Pages

Thursday, February 14, 2013

ဗိုလ်ချုပ်ဟောင်းတဦး ဧရာဝတီလွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာ

  ~

 


သန့်စင်ငြိမ်းချမ်း ~

လစ်လပ်နေသည့် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ နေရာတွင် ၀င်ရောက်လာသူမှာ  တိုင်းအစိုးရအဖွဲ့ဝင် ၀န်ကြီး ဗိုလ်ချုပ်ဟောင်း ဦးတင်စိုး ဖြစ်သည်။

တိုင်းလွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၁၃) ကို ယနေ့ ခေါ်ယူကျင်းပပြီး လွှတ်တော်ဥက္ကဋ္ဌလောင်းအမည်စာရင်းများ တင်သွင်းစေခဲ့ရာ ဦးတင်စိုး တဦးတည်ကိုသာ အဆိုပြုခဲ့သည့်အတွက် ယှဉ်ပြိုင်သူမရှိဘဲ လွှတ်တော်ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခဲ့ကြခြင်း ဖြစ်သည်။

မဲပေးသည့်စနစ်ဖြင့် ရွေးချယ်ရန် မဲပုံးများ ပြင်ဆင်ထားသော်လည်း အမည်စာရင်း တင်သွင်းမှု တခုသာ ရှိသဖြင့်  လွှတ်တော်ဥက္ကဋ္ဌ ရွေးချယ်တင်မြှောက်သည့် ကိစ္စမှာ မိနစ် ၂၀ အတွင်း ပြီးမြောက်သွားခဲ့သည်။

ဥက္ကဋ္ဌ ရွေးချယ်ခြင်းနှင့် ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရေကြည်မြို့နယ် ကိုယ်စားလှယ် ဒေါက်တာ ဒေါ်လှမြတ်သွေးက အောက်ပါအတိုင်း ပြောသည်။

 “ရွေးကောက်တင်မြှောက်တာ သိပ်မြန်ဆန်လွန်းတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ သဘောဆန္ဒဆိုတာ သိပ်မမြင်လိုက်ရဘူး။  ဥပမာဆိုရင် ဥက္ကဋ္ဌလောင်းအတွက် လွှတ်တော်ကိုယ်စားလှယ်တွေက အမည်စာရင်းပေးသွင်းချင်တယ်ဆိုရင်တောင်မှပဲ စာရင်းပေးသွင်းဖို့အချိန်ဆိုတာ  မတွေ့လိုက်ရဘူး။ ဥက္ကဋ္ဌရွေးကောက်ပွဲက စီစဉ်ထားတဲ့အတိုင်း ဆောင်ရွက်ထားတယ်လို့ မြင်ပါတယ်”

 ဧရာဝတီတိုင်းလွှတ်တော်အတွင်း ပါတီ ၃ ခု ရှိရာ ဥက္ကဋ္ဌလောင်းအတွက် ပါတီ ၃ ခုမှ ကိုယ်စားလှယ်တဦးစီ ပါဝင်ယှဉ်ပြိုင်ကာ  မဲစနစ်ဖြင့် ရွေးချယ်မှုပြုသင့်ကြောင်း သူက ဆက်ပြောသည်။

 “၃ ပါတီစလုံးက လွှတ်တော်ကိုယ်စားလှယ်တွေ ပါဝင်သင့်တယ်။ ဒါကို ဘယ်သူမှအကောင်အထည်ဖော် မဆောင်ရွက်နိုင်ခဲ့ဘူး” ဟု ပြောသည်။

 လူမှုရေးဝန်ကြီး ဦးတင်စိုးအား လွှတ်တော် ဥက္ကဋ္ဌလောင်းအဖြစ် ကြံ့ခိုင်ရေးပါတီမှ မြောင်းမြမြို့နယ် ကိုယ်စားလှယ် ဦးပြုံးချိုက အဆိုတင်ပြီး ထိုပါတီမှ လပွတ္တာကိုယ်စားလှယ် ဦးထိန်လင်းက ထောက်ခံခဲ့သည်။

 ဧရာဝတီတိုင်းလွှတ်တော် လွှတ်တော်ကိုယ်စားလှယ်များ

ကြံ့ခိုင်ရေးပါတီ - ၄၆ ဦး
တပ်မတော်သား ကိုယ်စားလှယ် - ၁၈ ဦး
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ -  ၆ ဦး
NLD  -  ၁ ဦး
 စုစုပေါင်း ၇၁ ဦး 

ယခင်က လွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူ  ဦးဆန်းဆင့်သည် မကြာသေးခင်ကမှ  ဗဟိုအစိုးရအဖွဲ့၏ သာသနာရေးဝန်ကြီး ဖြစ်သွားသည်။

ဥက္ကဋ္ဌသစ် ဖြစ်လာသူနှင့် ပတ်သက်ပြီး  ဧရာဝတီတိုင်း လူ့အခွင့်အရေး စောင့်ကြည့်ကာကွယ်ရေးကွန်ရက် (HRWDN) မှ ကိုထွန်းထွန်းဦးက အောက်ပါအတိုင်း ပြောသည်။

 “ပထမလွှတ်တော်ဥက္ကဋ္ဌကြီးတုန်းက ကျနော်တို့ လွပ်လွပ်လပ်လပ် တွေ့ခွင့်ရပြီး ပြည်သူတွေရဲ့ အခက်အခဲကို တင်ပြခွင့်ရခဲ့ပါတယ်။ လွှတ်တော်ကလည်း  အစိုးရအဖွဲ့နဲ့ တိုက်ရိုက်ချိတ်ဆက် ညှိနှိုင်းပေးခဲ့တာတွေ ရှိပါတယ်။ အခုတက်လာတဲ့ ဥက္ကဋ္ဌကြီးလည်း ပြည်သူ့အကျိုးအတွက် ပထမဥက္ကဋ္ဌလိုပဲ ဆောင်ရွက်လိုစိတ်  ရှိမယ်လို့ထင်ပါတယ်” ဟု သူက ပြောသည်။

လွှတ်တော်ဥက္ကဋ္ဌသစ် ဦးတင်စိုးမှာ ၂၀၁၀ ရွေးကောက်ပွဲတွင် ကျုံပျော်မြို့နယ်မှ ကြံ့ခိုင်ရေးပါတီ ကိုယ်စားပြု ၀င်ရောက် ယှဉ်ပြိုင် အနိုင်ရခဲ့ကာ တိုင်းအစိုးရ ဖွဲ့စည်းချိန်ကစ၍ စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီး ဖြစ်လာသည်။
၂၀၁၂ ခုနှစ်ကုန်ပိုင်းတွင် လူမှုရေးဝန်ကြီးအဖြစ် ပြောင်းလဲတာဝန် ထမ်းဆောင်ခဲ့သူဖြစ်သည်။

  “အခုလွှတ်တော်ဥက္ကဋ္ဌဖြစ်သွားတဲ့ ဦးတင်စိုးအနေနဲ့ ပြည်သူတွေအတွက် အကောင်းဆုံးတော့ လုပ်ဆောင်ပေးလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ ဒါပေမယ့် ပထမပုဂ္ဂိုလ်ရဲ့ စွမ်းဆောင်ရည်က သူ့အတွက် စိန်ခေါ်မှုတရပ်ဖြစ်နေတာတော့ အမှန်ပဲ”ဟု လပွတ္တာမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းက ဧရာဝတီကို ပြောသည်။






















--

No comments:

Post a Comment