Pages

Wednesday, February 20, 2013

ကိုသက်ဝင်းအောင် အထိမ်းအမှတ် စာကြည့်တိုက်


ရွက်စိမ်း  ~


“စာကြည့်တိုက်တစ်ခု ဖွင့်လိုက်တာဟာ ထောင်တံခါးတစ်ချပ် ပိတ်လိုက်တာနဲ့ အတူတူပဲ” လို့ စာပေလောကမှာ ထင်ရှားတဲ့ စာရေးဆရာ လေးကိုတင်က
နယ်မြို့လေးတစ်မြို့ရဲ့ စာကြည့်တိုက်ဖွင့်ပွဲတစ်ခုမှာ  ပြောခဲ့တာကို သတိရမိပါတယ်။ 

“လိမ္မာသွားတယ်၊ အသိဥာဏ်ရသွားတယ်ဆိုရင် မမိုက်တော့ဘူးလေ”  စာအုပ်တွေကို ဖတ်ပြီး ရရှိတဲ့ အကျိုးကျေးဇူးက စာဖတ်တဲ့လူတစ်ယောက်တည်းအတွက်တင်မကပါဘူး၊ လူ့အဖွဲ့အစည်း တစ်ခုလုံးကိုပါ အကျိုးရှိစေနိုင်တယ် လို့ ဆရာလေးကိုတင်က ပြောပါတယ်။

စာကြည့်တိုက်တွေဟာ   လေ့လာစရာစခန်းကြီးတစ်ခုလည်း ဖြစ်ပါတယ်။
ဒါကြောင့်မို့လည်း နိုင်ငံကိုချစ်တဲ့သူတွေ မြို့ရွာတွေကို ဖွံ့ဖြိုးစေချင်သူတွေ အများအပြားက စာကြည့်တိုက်လေးတွေကို သူတို့တတ်နိုင်တဲ့အခြေအနေနဲ့ စုရုံး ဖွင့်လှစ်ခဲ့ကြပါတယ်။

အခုလည်း ကိုသက်ဝင်းအောင် အထိမ်းအမှတ် စာကြည့်တိုက် တဲ့…….

ဒီစာကြည့်တိုက်ကို နိုင်ငံရေးသမား ကိုသက်ဝင်းအောင်ကို ဂုဏ်ပြုတဲ့အနေနဲ့ ရန်ကုန်မှာ ၁၂.၁၂. ၂၀၁၂ က စတင် ဖွင့်လှစ်လိုက်တာဖြစ်ပါတယ်။
စာကြည့်တိုက်တည်နေရာက အမှတ်(၁၀၆) အောင်မင်္ဂလာလမ်း၊ ကျောက်မြောင်း၊ တာမွေမြို့နယ်မှာ ဖြစ်ပါတယ်။

အဲဒီစာကြည့်တိုက်ကနေ မဂ္ဂဇင်း၊ ဂျာနယ်၊ ၀တ္ထုတို၊ ၀တ္ထုရှည်၊ အတ္ထုပ္ပတ္တိ၊ နိုင်ငံရေး၊ သမိုင်း၊ အတွေးအခေါ်၊ ဘာသာရေး၊ ပညာရေး စတဲ့ စာအုပ်တွေကို ငှားရမ်း ဖတ်ရှုနိုင်ပါတယ်။ 

အခုလော လောဆယ်မှာ အသင်းဝင်   ၉၀ ရှိတယ်၊ တစ်နေ့ကို အယောက် ၃၀ လောက်
စာအုပ်လာ ငှားကြတယ်  လို့ စာကြည့်ကို ဖွင့်လှစ်ခဲ့သူတွေထဲက တစ်ဦး အပါအ၀င်ဖြစ်တဲ့ ကိုမောင်မောင်စိုးက ပြောပါတယ်။

“ကျွန်တော်တို့ စာအုပ်တစ်အုပ်ကို နှစ်ပတ် (၁၄ရက်) ငှားပေးပါတယ်။ တစ်နှစ် အသင်းဝင်ကြေးက ကျပ် ၁,၀၀၀ ပါ။ လစဉ်ကြေးကတော့ ၅၀၀ ပါ။ ကလေးတွေကတော့ လာပြီး ဖတ်ကြတာများပါတယ်” လို့ သူကပြောပါတယ်။

ယုံကြည်ချက် အကျဉ်းသား သို့မဟုတ် သက်ဝင်းအောင် ဆိုတဲ့ စာအုပ်မှာ

 အောင်ထွန်း , ကောက်နွယ်ကနောင် , သီအို , ကိုကိုကြီး , ဂျင်မီ , ဇော်သက်ထွေး , ပြုံးချို , မိုးသီးဇွန် , နေခြူး , အရိုး (နတ်မောက်မြို့) , တာရာလင်းလက် , ဗသက်အောင် , ဦးဝင်းမောင် , ကျော်စွာလင်း (မြန်မာစာ) , ကဲဆုသာ , မောင်မောင်စိုး (ဗဂျီအိမ်) , အေးအောင် , မျိုးမင်းထိုက် , ဥမ္မာကျော် , မျိုးမင်းဇော် , ခင်မင်းဇော် , မင်းဇင်
တို့ရဲ့ အမှတ်တရ စာစုတွေ ပါဝင်ပါတယ်။

ဒီစာကြည့်တိုက်ကို ပညာသင်ကြားရေးဌာန(Learning Center)တစ်ခုအဖြစ် တိုးချဲ့ပြု လုပ်သွားဖို့လည်း စီစဉ်နေတယ်လို့ ဆိုတဲ့အတွက် သင်တန်းတွေ  တွေ့လာရဖွယ် ရှိပါတယ်။

ကိုသက်ဝင်းအောင်ကို ဘာကြောင့် ဂုဏ်ပြုပြီး ဒီစာကြည့်တိုက် ဖွင့်ရတာလဲ?
သူ့  ကိုယ်ရေးအကျဉ်းက အဖြေပေးမှာ ဖြစ်ပါတယ်။ 

သက်ဝင်းအောင်အကြောင်း

    ကိုသက်ဝင်းအောင်သည် ၁၉၇၁ခုနစ် သြဂုတ် ၂၇ရက်တွင် မွေးဖွားခဲ့သည်။

 ၁၉၈၈ ခုနှစ် တာမွေမြို့နယ် အ.ထ.က (၅)  န၀မတန်းတက်ရောက်စဉ် ဒီမိုကရေစီ လှုပ်ရှားမှုများတွင် စတင်ပါဝင်ခဲ့သည်။

ရှစ်လေးလုံးတွင် ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံကာလတွင် ဒေသဆိုင်ရာ ကျောင်းသားသမဂ္ဂကို ဦးဆောင်ဖွဲ့စည်းလှုပ်ရှားခဲ့သည်။

စစ်တပ် အာဏာသိမ်းပြီးနောက် အခြေခံ ပညာကျောင်းသား များသမဂ (ရန်ကုန် ခရိုင်) တွင် လှုပ်ရှားခဲ့သည်။

၁၉၉၀ပြည့်နှစ်အောက်တိုဘာ မှ ၁၉၉၁ ခုနစ် ဧပြီလအထိ ပထမအကြိမ် ထိန်းသိမ်းခံရသည်။

၁၉၉၆ခုနစ် ဒီဇင်ဘာလ ရန်ကုန်မြို့ ကျောင်းသားများ ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သည်။

၁၉၉၇ခုနှစ်တွင် ပြည်ပသို့ ထွက်ခွာသွားပြီး ၁၉၉၈ ခုနစ် သြဂုတ်တွင် ပြည်တွင်း၌ ဆက်လက်လှုပ်ရှားရန် ပြန်လာခဲ့သည်။ ၁၉၉၈ ခုနစ်စက်တင်ဘာတွင် ကျောင်းသားလှုပ်ရှားမှုဦးဆောင်သူဖြစ်လာပြီး အထိန်းသိမ်းခံရသည်။

၁၉၉၉ခုနစ်တွင် အစိုးရက သူ့ကို ပုဒ်မ(၅)ည နှင့် အခြားပုဒ်မ မျိုးစုံထပ်ကာ ထောင်ဒဏ်(၅၂)နှစ် ချမှတ်လိုက်သည်။

ကိုသက်ဝင်အောင်သည် မန္တလေးထောင်သို့ အရောက်တွင် နောက်ထပ် (၇)နှစ် တိုးခံရပြီး ကလေးမြို့ အကျဉ်းထောင်သို့ အပြောင်းခံရသည်။ ကလေးတွင် ငှက်ဖျားရောဂါ စတင်ခံစားခဲ့ရသည်။

၂၀၀၁ခုနစ်တွင် အစာငတ်ခံတိုက်ပွဲဝင်ခဲ့သဖြင့် ထောင်ဒဏ် ၂နှစ် တိုး ပြီး အခြားနိုင်ငံရေး အကျဉ်းသား (၁၁)ဦးနှင့်အတူခန္တီးထောင်သို့ ပြောင်းရွေ့ခံရသည်။

အဆိုပါ ကာလ၌ မြန်မာပြည်သူ ဒီမိုကရေစီအရေး လှုပ်ရှားမှု တိုက်ပွဲဝင် အကျဉ်းကျခံရသူများထဲတွင် စုစုပေါင်း ထောင်ဒဏ် (၆၁) နှစ် ချခံခဲ့ရသည့် ထောင်ဒဏ် အရှည်ကြာဆုံး နိုင်ငံရေးအကျဉ်းသားဖြစ်သည်။

၂၀၀၁/၂၀၀၂ တွင် ခန္တီးထောင်၌ တိုက်ပိတ်ခံရပြီး ငှက်ဖျားရောဂါ ဝေဒနာ ပြင်းထန်စွာ ခံစားခဲ့ရသည်။  ၂၀၀၂ခုနစ် စက်တင်ဘာတွင် ပါမောက္ခ ဒေါက်တာဆလိုင်းထွန်းသန်း ဖမ်းဆီးခံရမှုနှင့် ပတ်သက်ပြီး ဆန္ဒပြခဲ့သည်။

ရောဂါဝေဒနာနှင့် ထောင်တွင် ဖိနှိပ်မှုဒဏ်တို့ကြောင့် မန္တလေးထောင်သို့ ပြောင်းရွှေ့ပြီး ထောင်ဆေးရုံတွင် တိုက်ပိတ်ခံရသည်။ ရောဂါပြင်းထန်မှုကြောင့် မကြာခဏ သတိလစ်သွားသည်။

၂၀၀၅ တွင် ရီဒင်းတက္ကသိုလ် (အင်္ဂလန်) က သူ့ကို  ဂုဏ်ထူးဆောင်ကျောင်းသားသမဂ္ဂ ဒုတိယ ဥက္ကဌ အဖြစ် ဂုဏ်ပြု ခန့်အပ်ခဲ့သည်။

၂၀၀၆ခုနစ် အောက်တိုဘာ ၁၆ ရက်နေ့ နံနက် ၇နာရီ မိနစ် ၄၀ တွင် စစ်အာဏာရှင်တို့၏ထောင်ထဲတွင် ကျဆုံးသွားခဲ့သည်။



No comments:

Post a Comment