကောင်း၊ မသိဘဲ လျှက်သော် လည်းကောင်း ဆင်းသက်ရင်း အကျိုးနည်းရသူတွေက မြန်မာနိုင်ငံသားတွေပါဘဲ။
ဒါကလည်း အာဏာရှင်တွေက တိုင်းပြည်ကို ဘာသာရေး၊ လူမျိုးရေးမှိုင်းတွေတိုက်၊ သပ်လျှို သွေးခွဲ၊ အမုန်း စိတ်များကို မွေးမြူပေးခဲ့တာကြောင့်လည်းဖြစ်ပါတယ်။
ဒီလို အဖြစ်ဆိုးတွေရဲ့ အဓိက တရားခံဟာ တကယ်တော့ မြန်မာ့လူ့အဖွဲ့အစည်းရဲ့ သင်ကြားလေ့ကျင့်ရေး စနစ် သို့မဟုတ် ပညာရေး စနစ်လို့ ပြောရမှာပါ။
စာသင်ကျောင်းတွေနဲ့ ပတ်ဝန်းကျင်မှာ အပြန်အလှန် အသိအမှတ်ပြုမှု၊ လေးစားမှု၊ ယုံကြည်မှုတွေ ထားတတ်တဲ့ အလေ့ အကျင့်နဲ့ လူ့အဖွဲ့အစည်းအကျိုးကို အကျိုးပြုတတ်၊ အလှဆင်တတ်အောင် သင်ကြားတဲ့ ဓလေ့ မရှိခဲ့တာ သတိထားမိပါ တယ်။
မကြာသေးခင်က ဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်က ပဋိပက္ခတွေမှာ မြင်ရ၊ ကြားရတာအလွန် စိတ်မချမ်းမြေ့စရာ ခံစားရပါတယ်။ ဒါတွေ ဘာကြောင့် ဖြစ်ခဲ့သလဲဆိုတဲ့ မေးခွန်းဟာ အခုထိ ဘ၀မှာ အမေးဖြစ်ဆုံး မေးခွန်း တခုဖြစ်ပါတယ်။ ကိုယ့်ခန္ဓာက အသွေးအသားတွေ တစစီ ပဲ့ကျနေသလို ခံစားရလွန်းလို့လည်း အမေးဖြစ်ဆုံး မေးခွန်းဖြစ်ခဲ့တာပါ။
ရခိုင်ပြည်နယ်က အဖြစ်အပျက်ရဲ့ လက်သည်ဟာ တကယ်တော့ အမုန်းတရားတွေ မွေးမြူခံထားရတဲ့ အနာဖေးခွာမှု အနာ သစ်ဖန်တီးမှုကြောင့်လို့ နားလည်ပါတယ်။
ပြောရရင် Culture of Tolarance ဆိုတဲ့ သည်းခံခြင်းဆိုင်ရာ ယဉ်ကျေးမှု ဘာသာရပ်ကို မြန်မာ့လူ့သင်ကြားမှု မပြုတာ အဓိကလို့ ထောက်ပြကြပါတယ်။ ငြိမ်းချမ်းရေးအတွက် ဒီဘာသာရပ်က အဓိက အထောက် အပံ့ လည်းဖြစ်ပါတယ်။ မြန်မာပြည် ငြိမ်းချမ်းရေး ရဖို့ ဒီဘာသာရပ်ဟာ အဖက်ဖက်သော အင်အားစုများ၊ တဦးချင်း စီသော နိုင်ငံသားတိုင်းမှာ လိုအပ်နေတာပါ။
တကယ်ဆိုရင် မြန်မာနိုင်ငံမှာ လူများစု ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာသာက သွန်သင်ဆုံးမမှု အချုပ်သဘောမှာတော့ ငါ၊ သူ တပါး၊ ယောင်္ကျား၊ မိန်းမ၊ ပုဂ္ဂိုလ်၊ သတ္တ၀ါ ဆိုတာ တကယ်တော့ မခွဲခြားတဲ့ ဘာသာအယူဝါဒ တခုပါ။ ဒါဟာ ဘာကို ပြ သလဲ ဆိုရင် သည်းခံ ခြင်း ယဉ်ကျေးမှုထက် အဆင့်မြင့်တဲ့ ဆုံးမမှုပါ။
နောက် အစ္စလာမ် ဘာသာဆိုတာလည်း ငြိမ်းချမ်းရေးကို ဦးတည်တဲ့ ဘာသာတရားပါ။ အခု ဖြစ်သွားခဲ့တာဟာ ဘာသာရေး အဓိကရုဏ်းလည်း မဟုတ်ပါဘူး။
လူတယောက်က ပြောပါတယ်။ မြန်မာနိုင်ငံမှာက မည်းမည်းမြင် ကုလား၊ ဖြူဖြူမြင် တရုတ်၊ ငါနဲ့ မတူ ငါ့ရန်သူ ဆိုတဲ့ အမုန်း စိတ်တွေက အမြစ်တွယ်နေတယ်တဲ့။ ဒါကြောင့် အာဏာရှင်တွေနဲ့ ပြုပြင်ပြောင်းလဲရေး မလိုလားသူတွေက ဒီအနာကိုအကြိမ် ကြိမ် ထိုးဆွရင်း ဘုံရန်သူ ရှာပြီး ကိုယ့်အင်အားစု ထောက်ခံမှုရအောင်၊ တခြားသူတွေ အချင်းချင်း သေကြေအောင် ပျက်စီးအောင် လုပ်တာပါ တဲ့။
သူပြောတာ အမှန်ဘဲလား၊ မဟုတ်ပါစေနဲ့ လို့ ဆုတောင်းယုံရလွဲပြီး ကိုယ်လည်း မတတ်သာတဲ့ အခြေမှာ ရောက်နေရတာ ပါ။
Culture of Tolerance ဆိုတဲ့အကြောင်း ဆက်လက်ဖော်ပြပါမယ်။
~
No comments:
Post a Comment