Pages

Tuesday, November 13, 2012

Microsoft လည်း လူကြိုက်များတဲ့ Skype ကို သုံးတော့မယ်

 ~



ဆောင်းဦးလင်း ~


မိုက်ခရိုဆော့ဖ်က  သူသုံးနေတဲ့ စကားပြောဆက်သွယ်ရေး ဆော့ဝဲ နေရာမှာ  ၀င်းဒိုးမက်ဆင်ဂျာ (Window Messenger) စနစ်ကို ဖျက်သိမ်းပြီး စကိုက်ပ် (Skype) နဲ့ အစားထိုးတော့မယ်လို့ ကြေညာလိုက်ပါတယ်။

အခုလို သူတို့ စွန့်ပစ်မယ့် ၀င်းဒိုးမက်ဆင်ဂျာ ဆိုတာ   မြန်မာတွေအသုံးများတဲ့ Gtalk မပေါ်ခင်ကတည်းက နိုင်ငံတကာမှာ လူကြိုက်များ သုံးစွဲခဲ့တဲ့ ဆော့ဖ်ဝဲပါ။

ဒီ ၀င်းဒိုးမက်ဆင်ဂျာအတွက် ဒေါ်လာ ၈ ဘီလီယံကျော် ပေးနေရတယ်လို့ လွန်ခဲ့တဲ့ ၁၈ လတုန်းက ကြေညာချက် ထုတ်ခဲ့ပါသေးတယ်။

မိုက်ခရိုဆော့ဖ် ကြေညာချက်မှာ Windows Live Messenger (WLM)  ၀င်းဒိုး လိုက်ဗ်မက်ဆင်ဂျာကို လာမယ့် မတ်လ နောက်ဆုံးထားပြီး တကမ္ဘာလုံးအနေနဲ့ ပိတ်သိမ်းတော့မယ်၊  ခြွင်းချက်အနေနဲ့ ဒီ ဆော့ဖ်ဝဲကို လူဦးရေများစွာ သုံးနေတဲ့ တရုတ် နိုင်ငံတခုတည်းအတွက်ပဲ ဆက်လက် ဖွင့်ထားမယ်လို့ ဆိုပါတယ်။

အခုကြေညာချက်ဟာ စကိုက်ပ်ကိုသာ အသုံးပြုပြီး ဈေးကွက်ကို ဦးတည်သွားဖို့ ပြင်နေတဲ့ မိုက်ခရိုဆော့ဖ်ရဲ့ ပထမခြေလှမ်းဖြစ်ပါတယ်။
               
ဒီ ၀င်းဒိုးမက်ဆင်ဂျာကို ၁၉၉၉ ခုနစ်က စတင် ထုတ်လုပ်ခဲ့တာပါ။  MSN Messenger ဆိုပြီး လူသိများတဲ့ ဆက်သွယ်ရေး စနစ် တခု ဖြစ်ခဲ့ပါတယ်။

မိုက်ခရိုဆော့ဖ်ဟာ အချိန်နဲ့ အမျှ  အဆင့်မြှင့်တင်မှုတွေ လုပ်ခဲ့ပြီး ဓာတ်ပုံပေးပို့နိုင်မှုစနစ်၊ ဗီဒီယို နဲ့ စကားပြောဆက်သွယ်တဲ့စနစ်၊ ဂိမ်း စတာတွေ ထည့်ပါတယ်၊ လူကြိုက်များလာခဲ့ပါတယ်၊ ၂၀၀၉ မှာတော့ ၀င်းဒိုး မက်ဆင်ဂျာကို ပုံမှန် သုံးသူ ဦးရေ သန်း ၃၃၀ ရှိတယ် လို့ ပြောခဲ့ပါတယ်။

မိုက်ခရိုဆော့ဖ်ဟာ သူ့ရဲ့ နောက်ဆုံးထုတ်  ၀င်းဒိုး ၈ နဲ့ အတူ စကိုက်ပ်ဆက်သွယ်ရေးစနစ်ကို လူကြိုက်များဖို့ ရည်ရွယ်ထားတယ်၊ လက်ရှိ ၀င်းဒိုးမက်ဆင်ဂျာ အသုံးပြုသူတွေအနေနဲ့  မိုက်ခရိုဆောဖ်က ၀ယ်ယူထားတဲ့ စကိုက်ပ်ကို အလွယ်တကူ ပြောင်းသုံးနိုင်အောင် စီစဉ်ထားပါတယ် တဲ့။

စိုးရိမ်စရာရှိတာက ၀င်းဒိုးမက်ဆင်ဂျာ အချိန်အတန်ကြာ  အသုံးပြုခဲ့သူတွေဟာ နာမည်ကြီး အွန်လိုင်း ဆက်သွယ်ရေးစနစ်တွေဖြစ်တဲ့ ဂျီတော့ခ် (Gtalk)၊ အေအိုင်အမ် (AIM) နဲ့ အချိန်တိုအတွင်း လူကြိုက်များလာတဲ့ ၀က်စ်အက်မက်ဆင်ဂျာ (WhatsApp Messenger) တို့ ကို ကူးပြောင်းသွားနိုင်တယ် ဆိုတာပါပဲ။

စကိုက်ပ်က  အလုပ်လုပ်နိုင်မှု စွမ်းရည်တွေ ကောင်းတာကြောင့် အောင်မြင်ပြီးသားပါ။

ဒါကြောင့် အသုံးပြုသူတွေ မျှော်လင့်နိုင်တာကတော့ စကိုက်ပ်ကိုအစားထိုးလိုက်ပြီးနောက်ပိုင်း မိုက်ခရိုဆော့ဖ်ရဲ့ အွန်လိုင်း ဆက်သွယ်ရေး နည်းပညာတွေကို ပိုမို ဆန်းသစ်တဲ့ပုံစံနဲ့  တွေ့ မြင်ရဖို့  ရှိတယ် ဆိုတဲ့အချက်ပဲ ဖြစ်ပါတယ်။



မိုက်ခရိုဆော့ဖ်နဲ့ ပတ်သက်တဲ့ သီးခြား သတင်းတပုဒ်

မိုက်ခရိုဆော့ဖ်ရဲ့ Window အကြီးအကဲ ဖြစ်သူ Steven Sinofsky ရာထူးက ထွက်မယ်လို့ ဒီကနေ့ နည်းပညာဆိုင်ရာသတင်းတွေက ဆိုပါတယ်။
သူ အခုလို ရုတ်တရက် ထွက်ဖို့ ဖြစ်လာတဲ့ အကြောင်းရင်းကိုတော့ သူကိုယ်တိုင်ရော မိုက်ခရိုဆော့ဖ်ကုမ္မဏီကပါ အသေးစိတ် ရှင်းပြခြင်း မရှိပါဘူးလို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

သူက မိုက်ခရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ်ဆီမှာ  ၁၉၈၉ ကတည်းက နည်းပညာဆိုင်ရာလက်ထောက်အဖြစ် တွဲပြီး လုပ်ခဲ့သူပါ။

မကြာသေးခင်ကပဲ သူတို့ရဲ့ သင်ပုန်းကွန်ပြူတာ ဘယ်လောက် အကြမ်းပတမ်းခံနိုင်ရည် ရှိတယ်ဆိုတာကို ကြော်ငြာတဲ့ အနေနဲ့ သူကိုယ်တိုင်
အဲဒီ သင်ပုန်းကွန်ပြူတာကို စကိတ်မှာ တပ်ပြီး တက်စီးပြခဲ့သူလည်း ဖြစ်ပါတယ်။

ကိုးကား ။  BBC , Mashable

http://www.bbc.co.uk/news/technology-20222998
http://mashable.com/2012/11/12/skype-windows-8-preview/























-

No comments:

Post a Comment