Pages

Monday, September 30, 2013

Western Union ရှိပေမယ့် ဟွန်ဒီသမားတွေ ပန်းပန်လျက်ပါပဲ

~


မြန်မာပြည်ကို Western Union က တဆင့် ငွေလွဲတဲ့နိုင်ငံပေါင်း ၁၀၇ နိုင်ငံ ရှိနေပါပြီ တဲ့။
ဧရာဝတီအင်္ဂလိပ်ပိုင်း သတင်းတပုဒ်မှာ ရေးထားပါတယ်။

ပြည်ပကနေ ငွေပို့လိုက်ပြီဆိုရင် မြန်မာပြည်မှာ ဘဏ်တခုခုမှာ သွားထုတ်ရပါမယ်။
ဘဏ်တွေမှာ Western Union က ကောင်တာဖွင့်ထားလို့ပါပဲ။

မြန်မာပြည်မှာ သူတို့နဲ့ပေါင်းလုပ်နေတဲ့ ဘဏ်ပေါင်း ၈  ခု ရှိတယ်၊ ဒါကြောင့် အနယ်နယ်မှာ ကောင်တာပေါင်း  ၂၈၀ ဖွင့်ထားပါတယ် တဲ့။

သူ့ရဲ့ ပြိုင်ဘက် MoneyGram လည်း မကြာသေးခင်က ရောက်လာပါပြီ။
ဘဏ် သုံးခုနဲ့ ချိတ်ပြီး လုပ်နေတဲ့အကြောင်း မြန်မာပြည်ကို MoneyGram ရောက်လာပြီ  http://blog.irrawaddy.org/2013/08/moneygram.html ဆိုပြီး ဒီဘလော့မှာ မကြာသေးခင်က ရေးထားပါတယ်။

သူတို့က နိုင်ငံတကာမှာ အဓိကပြိုင်ဘက်များပါ။
မြန်မာပြည်မှာတော့ Western Union က အရင်ရောက်လာတယ်၊ ကောင်တာခွဲတွေ များတယ် ဆိုတော့ ပိုပြီး ခြေလှမ်းကြဲတယ်လို့ ဆိုနိုင်ပါတယ်။

ထိုင်း၊ မလေးရှားတို့မှာ မြန်မာပြည်သား အများအပြား ရောက်ရှိနေပါတယ်။
သူတို့ အဲဒီမှာ ရှာဖွေစုဆောင်းထားတာတွေ မြန်မာပြည် ပြန်ပို့တဲ့အခါ ဒီလမ်းကြောင်းတွေကိုလည်း အားကိုးနိုင်ပါတယ်။
ပုံမှန်လွဲနေကျ ဟွန်ဒီတွေကိုလည်း ဆက်လက် အားကိုးနိုင်ပါတယ်။

ဟွန်ဒီတွေကနေလွဲရင် တွက်ချေမကိုက်ဘူး လို့ မလေးရှားမှာ ရှိတဲ့ မြန်မာပြည်သား ချင်းတိုင်းရင်းသား Lairam Vapual က  ပြောပါတယ်။

MoneyGram နဲ့ Western Union  တို့ကနေ လွဲရင် ပိုပြီး စိတ်ချရမယ်၊ ငွေလွဲခ သက်သာတယ်လို့ သူက ဧရာဝတီသတင်းဌာနကို ရှင်းပြပါတယ်။
နောင်ဆိုရင် ဒီ နိုင်ငံတကာငွေလွဲဌာနတွေကို ပိုပြီး သုံးလာကြဖွယ်ရှိပါတယ် လို့ သူက ယူဆပါတယ်။

ထိုင်းကနေ မြန်မာပြည်ကို ငွေပို့ရင် ဒီလောက် ကျသင့်ပါမယ်

Western Union 
လွဲခ - ဘတ် ၁၆ဝ
ငွေပမာဏ - ကြိုက်သလောက်လွဲ
 
MoneyGram
လွဲခ - ဘတ် ၄၈ဝ
ငွေပမာဏ - ဘတ်လေးထောင်အထိ လွဲနိုင်

Western Union  နဲ့ MoneyGram မြန်မာပြည်မှာ ခြေစွာနေပေမယ့် ဟွန်ဒီသမားတွေက အေးရာအေးကြောင်းအခြေအနေမှာ ရှိနေတာပါ။

ကွာလာလမ်ပူမှာရှိတဲ့ ကိုသုတ ဆိုတဲ့ ဟွန်ဒီသမားတယောက်ကတော့ ဟွန်ဒီလမ်းကြောင်း ပန်းပန်လျက်ပါပဲ လို့ ဧရာဝတီကို ပြောပြပါတယ်။

မြန်မာပြည်သားတွေက ဟွန်ဒီနဲ့ အသားကျနေလို့ပါ။ ဘာသာစကားပြဿနာလည်း ရှိလို့ပါ။ မြန်မာပြည်သားအများအပြားက အင်္ဂလိပ်လို မပြောဆိုနိုင်၊ မဖတ်နိုင်၊ မရေးနိုင်တဲ့အတွက် ဖောင်ဖြည့်ပြီး ငွေလွဲဖို့ ခက်ခဲပါတယ် လို့ သူက ရှင်းပြပါတယ်။

မြန်မာပြည်မှာလည်း  ရွာကြီးရွာငယ်တွေမှာ နေထိုင်သူများက ဘဏ်ကိုသွားပြီး ငွေထုတ်ဖို့ ခဲယဉ်းပါတယ်။
ဒါကြောင့် အိမ်အထိ ငွေလာပို့တာမျိုးလို အကျိုးဆောင်မှုပေးနိုင်တဲ့ ဟွန်ဒီလမ်းကြောင်းက အောင်ပွဲခံနေဆဲပါ။

ကမ္ဘောဇဘဏ် ဒုဥက္ကဋ္ဌ ဦးသန်းလွင်ကတော့ သူတို့ဘဏ်ဟာ မလေးနဲ့ထိုင်းအခြေစိုက် သိက္ခာရှိ ဟွန်ဒီသမားတချို့နဲ့ တွဲလုပ်နေပါတယ်လို့ ပြောပါတယ်။
ကမ္ဘောဇက Western Union  နဲ့  ချိတ်ထားပါတယ်။

သတင်း အပြည့်အစုံကို http://www.irrawaddy.org/archives/44868 မှာ ဖတ်နိုင်ပါတယ်။ ငွေလွဲလုပ်ငန်းအကြောင်းက စိတ်ဝင်စားစရာကောင်းပါတယ်။ ပြည်ပရောက် မြန်မာပြည်သားတွေက မိသားစုကို ငွေလွဲ၊ လုပ်ငန်းသဘောအရ ငွေလွဲတာတွေ အဆက်မပြတ် လုပ်နေကြတယ် မဟုတ်လား။

ပထမပုဂ္ဂလိကဘဏ်ရဲ့  ရန်ကုန်မြို့  Western Union ကောင်တာတခုမှာ လုပ်ကိုင်သူ မသီရိမြင့်ရဲ့ အဆိုအရတော့ သူတို့ဘဏ်က Western Union လမ်းကြောင်းကနေ လွဲငွေတွေ လုပ်ပေးရတာ တရက်ကို ၆၀/၇၀ လောက် ရှိပါတယ် တဲ့။
Western Union က ငွေလွဲခ ယူတာ ဟွန်ဒီလမ်းကြောင်းထက်  နည်းနည်းလေး ပိုများတယ်လို့ သူက ဆိုပါတယ်။

မလေးရှားရောက် ချင်းတိုင်းရင်းသား Lairam Vapual ကတော့ အထက်မှာ အဲဒါနဲ့ ဆန့်ကျင်ဘက် ပြောခဲ့ပါတယ်။

ဘယ်လမ်းကြောင်းကနေလွဲရင် ပိုပြီး တွက်ချေကိုက်မယ် ဆိုတာကတော့ ငွေပမာဏအပေါ် မူတည်ပါလိမ့်မယ်။



.

No comments:

Post a Comment