Pages

Friday, February 22, 2013

ဗိုလ်ချုပ်မှူးကြီးစာအုပ် NLD ညီလာခံမှာ ရောင်းချ




တောင်ကြီးမြို့တွင် ယမန်နေ့က ကျင်းပသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)  ရှမ်းပြည်နယ် ညီလာခံတွင် မိတ္တူကူးထားသည့်
စာအုပ် အများအပြား ရောင်းချခဲ့ရာ ဗိုလ်ချုပ်မှူးကြီးအကြောင်း ရေးသားထားသည့် စာအုပ်လည်း ပါဝင်သည်ကို တွေ့ရသည်။

RFA အသံလွှင့်ဌာနက အပတ်စဉ် ထုတ်လွှင့်ခဲ့သည့် အောင်သူငြိမ်း၏ ဆောင်းပါးများကို စုစည်းထားခြင်း ဖြစ်ပြီး
"ဗိုလ်ချုပ်သန်းရွှေအကြောင်း၊ မြန်မာနိုင်ငံ၏ မင်းဆိုးမင်းညစ်တဦးကို မျက်နှာဖုံး ခွာကြည့်ခြင်း" ဟု အဆိုပါ မိတ္တူစာအုပ်ကို အမည်ပေးထားသည်။


Benedict Rogers ၏ စာအုပ်ကို ဆရာအောင်သူငြိမ်းက စာအုပ်မိတ်ဆက်သဘော အခန်းဆက်ရေးခဲ့ခြင်း ဖြစ်သည်။

ပါတီညီလာခံကျင်းပရာ ရှမ်းစာပေအသင်း ခန်းမ ၀င်ပေါက်တွင် ကြပ်ပြေး နန်းတွင်းအရေးတော်ပုံ၊ ဒီပဲယင်းလုပ်ကြံမှု အရေးယူဆောင်ရွက်ရေးကော်မရှင်၏ အစီရင်ခံစာ အစရှိသည့် စာအုပ်များလည်း ရောင်းချခဲ့သည်။

ဦးသန်းရွှေစာအုပ် အပါအ၀င် ထိုစာအုပ်များမှာ လွန်ခဲ့သည့် ၂၀၁၁ မတိုင်ခင် စစ် အစိုးရလက်ထက်တွင် လျှို့ဝှက် လက်ဆင့်ကမ်း ဖတ်ရှုကြသည့် စာအုပ်များ ဖြစ်ပြီး ဦးသိန်းစိန်အစိုးရလက်ထက်တွင် ယခုကဲ့သို့ ပေါ်ပေါ်တင်တင် ရောင်းချနေခြင်း ဖြစ်သည်။

ဦးသန်းရွှေသည် ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပပြီးနောက်ပိုင်းတွင်
စစ်တပ် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးအဖြစ်မှ အငြိမ်းစားယူခဲ့ပြီး ယခုအခါ နေပြည်တော်တွင် နေထိုင်လျက်ရှိသည်ဟု သိရသည်။

ရှမ်းပြည်နယ် NLD  ညီလာခံ

တောင်ကြီးတွင် ပြုလုပ်သော ပြည်နယ်အဆင့် ညီလာခံကျင်းပမှုကို မန္တလေးတိုင်း NLD က လာရောက် ကြီးကြပ်ပေးသည်ကို တွေ့ရသည်။

ညီလာခံတွင် ရှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင်မှ ဒေါ်မီးမီးသည်  သဘာပတိအဖြစ် ရွေးချယ်ခံရသည်။ 

 သဘာပတိ၏ ပြောကြားချက်များတွင် - NLD သည် လက်ရှိပုံစံအတိုင်း ဆက်သွားပါက လာမည့် ရွေးကောက်ပွဲတွင် ရလဒ်ကောင်းရမည် မဟုတ်ကြောင်း၊  
တခြားသောပါတီင်္များကလည်း စည်းရုံးရေးလုပ်ငန်းများ လုပ်ကိုင်ပြီး  ပြည်သူလူထုအတွင်း ၀င်ရောက်နေပြီဖြစ်ကြောင်း စသည့် အချက်များလည်း  ပါဝင်သည်။

၁၉၉၀ ရွေးကောက်ပွဲ၊ ၂၀၁၀ ရွေးကောက်ပွဲများတွင် ရှမ်းပြည်နယ် လူထု၏ ဆန္ဒမဲ အများအပြားကို  ဒေသခံ တိုင်းရင်းသား ပါတီများက ရရှိခဲ့သည်။

ဂျွန်ချစ်ငြိမ်း (တောင်ကြီး) ~















1 comment:

  1. http://www.scribd.com/korohingya
    this is what i would like to let ours friend know
    thank you
    tin koko
    201 ABSDF

    ReplyDelete