Pages

Wednesday, March 13, 2013

ပြည်သူ့လွှတ်တော် အစွဲကင်းသလား


မြန်မာ့လွှတ်တော်ဟာ အစွဲကင်းကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက မကြာသေးခင်က ပြောလိုက်ပါတယ်။

 မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီးထွက်လာတဲ့ ဒိန်းမတ်နိုင်ငံ လွှတ်တော် ဥက္ကဋ္ဌ  Mr. Mogens Lykketoft နဲ့ နေပြည်တော်မှာ တွေ့ဆုံတုန်းက ပြောဆိုလိုက်တာ ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဝက်ဆိုက်မှာ တနင်္လာနေ့  နေ့စွဲနဲ့ ဖော်ပြထားပါတယ်။

ဒီမိုကရေစီစနစ်ဖော်ဆောင်တဲ့နေရာမှာ လွှတ်တော်တွေရဲ့ အခန်းကဏ္ဍဟာ အလွန် အရေးကြီးတယ်လို့  ဦးရွှေမန်းက အစချီပြောဆိုပါတယ်။

မိမိတို့ မြန်မာ့လွှတ်တော်ကြီးမှာလည်း ပါတီစုံ၊ တိုင်းရင်းသားစုံ၊ အယူဝါဒမျိုးစုံနဲ့ ဖွဲ့စည်းထားကြောင်း၊ သို့သော်လည်း ပါတီစွဲ၊ ဝါဒစွဲ၊ ဒေသစွဲ၊ လူမျိုးစွဲ၊ ကိုးကွယ်တဲ့ ဘာသာ အယူအဆစွဲတွေ မရှိဘဲ ပြည်ထောင်စုအကျိုး၊ နိုင်ငံတော်နဲ့ တိုင်းရင်းသားတွေ အကျိုးအတွက် ရည်ရွယ် ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် ဥပဒေတွေ ပြင်ဆင်ခြင်း၊ ပြဋ္ဌာန်းခြင်းတွေမှာ နိုင်ငံသားများရဲ့ အခွင့်အရေး၊ ဒီမိုကရေစီအရေးပေါ်မှာ အလေးအနက်ထား စဉ်းစား ဆောင်ရွက်လျက်ရှိတယ်၊ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲနေချိန် ဒိန်းမတ် လွှတ်တော် ဥက္ကဋ္ဌ လာရောက်တဲ့အတွက် ၀မ်းသာဂုဏ်ယူတယ်လို့ ဆိုပါတယ်။

နိုင်ငံရေး ဖြစ်ပေါ် တိုးတက်မှု၊ ပြောင်းလဲမှုတွေကို ပြည်တွင်းပြည်ပက စိတ်ပါဝင်စား နေကြတာ တွေ့ရကြောင်း၊ ဒီမိုကရေစီစနစ်ဖော်ဆောင်ရာမှာ လွတ်လပ်စွာ ရေးသားဖော်ပြခွင့်၊ ပြောဆိုခွင့်များက အလွန်အရေးကြီးကြောင်း ဒိန်းမတ် လွှတ်တော် ဥက္ကဋ္ဌကြီးကို ပြောပြလိုက်ပါတယ်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီး ပြောဆိုချက်တွေဟာ နှစ်ထောင်းအားရစရာ စကားလုံးတွေဖြစ်ပေမယ့် လက်တွေ့ အကောင်အထည်ဖော်လုပ်ဆောင်မှုတွေနဲ့ ကိုက်ညီမှု ရှိမရှိဆိုတာကတော့ စဉ်းစားစရာ၊ ထောက်ပြစရာတွေ ရှိနေပါတယ်။

သူပြောနေတဲ့ တချိန်တည်းမှာပဲ  လွတ်လပ်စွာရေးသား၊ ထုတ်ဝေခွင့်တွေကို  ချုပ်ကိုင်ထားဆဲဖြစ်တဲ့ ပြန်ကြားရေးဝန်ကြီးဌာနက သူတို့ စိတ်ကြိုက်ရေးဆွဲထားတဲ့ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း ဥပဒေကြမ်းကို စာနယ်ဇင်းအဖွဲ့တွေ ကန့်ကွက်နေတဲ့ကြားကပဲ လွှတ်တော်ကို အတင်းတင်လိုက်တဲ့ကိစ္စဖြစ်ပွားနေပါတယ်။

ကျော်ခ ~

 Photo Credit -
Mr. Mogens Lykketoft's Facebook



No comments:

Post a Comment