Pages

Thursday, May 9, 2013

KIO ဒေသ ဒုက္ခသည်များထံ နိုင်ငံတကာကူညီမှု မရောက်နိုင်

KIO/KIA ထိန်းချုပ်ရာ ဒေသရှိ  ဒုက္ခသည်များထံ နိုင်ငံတကာအကူအညီများ ရောက်ရှိနိုင်ရေးမှာ မရေမရာ ဖြစ်နေဆဲဖြစ်ကြောင်း သိရသည်။

KIO ထိန်းချုပ်နယ်မြေ လိုင်ဇာဒေသ ဒုက္ခသည်စခန်းတခုရှိ ကျန်းမာရေးစောင့်ရှောက်မှု မြင်ကွင်းတခု (ဓာတ်ပုံ - ဧရာဝတီ)

အစိုးရက ယခင်လဆန်းပိုင်း  နိုင်ငံခြားသားတယောက်ပါဝင်သည့် ကုလသမဂ္ဂ ယာဉ်တန်းကို  ကချင်ပြည်နယ်တနေရာတွင်သွားလာခွင့် ပိတ်လိုက်သည့်နောက်ပိုင်းမှ စပြီး ထိုသို့ မရေမရာဖြစ်သွားကြောင်း၊
ဆက်သွယ်သည့် နိုင်ငံတကာအဖွဲ့ မရှိတော့ကြောင်း KIO ၏ ဒုက္ခသည် ကယ်ဆယ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဒွဲပီဆ့က ပြောသည်။

“နိုင်ငံတကာအကူအညီဆိုတာ ၂၀၁၁မှာ UN က ဂျယ်ယန်စခန်းမှာ တခါ၊ မိုင်တိုင် ၆ နဲ့ ၈ မှာ တခါ၊ မိုင်ဂျာယန်မှာ နှစ်ခါပဲ ရှိသေးတယ်” ဟု ကော်မတီ ဥက္ကဋ္ဌ ဦးဒွဲပီဆ့က ပြောသည်။

ကော်မတီက  စစ်ပွဲစသည့် အချိန်မှ လက်ရှိအချိန်ထိ လက်ခံရရှိခဲ့သည့် နိုင်ငံတကာ အကူအညီများကို စာရင်းပြုစုလျက်ရှိပြီး မကြာမီ ထုတ်ပြန်ရန် ပြင်ဆင်နေသည်ဟု ဆိုသည်။

KIO ထိန်းချုပ်နေရာတွင်  ဒုက္ခသည် ၇ဝ,ဝဝဝ  ကျော် ရှိသည်။

ဒုက္ခသည်များကို ၂၀၁၂ မတ်လမှ ၂၀၁၃ ဖေဖော်ဝါရီအထိ ထောက်ပံ့ရန်အတွက် ဒေါ်လာ ၃၅.၈ သန်း လိုအပ်မည်ဟု တွက်ချက်ထားခဲ့သည်။
 အလှူရှင်အစုစုက ဒေါ်လာ ၂၂.၄ သန်း လှူဒါန်းခဲ့သည်။

လတ်တလောအချိန်တွင် နိုင်ငံတကာအဖွဲ့အစည်းများက တိုက်ရိုက်ကူညီမူမျိုးမရှိပေ။
ပြည်တွင်းအလှူရှင်များက လာရောက်လှူဒါန်းခြင်းကို  ရံဖန်ရံခါ တွေ့ရသည်။ 

KIO က ၎င်းတို့ထံ ရောက်လာသည့်  ဒုက္ခသည်များ၏ စားဝတ်နေရေး အစ အဆုံးကို တာဝန်ယူထားသည်။

ကူညီကယ်ဆယ်ရေးထက် ငွေကြေး ပိုမိုကုန်ကျသည့်လုပ်ငန်းများလည်း KIO တွင် ရှိနေသည်။

“စစ်တိုက်တာနဲ့ ဒုက္ခသည်တွေကို ထောက်ပံ့တာ ဘယ်မှာပိုသုံးရလဲ ဆိုတော့ စစ်တိုက်တဲ့ စရိတ်က ဒုက္ခသည်တွေကို ပံ့ပိုးပေးရတာထက် ပိုပါတယ် ” ဟု  KIA ဒုတိယစစ်ဦးစီးချုပ်   ဗိုလ်ချုပ်ဂွန်မော်က ပြောသည်။



.


No comments:

Post a Comment