Pages

Monday, December 23, 2013

ရွက်လှေမှာ ရွှေအများဆုံးရတဲ့ စင်္ကာပူ

~


  
ဆီးဂိမ်းရွက်လှေပြိုင်ပွဲမှာ ရွှေတံဆိပ်  အများဆုံး ယူသွားတာကတော့ စင်္ကာပူ  ဖြစ်ပါတယ်။



ပထမဆုရသည့် စင်္ကာပူနိုင်ငံမှ ရွက်လှေကစားသမားတဦးကို ဆုချီးမြှင့်နေစဉ်
စင်္ကာပူက ရေပတ်လည်ဝိုင်းနေတဲ့အတွက် စင်္ကာပူသူ စင်္ကာပူသားတွေက ရွက်လှေ ပိုမို ကျွမ်းကျင်တယ်လို့ ဆိုနိုင်ပါတယ်။
သို့သော်လည်း တခြားသော အာဆီယံနိုင်ငံအများအပြားမှာလည်း ပင်လယ်ကမ်းခြေတွေ ရှိတဲ့အပြင် နိုင်ငံလူဦးရေက စင်္ကာပူထက် ပိုများနေတာ တွေ့ရပါလိမ့်မယ်။

 စင်္ကာပူက ရွှေတံဆိပ် ၅ ခု၊ ထိုင်းက ရွှေ ၄ ခု၊ မလေးနဲ့ မြန်မာက ရွှေ ၂ ခုစီ ရခဲ့ကြတာပါ။
 ဖိလစ်ပိုင်နဲ့ အင်ဒိုတို့ကတော့ ရွှေတံဆိပ် ဆွတ်ခူးနိုင်ခဲ့ခြင်း မရှိပါဘူး။

နိုင်ငံအလိုက် အဆင့်ရပ်တည်မှုမှာတော့ ဒုတိယက ထိုင်း၊ တတိယက မလေးရှား၊ မြန်မာရွက်လှေအသင်းဟာ အဆင့် ၄ နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

စင်္ကာပူက နိုင်ငံငယ် လူဦးရေ နည်းပါးပေမယ့် ဒေသတွင်းအားကစားအဆင့်မှာ နောက်ဆုံးရောက်မနေပါဘူး။
အခု ပြီးသွားတဲ့ဆီးဂိမ်းမှာ ဆုတံဆိပ်ရရှိမှုအနေအထားက အလယ်အလတ်အဆင့်နေရာမှာ ရောက်ခဲ့တာ တွေ့ရမှာပါ။
ဓနအင်အားကောင်းတယ်၊ နိုင်ငံရေးတည်ငြိမ်တယ်၊ စီမံခန့်ခွဲမှုမညံ့ဘူး ဆိုတဲ့ အချက်တွေကြောင့် လူဦးရေနည်းပေမယ့် အားကစားသမားကောင်းတွေ မွေးထုတ်ပေးနိုင်တာဖြစ်မယ်လို့ ထင်ရပါတယ်။

စင်္ကာပူဟာ လာမယ့် ဆီးဂိမ်းအတွက် အိမ်ရှင်လည်း ဖြစ်နေပါတယ်။
အခုကတည်းက ပြင်ဆင်မှုတချို့ကို အွန်လိုင်းမှာ တွေ့နေရပါတယ်။ လာမယ့်ဆီးဂိမ်းအတွက် ဖေ့စ်ဘုတ်စာမျက်နှာ https://www.facebook.com/SEAGAMES2015 ကိုလည်း ဖွင့်ထားပြီးပါပြီ။
အဲဒီစာမျက်နှာကို like လုပ်ထားသူ နှစ်ထောင်ကျော်နေပါပြီ။

 ၂၀၁၅ ဆီးဂိမ်းမှာလည်း   ရွက်လှေပြိုင်ပွဲ အတွက် ရွှေတွေကို သူတို့ပဲ အများဆုံး ယူသွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်း ပြီးသွားတဲ့  ဆီးဂိမ်းရွက်လှေပြိုင်ပွဲအတွက်  ပိတ်ပွဲအခမ်းအနားကို သောကြာနေ့ညနေပိုင်းက ငွေဆောင်ကမ်းခြေမှာ   ကျင်းပရာမှာ မြန်မာနိုင်ငံ ရွက်လှေအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမိုးမြင့်က ဆီးဂိမ်း ရွက်လှေအလံကို ၂၀၁၅ ခုနှစ်မှာ အိမ်ရှင်လုပ်မယ့် စင်္ကာပူနိုင်ငံကို ပေးအပ်ခဲ့ပါတယ်။

အခမ်းအနားကို ဧရာဝတီတိုင်းအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးသိန်းအောင်၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်လူအေးအပါအ၀င် အစိုးရအရာရှိအများအပြား တက်ရောက်ကြပါတယ်။

ပိတ်ပွဲဖျော်ပြေရေးလုပ်ခဲ့ရာမှာလည်း ကုမုဒြာအကအဖွဲ့က ပုဂံအက၊ အင်းဝခေတ် အကတွေနဲ့ ဖျော်ဖြေခဲ့သလို ဖိုးသင်္ကြန် မြန်မာဆိုင်းဝိုင်းကလည်း လက်စွမ်းပြ တီးခတ်ခဲ့တဲ့အတွက် ပြည်ပကလာတဲ့ နိုင်ငံခြားသားတွေနဲ့ ကစားသမားတွေ အတော်လေး အားပေးနှစ်ခြိုက်တာ တွေ့ရပါတယ်။

ဂီတမိတ်အဖွဲ့က အင်းလေးသီချင်း၊ အဆိုတော် ထူးအိမ်သင်ရဲ့ ”ရာဇ၀င်များရဲ့ သတို့သမီး (သို့) ဧရာဝတီ” သီချင်း၊ ဆီးဂိမ်းအထိမ်းအမှတ် ရောင်စုံဥယျာဉ်သီချင်း၊ We are the Champions စတဲ့ သီချင်းတွေ ဖျော်ဖြေခဲ့ပါတယ်။

နောက်ဆုံးမှာတော့ မြန်မာရွက်လှေအသင်းရဲ့ ကိုယ်ပိုင်သီချင်းဖြစ်တဲ့ “We are Sailing” သီချင်းကို သီဆိုပြီး နိုင်ငံအသီးသီးက ရွက်လှေ ကစားသမားတွေ ယှဉ်ပြိုင်တဲ့ ဗီဒီယိုတွေနဲ့ တွဲဖက်ပြသခဲ့ရာမှာ ပြည်ပကအားကစားအဖွဲ့တွေ လက်ခုပ်လက်ဝါးတီးပြီး အားပေးခဲ့ကြပါတယ်။

ဒီဇင်ဘာ ၁၁ ရက်နေ့က စတင်ဖွင့်လှစ်ပြီး ၁၅ ရက်နေ့က စတင်ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲတွေကို ၂၀ ရက်နေ့မှာ အဆုံးသတ်ခဲ့ပါတယ်။

ဆလိုင်းသန့်စင်


 



အောင်ပွဲရ မြန်မာရွက်လှေကစားသမား ၂ ဦးအား ဆုချီးမြှင့်နေစဉ်
 

မြန်မာနိုင်ငံတော်သီချင်းသီဆို၍ အလံတင်အခမ်းအနား ကျင်းပနေစဉ်

၂၀၁၅ ဆီးဂိမ်းအိမ်ရှင် စင်္ကာပူနိုင်ငံထံသို့ ရွက်လှေအလံ ပေးအပ်နေစဉ်

၂၀၁၅ ဆီးဂိမ်းအိမ်ရှင် စင်္ကာပူနိုင်ငံထံသို့ ရွက်လှေအလံပေးအပ်အပြီး

ပိတ်ပွဲတွင် ကုမုဒြာအကအဖွဲ့က ပုဂံအကဖြင့် ဖျော်ဖြေနေစဉ်

ရွှေတံဆိပ်ဆုရှင် ရွက်လှေကစားသမား ဖုန်းကျော်မိုးမြင့်


.






No comments:

Post a Comment