Pages

Wednesday, March 13, 2013

မတ် ၁၃ ရက်ကို ရုံးပိတ်ရက်သတ်မှတ်ရန် တိုက်တွန်း

ယနေ့ မတ်လ ၁၃ ရက်နေ့တွင်ကျရောက်သော ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့ သေဆုံးခဲ့ရသည့်နေ့ကို  
မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့အဖြစ် ကျင်းပလျက် ရှိပြီး နှစ်စဉ် တရားဝင် အစိုးရရုံးပိတ်ရက် အဖြစ် သတ်မှတ်ပေးရန် အစိုးရထံ တောင်းဆိုသွားမည့်အကြောင်း သိရသည်။ 

ဓာတ်ပုံ- ဂျေပိုင်( ဧရာဝတီ ) ~

အဆိုပါနေ့သည် မြန်မာနိုင်ငံသမိုင်းတွင် အရေးပါသော ၈၈ အရေးတော်ပုံကို သန္ဓေတည် အစပျိုးခဲ့သော 
နေ့ဖြစ်သည့်အပြင် လူ့အခွင့်အရေး အကြီးအကျယ် ချိုးဖောက်ခံရ သော နေ့ဖြစ်ကြောင်း၊ ၁၉၈၉ ခုနှစ် ပထမအကြိမ် ကျင်းပစဉ်ကတည်းက လူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ် ကျင်းပခဲ့ကြောင်း ယနေ့ ရန်ကုန်မြို့ တော်ဝင် နှင်းဆီခန်းမတွင် ကျင်းပသော လူ့အခွင့်အရေးနေ့ အခမ်းအနားကို ဦးဆောင် ကျင်းပသူစ်များက ပြောသည်။

 “ လွှတ်တော်တွင်း၊ လွှတ်တော်ပြင်ပမှာရော ဒီနေ့ကို မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်ဖို့ တိုက်တွန်းတောင်းဆိုသွားမယ်။ ဖြစ်လည်း ဖြစ်သင့်တယ်။ လက်မှတ် ကောက်ခံပြီး တင်တာမျိုးတော့  
ဆွေးနွေးနေဆဲပါပဲ။ အတတ်နိုင်ဆုံးတော့ အမြန်ဆုံး တောင်းဆိုနိုင်အောင် စီစဉ်နေပါတယ်” ဟု
ကိုထွန်းကြည်က ပြောသည်။
 ယနေ့ကို မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့အဖြစ် တရားဝင် ရုံးပိတ်ရက်သတ်မှတ်ပေးရန်တောင်း ဆိုသည့် အပြင် ကိုဖုန်းမော်၊ ကိုစိုးနိုင်တို့၏ အထိမ်းအမှတ်အဖြစ် စာပေဆု ချီးမြှင့်ပေးရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း ပွဲစီစဉ်သူ တစ်ဦးဖြစ်သည့် ကိုအောင်ထွန်းက ပြောသည်။


မြန်မာနိုင်ငံ လူ့အခွင့် အရေး ပညာပေးဌာန( HREIB ) မှ ဒါရိုက်တာ ကိုအောင်မျိုးမင်းက - မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးနှင့်ပတ်သက်ပြီး လှုပ်ရှားခဲ့တဲ့ အစဉ်အလာများ အများကြီးရှိကြောင်း၊ အသက်ပေးသွားသူများလည်း အများကြီးရှိကြောင်း၊ လူ့အခွင့်အရေးချိုး ဖောက်ခံရသော တိုင်းပြည်တွင် လူ့အခွင့်အရေးနေ့များသည် နေ့စဉ်နေ့တိုင်း ရှိနိုင်သော်လည်း ၈၈ အရေးတော်ပုံကြီး အစပျိုးခဲ့သော ယနေ့ကို မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့အ ဖြစ် သတ်မှတ်ခြင်းကို လက်ခံကြောင်း ပြောသည်။

“ အခုတော့ ကျင်းပခွင့်တော့ ရှိလာပါတယ်။ ဒါပေမယ့် ဒီထက် ပိုပြီး အနှစ်သာရပြည့်ဝ အားကောင်းဖို့ အစိုးရရဲ့ တာဝန်ရှိသူတွေကိုယ်တိုင်က ပါဝင် အသိအမှတ်ပြုပေးဖို့လိုအပ် မယ်။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးအတွက် အသက်စွန့်သွားတဲ့ သူရဲကောင်းတွေအတွက် အသိအမှတ်ပြုတဲ့နေ့တစ်နေ့ ရှိသင့်ပါတယ်။ဂုဏ်ပြုသင့်လို့ အများပြည်သူ အတွက် ရုံးပိတ်ရက်အဖြစ်တောင် သတ်မှတ်သင့်ပါတယ် ” ဟု ၄င်းက ပြောသည်။ 


အဆိုပါပွဲသို့ တက်ရောက် လာသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နာယက ဦးဝင်းတင်က - မြန်မာနိုင်ငံတွင် အစိုးရ ရုံးပိတ်ရက်များစွာရှိသောကြောင့် ယခုလို ကိုဖုန်းမော်၊ ကိုစိုးနိုင် တို့ သေဆုံး ခဲ့သောနေ့ကို အစိုးရ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ရန် အဟန့်အတားရှိနိုင် သော်လည်း တိုင်းပြည်အတွက် အသက်ပေးသွားသူများကို တစ်နိုင်ငံလုံး မမေ့စေရန်နှင့် အောက်မေ့နေစေရန်အတွက် အစိုးရအဖွဲ့အနေဖြင့် တရားဝင် ရုံးပိတ်ရက်အဖြစ် သတ် မှတ်သင့်ကြောင်း  ပြောသည်။

 “ ဒါက တစ်နိုင်ငံလုံး လုပ်ရ မယ့်ကိစ္စ။ တစ်မျိုးသားလုံးလုပ်ရမယ့်ကိစ္စ။ တခြားနိုင်ငံတွေမှာလဲ နိုင်ငံအတွက် အသက်စွန့်ခဲ့တဲ့ သူတွေအတွက် အသိအမှတ်ပြုတာတွေ အများ ကြီး ရှိပါတယ်” ဟု ၄င်းက ဆိုသည်။ 

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သည့် ကိုမင်းကိုနိုင်က - ယနေ့ကို မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့အဖြစ် တညီတညွှတ်တည်း စတင်သတ်မှတ်ပြီး ကျင်းပခဲ့ သည့် ၁၉၈၉ ခုနှစ် ပထမအကြိမ်မှ ယနေ့တိုင်သည်အထိ ခေါ်တွင်နိုင် သေးသည့် အတွက် အားရကျေနပ်မိကြောင်း၊ စွန့်လွှတ်သူများ၏ စွန့်စားမှုများကြောင့် ယနေ့အချိန်လို မြန်မာနိုင်ငံ၏ နိုင်ငံရေးအနေ အထားမျိုး သို့ ရောက်လာ နိုင်ခြင်းဖြစ် ကြောင်း  ပြောသည်။ 

လက်စားချေမှုကို မစဉ်းစားသော်လည်း သမိုင်းကို မေ့ဖျောက်၍မရကြောင်း၊ ရသည့်နည်းဖြင့် မှတ်တမ်းတင် ရမည်ဖြစ်ကြောင်း၊ ယနေ့လို လူ့အခွင့်အရေး၊ ဒီမိုကရေစီ စကားသံ များကို ကျယ်ကျယ်လောင်လောင်
ပြောနိုင် သည်မှာ သွေးမြေကျခဲ့ရသည့် ကျောင်းသားမှတ်တမ်းများက သက်သေပြမည်ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။ 

“ ကျောင်းသားသမိုင်းကို အမှန်အတိုင်းရေးနိုင်ကြပါစေ၊ သိနိုင်ကြပါစေ။ကြီးကျယ် မြင့်မြတ်သော ကျောင်းသား သမိုင်းဟာ ပေးဆပ်မှုတွေနဲ့စတင်ခဲ့ပြီးနောက်ဆုံးမှာ တိုင်းပြည်ကို တည်ဆောက်ရေး သမားကောင်းတွေနဲ့ အဆုံးသတ်နိုင်ပါစေလို့ ဆုတောင်းတယ် ” ဟု ၄င်းက ဆိုသည်။ 

၁၉၈၈ ခုနှစ် မတ်လ ၁၃ ရက်နေ့တွင် ရန်ကုန်စက်မှုတက္ကသိုလ်အဆောင်တွင် စာကျက်နေခဲ့ပြီး ညပိုင်း လက်ဖက်ရည်ဆိုင်ထိုင်ရာမှ စက်မှုကျောင်းသားများနှင့် အရပ်သားတချို့ စကားများရာမှ စက်မှု
ကျောင်းသား ကိုဖုန်းမော်သည် ရဲတပ်ဖွဲ့များ၏ ပစ်ခတ်မှုကြောင့် ကျည်ဆန်ဒဏ်ရာဖြင့် သေဆုံးသွား ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါပွဲသို့တက်ရောက်လာ သော ကိုဖုန်းမော်၏ နှမဖြစ်သူက ပြောသည်။ 

ကိုဖုန်းမော်သည် ပြသနာဖြစ်နေစဉ် ရဲတပ်ဖွဲ့မှ စက်မှုတက္ကသိုလ်ဆရာတစ်ဦးကို ပစ်ရန် ချိန်ရွယ်သောကြောင့် ဆရာဖြစ်သူကို တွန်းဖယ်စဉ် ၄င်းက အပစ်ခံလိုက်ရခြင်းဖြစ် ကြောင်း၊ ထို့အတွက် ကိုဖုန်းမော်၏ ရင်ဝ၊ ဆီးစပ်နှင့် ပေါင်တို့တွင် သေနတ်ဒဏ်ရာ ၃ ချက်ရခဲ့ကြောင်း၊ ထိုအချိန်က အစိုးရ ရေဒီယို သတင်း ဌာနမှ ကြေညာသလို ရန်ပွဲဖြစ်ရာမှ ဓါးဒဏ်ရာဖြင့် သေဆုံးခဲ့သည်မှာ မဟုတ်မှန်ကြောင်း ၄င်းက ဆိုသည်။ 

ကိုဖုန်းမော်၏ နာရေးအတွက် အသုဘချခွင့်၊ မဏ္ဍပ်ထိုးခွင့်နှင့် သေဆုံးကြောင်း အသိပေးကြေညာခွင့်များကိုလည်း ပြုလုပ်ခွင့်မရရှိခဲ့ကြောင်း သိရသည်။ 

ထို့အပြင် ကိုစိုးနိုင် သေဆုံစဉ်ကလည်း ဖခင်ဖြစ်သူကို အာဏာပိုင်များမှ ဆူပူမှုမဖြစ်စေရန် တာဝန်ယူနိုင်လည်း နာရေးအသုဘချခွင့်ပြုမည်ဖြစ်ကြောင်း ပြောကြားခဲ့သဖြင့် ဖခင်က တာဝန်မယူ နိုင်ကြောင်း ပြန် လည်ပြောကြားခဲ့သည်ဟု ကိုစိုးနိုင်၏ အမဖြစ်သူ ဆိုသည်။ 

“ အဲဒီလို ပြောတော့ အဖေကိုယ်တိုင်က ကျုပ်သားကတော့ သေတာကသေပြီ။ ခင်ဗျားတို့ဘာသာ သားကို ဖျာလိပ်နဲ့ပက်ပြီး ခဲဆွဲကာ ရေထဲချလည်း ကျုပ်ကျေနပ်တယ်လို့ ပြန်ပြောခဲ့တယ် ” ဟု ၄င်းက ဆက်ပြောသည်။ 

ကိုဖုန်းမော်သည် ၁၉၆၅ ခုနှစ်၊ ဇန်န၀ါရီ ၂၂ ရက်နေ့တွင် မွေးဖွားပြီး မွေးချင်း ၅ ဦးရှိကြောင်း၊ ၁၉၈၁ ခုနှစ်တွင် လသာမြို့နယ် အမှတ် ( ၁ ) အထက်တန်းကျောင်းမှ ဒသမ တန်းအောင်မြင် ခဲ့ပြီး ဒေသ
ကောလိပ် ( ၂ ) ရန်ကုန် လှိုင်နယ်မြေတွင် သိပ္ပံသချာင်္အထူးပြုဖြင့် တက်ရောက်ခဲ့သူဖြစ်ကြောင်း၊ ၁၉၈၃ ခုနှစ်တွင် ရန်ကုန်စက်မှုတက္ကသိုလ်သို့ ဓါတု အင်ဂျင်နီယာဘာသာရပ်တက်ရောက်ခဲ့ပြီး ၁၉၈၈ ခုနှစ် မသေဆုံးခင်အထိ ပဉ္စမနှစ် တက်ရောက်နေခဲ့ကြောင်း သိရသည်။ 

ကိုစိုးနိုင်သည် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ၁၉၆၆ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်နေ့တွင် မွေးဖွားခဲ့ပြီး ၁၉၈၂ ခုနှစ်တွင် ဒသမတန်းကို ဂုဏ်ထူး ၂ ဘာသာဖြင့် အောင်မြင်ခဲ့ ပြီး ရန်ကုန်စက်မှုတက္ကသိုလ်သို့ သတ္တု အင်ဂျင်နီယာဘာသာရပ် တက်ရောက်သင်ကြားခဲ့ကြောင်း၊ မသေဆုံးမီ ၁၉၈၈ ခုနှစ်တွင် ပဉ္စမနှစ်
ကျောင်းသားတစ်ယောက်ဖြစ်ကြောင်း သိရသည်။ 

 စနေလင်း ~


.


4 comments:

  1. ရုံးပိတ်ရက်အဖြစ်သတ်မှတ်ရန် သေချာစဉ်းစားစေချင်ပါသည် ကျနော်တို့နိုင်ငံမှာ ရုံးပိတ်ရက်များနေလှပါသည် သို့အတွက်လုပ်အားများစွာ လျော့နည်းသွားပါမည် နိုင်ငံတစ်နိုင်ငံ တိုးတက်ရန် လုပ်အားသည်လည်း အဓိက အပိုင်းမှာပါဝင်နေပါသည် နေ့အဖြစ်သတ်မှတ်နှိုင်ပါသည်

    ReplyDelete
  2. ရုံးပိတ်ရက်အဖြစ် မသတ်မှတ်သင့်ပါ။
    အကြောင်းမှာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အသိအမှတ်ပြုထားသော ဗိုလ်ချုပ်တို့ကဲ့သို့
    တိုင်းပြည်အကျိုးတစ်ခုတည်းကိုသာကြည့်ပြီး တိုင်းပြည်လွတ်လပ်ရေးရအောင်
    အသက်ကိုပင်ပေးဆပ်ပြီး ဆောင်ရွက်သွားသော အာဇာနည်မျိုးမဟုတ်၍ဖြစ်ပါသည်။

    ReplyDelete
  3. it is meaningless day for our people. it is not concern with myanmar history. it related with personal affairs and based on their own feelings.

    ReplyDelete
  4. ဘာအလုပ်မှ မလုပ်ပဲ အဘယ့်ကြောင့် ရုံးပိတ်ရက်တွေ တောင်းကြသတုံး ကောင်ကြီးရ

    ReplyDelete