Pages

Thursday, November 22, 2012

မြ၀တီမှာပေးတဲ့ ရွှေပါရမီရဲ့ ကျန်းမာရေး အလှူ

~




ပြည်တော်မြင့် ~
ယနေ့မြ၀တီတွင်စတင်သည့် ကျန်းမာရေးစောင့်ရှောက်မှုအလှူပွဲ (ဓာတ်ပုံများ - ပြည်တော်မြင့်/ဧရာဝတီ)
ရွှေပါရမီ ကျန်းမာရေးစောင့်ရှောက်မှု ဖောင်ဒေးရှင်းက မြ၀တီမြို့ရှိ လူနာ ၂,၀၀၀ ကျော်ကို  ယနေ့မှ စတင်ပြီး ၃ ရက်အတွင်း အခမဲ့ ကျန်းမာရေးဝန်ဆောင်မှုပေးမည် ဖြစ်သည်။

ဖောင်ဒေးရှင်းမှ အထူးကုဆရာဝန်ကြီးများ၊ သူနာပြုများ၊ စေတနာ့ ၀န်ထမ်းများနှင့် ကရင်ပြည်နယ်မှ ဆရာဝန် ၁၇ ဦး အပါအ၀င် အဖွဲ့ဝင် ၉၀ ကျော်က အကူအညီ ပေးနေခြင်းဖြစ်ပြီး မျက်စိ၊ နား၊ နှာခေါင်း၊ သွား၊ လည်ချောင်း၊ အရိုး၊ အကြောနှင့် အခြားအထွေထွေရောဂါများကို စတင် ကုသပေးလျက် ရှိသည်။

မြ၀တီမြို့ မိုးကုတ်စက်ဝိုင်း ဘုန်းတော်ကြီးကျောင်းတွင် ကုသမှုခံယူရန် လူနာများ ရာပေါင်းများစွာ စောင့်ဆိုင်းနေပြီး ကြိုတင် စာရင်းပေးသွင်းထားသည့် လူဦးရေစာရင်းမှာ ထောင်နှင့်ချီရှိသည်ဟု မြ၀တီမြို့မှ စေတနာ့ ၀န်ထမ်းအဖွဲ့ဝင် မသင်းသင်းက ပြောသည်။

ဖောင်ဒေးရှင်းသည် ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိက၏ အစီအစဉ်ဖြင့် ပေါ်ပေါက်လာခြင်းဖြစ်သည်။
“မြန်မာနိုင်ငံသားအားလုံးကို မေတ္တာထားပြီး လာရောက်ကုသပေးတာဖြစ်တယ်”  ဟု ဆရာတော်က ယနေ့ နံနက်ပိုင်းတွင် မိန့်ကြားသည်။

ဖောင်ဒေးရှင်း၏ မြ၀တီမြို့ ရွှေပါရမီဆေး ခန်းကိုယခုနှစ်ဆန်းပိုင်းက  ဖွင့်လှစ်ခဲ့ပြီး တပတ်လျှင် ၂ ရက်နှုံးဖြင့် အခမဲ့ကျန်းမာရေးဝန်ဆောင်မှုပေးလျက်ရှိသည်ဟု အဖွဲ့ဝင်တဦးက ပြောသည်။

ဖောင်ဒေးရှင်းမှ ဆရာဝန်ကြီးတဦးက “ဆရာတော်ရဲ့အစီစဉ်အရ ချို့တဲ့သူတွေကို ကျန်းမာရေး ၀န်ဆောင်မှုပေးတာဖြစ်တယ်”  ဟု ပြောသည်။

ရွှေပါရမီအဖွဲ့မှမျက်စိကုဆရာဝန်တဦးက မျက်စိဝေဒနာ အခြေအနေ ဆိုးရွားသူများကို မြ၀တီမှတဆင့် ဘားအံဆေးရုံသို့ အခမဲ့ ပို့ဆောင်ပေးမည်ဟု ပြောသည်။

မျက်စိခွဲစိပ်ကုသမှုခံယူမည့် သင်္ကန်းညီနောင်မှဒေါ်ညိုက “မျက်စိမှာ တိမ်ဖြစ်နေတာကြာပြီ။ ခွဲရမယ်လို့ ဆရာဝန်ကြီးက ပြောလို့စောင့်နေတယ်။ နားမကြား မျက်မမြင်ဖြစ်ရတဲ့ဒုက္ခက ဆိုးပါတယ်။ ရွှေပါရမီ တောရဆရာတော်ကို ကျေးဇူးတင်ပါတယ်။ ဒီလိုအလှူမျိုးဆိုတာက မရှိဆင်းရဲသားတွေအတွက် အဖိုးမဖြတ်နိုင်ပါဘူး” ဟု ဆိုသည်။

ဖောင်ဒေရှင်း၏ ၃ ရက်ကြာမည့် ကျန်းမာရေး အလှူကို မြ၀တီခရိုင်ရှိဓမ္မရတနာပရဟိတ အသင်း အပါအ၀င် အခြား လူမှုရေးအသင်းအဖွဲ့များနှင့် မဲဆောက်အခြေစိုက် မနောဖြူစင်ရေလှူအသင်းများက ပူးပေါင်း ကူညီမှုများပေးခဲ့ကြသည်။

မနောဖြူစင်ရေလှူအသင်းမှ ကိုရှည်ကြီးက “ဒီမှာ ကုသလို့မရတဲ့ လူနာတွေကို ဘားအံ၊ ရန်ကုန်နဲ့ အခြားမြို့ကြီးတွေမှာရှိတဲ့ ဆေးရုံကြီးတွေကို ပို့ဆောင်ပေးသွားမှာဖြစ်တယ်။ ဒီနေ့ဆိုရင် မြ၀တီက သားအိမ်ကင်ဆာ အမျိုးသမီး တဦးကို လေဆာနဲ့ဓာတ်ကင်ဘို့အတွက် တောင်ကြီးက စပ်စံထွန်းဆေးရုံကို လွှဲပြောင်း ကုသမှုခံယူဘို့ ရွှေပါရမီအဖွဲ့က စီစဉ်ဆောင်ရွက်နေတယ်” ဟု ဧရာဝတီသတင်းဌာနကို ပြောသည်။

ယနေ့ဆေးဝါးကုသမှု လာရောက်ခံယူကြသူများသည် မြ၀တီခရိုင်နှင့် ထိုင်းဘက်ခြမ်း မဲဆောက်ဘက်ရောက် မြန်မာနိုင်ငံသားများဖြစ်ကြသည်ဟု မနောဖြူစင်ရေလှူအသင်းက ပြောသည်။






















-

No comments:

Post a Comment