Pages

Wednesday, March 20, 2013

ငြိမ်းချမ်းရေးလက်မှတ်ထိုးမယ့် ပအို့အဖွဲ့ကို နယ်စပ်မှာကြို



အစိုးရနှင့်ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး လက်မှတ်ထိုးမည့် ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ PNLO မှ ဥက္ကဋ္ဌ  ခွန်ဥက္ကာ ဦးဆောင်သည့် ၁၀ ဦးပါအဖွဲ့ကို မြန်မာအာဏာပိုင်တို့က  ယနေ့နံနက် ၇ နာရီခွဲက မဲဆောက်-မြ၀တီမှတဆင့် ရန်ကုန်မြို့သို့ ခေါ်ဆောင်သွားသည်။

ရန်ကုန်တွင် ရှိစဉ် ၎င်းအဖွဲ့သည် သမ္မတရုံး ၀န်ကြီး ဦးအောင်မင်း ခေါင်းဆောင်သည့်  မြန်မာအစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီနှင့် လာမည့် သောကြာ၊ စနေနေ့တို့တွင် တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။

“အရင်နှစ်သြဂုတ်လက ရှမ်းပြည်နယ်တောင်ကြီးမြို့မှာ ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေးဆိုင်ရာ သဘောတူ လက်မှတ်ထိုးခဲ့တယ်။ အခုခရီးစဉ်က ပြည်ထောင်စုအဆင့်ဖြစ်တယ်။ ဒီဆွေးနွေးပွဲမှာ ပြည်ထောင်စု အဆင့် လက်မှတ်ရေးထိုးဖို့ ရှိတယ်” ဟု PNLO  ဥက္ကဋ္ဌ ခွန်က္ကာက ပြောသည်။

 နိုင်ငံရေးဆိုင်ရာဆွေး နွေးမှုများကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့  ၁၁ ဖွဲ့နှင့် ဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ၏ အစီအစဉ်ဖြင့်သာ ဆောင်ရွက်မည်ဟုလည်း ခွန်ဥက္ကာက ဖြည့်စွက်ပြောကြားသည်။


ယနေ့နံနက်ကမဲဆောက်မှ ထွက်ခွာသွားသည့် PNLO ဥက္ကဌနှင့်အဖွဲ့ (ဓာတ်ပုံများ - ပြည်တော်မြင့်/ဧရာဝတီ)
PNLO ကိုယ်စားလှယ်အဖွဲ့တွင် ထိုင်းနယ်စပ်မှ ထွက်ခွာသွားသည့် ဥက္ကဌ ခေါင်းဆောင်သည့် ၁၀ ဦး၊ တောင်ကြီး မြို့သို့ရောက်ရှိနေသည့် အထွေထွေအတွင်းရေးမှူး ခွန်မြင့်ထွန်း ခေါင်းဆောင်သည့် ၅ ဦး စုစုပေါင်း ၁၅ ဦးဖြစ်သည်ဟု သိရသည်။

PNLO က လာမည့် အင်္ဂါနေ့တွင်ကျရောက်သည့် ပအိုဝ့်အမျိုးသားနေ့ကို ပအို့ဝ် တိုင်းရင်းသားတို့ နေထိုင်သည့် ရှမ်းပြည်နယ်တောင်ကြီးမြို့တွင် ဒေသခံများနှင့်အတူ ကျင်းပမည်ဖြစ်သည်။

ပြည်တော်မြင့် ~


.

No comments:

Post a Comment