Pages

Monday, October 29, 2012

ရုန်းထွက်လာတဲ့ စာအုပ်နှစ်အုပ်



~





ရွက်စိမ်း ~

(ဓာတ်ပုံများ  - ရွက်စိမ်း/ဧရာဝတီ)
ရသစာပေခေတ်မဟုတ်တော့ဘူး လို့ ယူဆရမလို ဖြစ်နေချိန်မှာပဲ ဝတ္ထုတိုပေါင်းချုပ် ၂ အုပ် ဒီရက်ပိုင်းအတွင်း ထွက်လာပါတယ်။

သံသရာလမ်းက ကြိုးတန်းလျှောက်တဲ့ ရှားပါးလူ ဆိုတဲ့ ဝတ္ထုတိုတွေ စုစည်းထားတဲ့ စာအုပ်က  မောင်လွင်မွန် (ကသာ) ရဲ့ စာအုပ်ပါ။

မီးရထားတစ်စင်း ဝတ္ထုတိုစု စာအုပ်ကတော့ မြန်မာ့မီးရထားဌာနက ရုံပိုင်ကြီးများ၊ စက်ဗိုလ်ကြီးများ၊ လမ်းဗိုလ်ကြီးများ ဖြစ်ကြတဲ့

စိုးလှိုင်တင့်၊
ဇင်မင်းထက်၊
နေမိုးညို၊ မြင့်ခေါင်ကြည် (ဒီဇယ်)၊
ရဲသျှမ်း
စတဲ့ စာရေးဆရာများရဲ့ လက်ရာ ဖြစ်ပါတယ်။

စာအုပ်နှစ်အုပ်လုံးက ရသစာပေ အမျိုးအစားတွေ ဖြစ်ကြပြီး ဘဝများစွာ၊ ခေတ်အခြေအနေ များစွာကို ထင်ဟပ်ပြနိုင်တဲ့ စာပေများလည်း ဖြစ်ကြပါတယ်။
လင်းလွန်းခင် စာပေက  ထုတ်ဝေခဲ့ပြီး တအုပ်ကို ၂,၂ဝဝ ကျပ်နဲ့ ရောင်းချနေပါပြီ။

နှစ်အုပ်လုံးကို ရသ စာပေနှစ်သက်သူများ  အကြိုက်တွေ့မယ်၊  ခေတ်တခေတ်ရဲ့ အကြောင်း နဲ့ စာရေးသူတွေရဲ့  ဖြတ်သန်းမှုကို တွေ့ရမှာ ဖြစ်ပါတယ် လို့ စာအုပ်မိတ်ဆက်ပွဲမှာ စာရေးဆရာ မောင်ကြည်မင်းက အမှာစကား ပြောကြားသွားပါတယ်။


အာဏာပိုင်တို့ရဲ့ အကန့်အသတ်တွေ အချုပ်အချယ်တွေကြောင့် ရသစာပေ ဖန်တီးမှု အားနည်းခဲ့ကြပါတယ်။ 
၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီး သိပ်မကြာခင်မှာ စာပေစိစစ်ရေးဌာန ပေါ်ထွက်လာပါတယ်။ ရသစာပေဟာ စိစစ်ရေးဌာနဒဏ်ကို ဆယ်စုနှစ်ပေါင်းများစွာ ခံခဲ့ရတာပါ။

စာပေစိစစ်ရေးနဲ့ ပတ်သက်လို့ စာရေးဆရာ မောင်လွင်မွန် (ကသာ)က ''အရင်က စာပေစိစစ်ရေး ရှိနေတော့ ရေးချင်တဲ့စာတွေကို တိုက်ရိုက်ရေးရင် ဖြုတ်ခံရလို့  ဒါကို ပါအောင် ရှောင်ရင်း ရှားရင်းနဲ့ သရော်စာလို ပုံစံမျိုးတွေ ရေးဖြစ်လာတယ်။ သရော်စာလိုမျိုး ရေးတာ အရသာအရမ်းရှိတယ်" လို့ ပြောပါတယ်။

"အခု စာပေစိစစ်ရေး မရှိတော့ ဘယ်လိုရေးရမလဲတောင် မသိတော့ဘူး။ မရေးတတ်ဘူး ဖြစ်သွားတယ်။ စာပေစိစစ်ရေး မရှိတော့တာ ဝမ်းတောင်နည်းသလိုပဲ'' လို့ သူက ခပ်နောက်နောက် ပြောပါတယ်။

စာရေးဆရာမ ရွှေကူမေနှင်းကတော့  ရသစာပေ ဘာကြောင့်နောက်ရောက်သွားတာလဲ ဆိုတာကို ဆွေးနွေးပွဲတွေ လုပ်ဖြစ်ပေမယ့် အဖြေတော့ မရခဲ့ပါဘူးလို့ ပြောပါတယ်။

ရသစာပေဆိုတာ    ဘဝနဲ့ ထင်ဟပ်ပြီး ရေးတဲ့အတွက် နောက်ကောက်မကျနိုင်ပါဘူး။ ဒီနေ့ခေတ်မှာ ရသစာပေတွေ ပြန်ခေါင်းထောင်လာကြပါပြီ။ စာအုပ်ဆိုင်တွေကို မေးကြည့်ရင် ရသစာပေတွေ အရမ်းရောင်းရတယ်လို့ ကြားနေရပါတယ် တဲ့၊ ရွှေကူမေနှင်းက ပြောပါတယ်။

မြန်မာစာ ဖတ်ပရိတ်သတ်တွေက မခေကြပါဘူး။အခုဆိုရင် ဝတ္ထုရေးမယ့်သူ မရှိတော့လို့ အဌားဆိုင်တွေကလည်း ဝတ္ထုတွေဘက် ပြန်လိုက်နေပါပြီ။ အားမငယ်ကြပါနဲ့ လို့ ရွှေကူမေနှင်းက ဆက်ပြောပါတယ်။


စာရေးဆရာ တဦးက -
ယခင်က တက္ကသိုလ် ဘုန်းနိုင်၊ မောင်သာရ စတဲ့ စာရေးဆရာကြီးများ ရေးသားတဲ့ ရသစာပေ စာအုပ်များက စောင်ရေ သောင်းချီအထိ ရိုက်ထုတ်နိုင်ခဲ့ပြီး ယနေ့ခေတ်မှာတော့ ရသစာပေစာအုပ်ကို ထောင်ဂဏန်း ဝန်းကျင်သာ ရိုက်ထုတ်နိုင်ပါတယ်။ စာရေးဆရာမ ဂျူးရေးတဲ့ စာအုပ်လောက်သာ ၇,၀၀၀ ကျော်၊ ၈,၀၀၀ နီးပါးလောက် ရိုက်ထုတ်ရတယ် လို့  ပြောပါတယ်။

ဝါရင့်စာရေးဆရာမတဦးကလည်း -
ရသစာပေ ဖန်တီးသူတွေကလည်း စာအုပ် တအုပ်ဖန်တီးရာမှာ ခေတ်အခြေအနေနဲ့ ကာရိုက်တာ စရိုက်ကို မှန်မှန်ဖန်တီးဖို့အတွက် အချိန်ကြာမြင့်စွာ ယူရပါတယ်။ အဲဒီလို အချိန်ယူဖန်တီးရတဲ့အတွက် စာရေးသူတွေဟာ ရပ်တည်ရ ခက်ခဲလာတယ်၊ ထုတ်ဝေသူကလည်း နည်းပါးတဲ့အတွက် ရသစာပေရဲ့ ကျဆုံးခန်းကို ရောက်လာတော့တာပဲ လို့ ပြောပါတယ်။

အခုတော့ စာပေစိစစ်ရေးဌာနရဲ့ ခွင့်ပြုချက် မလိုအပ်ဘဲ ထုတ်ဝေနိုင်ခြင်းဟာ့  ရသစာပေ ပြန်ပြီး နာလံထူလာဖို့ အလားအလာကောင်းဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။











-

No comments:

Post a Comment