Pages

Monday, November 26, 2012

ရန်ကုန် မင်္ဂလာဆောင်



~


ရွက်စိမ်း ~

ဒီရာသီ ရန်ကုန်မှာ မင်္ဂလာဆောင် အခမ်းအနား ကျင်းပချင်သူတွေကြောင့် ဟိုတယ်ခန်းမ အများစုဟာ  နောက်ထပ် ငါးလစာအထိ ပြည့်သလို ဖြစ်နေပြီ လို့ သိရပါတယ်။
မင်္ဂလာပွဲ တပွဲလုပ်မယ်ဆိုရင်တော့ နယ်တွေမှာတော့ အိမ်တွေမှာပဲ လုပ်ကြတာများပေမယ့် ရန်ကုန်မှာတော့ ဟိုတယ်တွေမှာ အပြိုင်အဆိုင် ဆိုသလို လုပ်ဆောင်လာကြပါတယ်။
ဇူလိုင် ၁ ရက်နေ့က ရန်ကုန်မြို့ အမျိုးသား ကဇာတ်ရုံမှာ တွေ့ရတဲ့ မင်္ဂလာဆောင်ဝတ်စုံ ဖက်ရှင်ပြပွဲ မြင်ကွင်းတခု (ဓာတ်ပုံများ - ဧရာဝတီ)
ဟိုတယ်တွေမှာ မင်္ဂလာပွဲ အခမ်းအနား အတွက်  ခန်းမကြေးက သောင်းဂဏန်းကနေ တသိန်း နှစ်သိန်းလောက်သာ ကျသင့်ပေမယ့် အစား အသောက်အတွက် စရိတ်က ကြီးမြင့်တာကြောင့် ဆယ်သိန်းအထက် ကျသင့်မှာပါ။   အလတ်စား ဟိုတယ်မှာတောင် အနည်းဆုံး ကုန်ကျစရိတ်က ၁၂ သိန်းကနေ ၁၅ သိန်းအထိ ရှိပါတယ်။
ရန်ကုန်မြို့ Central Hotel က တာဝန်ရှိသူ တဦးက
“ကျမတို့ ဟိုတယ်မှာ မင်္ဂလာပွဲအတွက် ခန်းမကိုတော့ လူ ၁၀၀-၂၅၀ အထိ ၇သောင်း၊ ၂၅၀-၄၅၀ အထိ ၈သောင်း၊ ၄၅၀-၅၀၀အထိ ကိုးသောင်း ကျပါတယ်။ အစားအသောက်ကတော့ ကော်ဖီ၊ရေခဲမုန့်နဲ့ မုန့် ငါးမျိုးကို တယောက်ကို ၃,၅၀၀ ကနေ စရှိပါတယ်။ တခြား ပန်းအိုးဖိုးတို့ စာတန်းထိုးတာတို့၊ သီချင်းအတွက်တို့က သပ်သပ် ပေးရမှာဖြစ်ပါတယ်” လို့ ပြောပါတယ်။



Asia Plaza အေးရှပလာဇာ ဟိုတယ်ကလည်း မင်္ဂလာခန်းမ ဈေးနှုန်းနဲ့ အစားအသောက်ဈေးနှုန်း တွေက ဒီလကုန်ရင် ဈေးတက်ဖို့ ရှိကြောင်းနဲ့ မင်္ဂလာပွဲအတွက် ဘွတ်ကင်တွေကို လာမယ့်နှစ် သင်္ကြန်အထိ ရရှိနေပြီဖြစ်တဲ့အကြောင်းကို ပြောပါတယ်။

ကုန်ကျစရိတ်အကြောင်း ပြန်ဆက်ရရင် - ဟိုတယ်မှာဆောင်မယ့် မင်္ဂလာပွဲ  ဆိုတာမျိုးက ၀တ်စုံနဲ့ မိတ်ကပ် အပါအ၀င် အနည်းဆုံး ၁၅ သိန်းကနေ သိန်း ၂၀ လောက်ထိ ကုန်ကျနိုင်ပါတယ်။

စားသောက်ဆိုင်မှာ ဆောင်မလား
ဟိုတယ်တွေမှာ မလုပ်ချင်ဘူး ဆိုရင်တော့ စားသောက်ဆိုင်တွေ ဖြစ်တဲ့ တော်ဝင်နှင်းဆီ၊ M3 နဲ့ Western Park တို့လို ဆိုင်တွေမှာ လုပ်မယ်ဆိုရင်လည်း ဈေးနှုန်းကတော့ သိပ်တော့ မကွာပါဘူး။

သခင်မြ ပန်းခြံမှာ ရှိတဲ့ Western Park ဆိုင်က တာဝန်ရှိသူက “ ကျွန်မတို့ ခန်းမကြေးက တော့ ငါးသောင်းပေးရမှာဖြစ်ပါတယ်။ အနည်းဆုံး လူ ၃၀၀ မှ လက်ခံပါတယ်။ အစားအသောက်ကတော့ မုန့် ငါးမျိုးကော်ဖီနဲ့ကို တယောက်စာ ၃,၀၀၀ ကျပ်၊ ထောပတ်ထမင်းဆိုရင်တော့ တယောက်စာ ၄,၅၀၀ ကျပ် ကျသင့်ပါတယ်။ တခြားဝန်ဆောင်မှု စရိတ်အနေနဲ့ကတော့ လျှပ်စစ်အသုံးပြုစရိတ် ၅၀,၀၀၀၊ ပန်းအိုး  တအိုးကို ၂၂,၀၀၀၊ စာတမ်းထိုးခ ၂၀,၀၀၀  ကျမှာဖြစ်ပါတယ်” လို့ပြောပါတယ်။

စရိတ်သက်သာမယ့် နေရာ
ဘုန်းကြီးကျောင်းတွေမှာ ဆောင်မယ်၊ အစားအသောက် ကောင်းကောင်း ကျွေးမွေးမယ် ဆိုရင် ၁၀ သိန်းအောက် ကုန်ကျမှာပါ။
နှင်းဆီကုန်း ဘိုးဘွားရိပ်သာလိုမျိုး ဆိုရင်တောင် ဟိုတယ်မှာ ဆောင်တဲ့ ကုန်ကျစရိတ်နဲ့ သိပ်မကွာပါဘူး။
ရန်ကုန်မြို့မှာနေထိုင်သူ အများအပြား  ဟိုတယ်တွေမှာ ဆောင်ကြတာပါ။

 
ဈေးသက်သက်သာသာနဲ့ ခန်းမ ကောင်းချင်တယ် ဆိုရင်တော့ ၀ိုင်အမ်စီအေ လို ခန်းမမျိုးကို ငှားရမ်းပြီး လုပ်ဆောင်နိုင်ပါတယ်။ ၀ိုင်အမ်စီအေ ခန်းမကြေးက ဈေးများနေပေမယ့် အစားအသောက် ဈေးနှုန်းကတော့ ဟိုတယ်တွေထက် ဈေးသက်သာပါတယ်။
 

အာဝါဟ ၀ိဝါဟအရေး မင်္ဂလာယူကြတဲ့ ရာသီရောက်လာချိန်မှာ ခန်းမဈေးနှုန်းတွေ အစားအသောက်ဈေးနှုန်း တွေကတော့ ဂဏန်း မငြိမ်သက်သေးဘဲ တက်ဖို့ဘက်ကို ပြင်နေပါတယ် တဲ့။
မင်္ဂလာပွဲအတွက် Package ၀န်ဆောင်မှု လုပ်ငန်းတွေကလည်း ပေါများလာပြီး  အစအဆုံး အပ်မယ် ဆိုရင်တော့ အနည်းဆုံး သိန်းနှစ်ဆယ်ကျော်ကနေ ချဲ့ရင် ချဲ့သလို ကုန်ကျမှာ ဖြစ်ပါတယ်။

(အများစုအတွက်) တသက်မှာ တခါ ကျင်းပကြတဲ့ မင်္ဂလာပွဲဟာ ချဲ့မယ်ဆိုရင် ချဲ့စရာတွေချည်းပါပဲ။ လက်ထပ်လက်စွပ်ကနေ မွေ့ရာနဲ့ခန်းဝင်ပစ္စည်းကြီးတွေအထိ၊ မှတ်တမ်းဗီဒီယိုရိုက်ကူးမှုကနေ နာမည်ကြီးဘိသိတ်ဆရာနဲ့ အထင်ကရအခမ်းအနားမှူး ငှားရမ်းတဲ့အထိ ချဲ့ကားနိုင်ပါတယ်။
ဒါတွေဟာ တချို့တချို့အတွက်  ပကာသန ဖြစ်နေပေမယ့် တချို့သော မင်္ဂလာယူသူတွေအတွက်တော့   လုပ်ရိုးလုပ်စဉ် ဖြစ်နေပါတော့တယ်။



















-

No comments:

Post a Comment