Pages

Thursday, April 10, 2014

ရွှေရင်အေးစေမယ့် သင်္ကြန်စာ ရွှေရင်အေး

~

 


သင်္ကြန်ရက်တွေနီးလာပြီဆိုတော့ အနီးအနားပတ်ဝန်းကျင်မှာ သင်္ကြန်အငွေ့အသက်တွေလည်း သက်ဝင်လှုပ်ရှားလာပါပြီ။ 
  
.

 .

(ဓာတ်ပုံ - စိုင်းဇော် / ဧရာဝတီ)


အားလုံးပဲ သင်္ကြန်ဝိဥာဉ်တွေ လူးလွန့်လို့ သင်္ကြန်ရက်တွေမှာ အစွမ်းကုန်ပျော်ကြမြူးကြဖို့ ပြင်ကြသူတွေ၊  ပိတ်ရက်ရှည်ရှည်ရတုန်း အပန်းဖြေခရီးထွက်ဖို့ ပြင်ကြသူတွေ၊  ရိပ်သာနဲ့ ဘုရားကျောင်းကန်သွားပြီး အေးရိပ်ရှာ ကုသိုလ်ယူမယ့်သူတွေ၊  အဲဒီလို ကုသိုလ်ယူသူတွေကို ပါရမီဖြည့်ရင်း အလှူဒါနပြုကြမယ့်သူတွေ စသဖြင့် ကိုယ့်စိတ်ကူး ကိုယ့်အစီအစဉ်ကိုယ်စီနဲ့ ရှိကြမှာပါ။

သင်္ကြန်ရဲ့ အင်္ဂါရပ်တွေထဲမှာ ရေကစားခြင်းအပြင် ယိမ်းအက၊  သံချပ်တို့နဲ့အတူ ပါဝင်တဲ့ နှစ်သက်ဖွယ် ယဉ်ကျေးမှုအလေ့အထ တခုကတော့ စတုဒီသာပဲဖြစ်ပါတယ်။ 
သင်္ကြန်စတုဒီသာမှာလည်း သင်္ကြန်စာမုန့်တွေရယ်လို့ လူတွေစိတ်ထဲစွဲမှတ်ထားပြီးသား မုန့်တွေကို လှူဒန်းဒါနပြုကြတာ များပါတယ်။
အဲဒီအထဲကမှ ပူပြင်းတဲ့ ရာသီဥတုနဲ့လည်းလိုက်ဖက်ပြီး အမယ်စုံစုံ၊  ချိုချိုအေးအေးနဲ့ အရသာရှိလှတဲ့ ရွှေရင်အေး လုပ်နည်းကို သင်္ကြန်အမှတ်တရ ဖော်ပြချင်ပါတယ်။

ရွှေရင်အေး ပွဲ ၅၀ စာအတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကတော့

အုန်းသီး     - ၇ လုံး
ကောက်ညှင်း     - နို့ဆီ ၄ ဘူး

မုန့်လက်ဆောင်းဖတ်  - တပြည်
သာကူစေ့    - ၂၅ကျပ်သား
ကျောက်ကျောမှုန့်  - အထုပ်ကြီး ၁ထုပ်
ပေါင်မုန့်     - အချပ် ၅၀

သကြား     - ၁ပိဿာ နှင့် ၂၅ကျပ်သား

နည်းနည်း လက်ဝင်တဲ့အပိုင်းကတော့ ကျောက်ကျောကျိုဖို့ပါပဲ။
ကျောက်ကျောမကျိုခင် သကြားတွေကို အိုးတလုံးထဲထည့်ပြီး ရေနဲ့ကျိုလို့ အမှုန်အမှိုက်တွေကို စစ်ထုတ်ပါ။
ပြီးမှာ ကျောက်ကျောမှုန့်၊  အုန်းနို့တို့နဲ့ရောပြီး မီးအေးအေးနဲ့ မွှေပြီးတည်ပေးရပါမယ်။
  ကျောက်ကျောရည်တွေ အမျှင်တန်းပြီး ပျစ်စပြုလာပြီဆိုရင်တော့ ဗန်းတချပ်ထဲ လောင်းချပြီး အအေးခံထားရပါမယ်။

နောက်တဆင့်အနေနဲ့ သာကူချက်ရပါမယ်။ 
သာကူစေ့တွေကို ပွက်ပွက်ဆူရေနွေးအိုးထဲကို ထည့်ပြီး ဇွန်းနဲ့ ခပ်သာသာ မွှေပေးပါ။ 
သာကူစေ့တွေ ခဲမသွားစေဖို့ အဆက်မပြတ် မွှေပေးဖို့လိုပါတယ်။  သာကူစေ့တွေ ကြေမကုန်ဖို့လည်း သတိပြုပါ။ 
သာကူစေ့တွေ နူးလာပြီဆိုရင်တော့ ဇကာတချပ်ထဲသွန်စစ်ချလို့ ရေအေးနဲ့လောင်းပေးရပါမယ်။

ကောက်ညှင်းချက်ဖို့အတွက်ကတော့ ထမင်းရေခန်း ချက်သလိုပါပဲ။  ရေနည်းနည်းလျှော့ပြီးထည့်ဖို့တော့ လိုပါတယ်။

ရွှေရင်အေးမှာ ပါဝင်တဲ့ အဆာပလာတွေ စုံပြီဆိုရင်တော့ ဆမ်းစားရမယ့် အုန်းနို့အတွက် ပြင်ဆင်ရပါမယ်။  ညှစ်ပြီးသားအုန်းနို့ထဲကို သကြားရည်ကို ရောစပ်ပါ။  အီဆိမ့်ဆမ့်အရသာကို ကြိုက်တတ်မယ်ဆိုရင်တော့ နို့စိမ်းလေးတဘူးလောက်ဖောက်ပြီးလည်း ထည့်နိုင်ပါသေးတယ်။  ပွဲ ၅၀ စာအတွက်တော့ နို့စိမ်း ၃ဘူးလောက် လိုမှာပါ။

အားလုံးအသင့်ဖြစ်ပြီ ဆိုရင်တော့ ဇောက်ပါတဲ့ ပန်းကန်တလုံးထဲမှာ ပေါင်မုန့်တချပ်၊  ကောက်ညှင်းတဇွန်း၊  သာကူစေ့တဇွန်း၊  ကျောက်ကျောတုံးအနည်းငယ်တို့ကို ပြင်ဆင်ပြီးထည့်လို့ အသင့်စပ်ထားတဲ့ ရေခဲစိမ်အုန်းနို့ရည်အေးအေးလေးဆမ်းပြီး စားလိုက်ရင်တော့ နွေရာသီရဲ့ အပူတွေ အမောတွေကို မေ့ပစ်လိုက်နိုင်မယ့် ရွှေရင်အေး ချိုချိုအေးအေးလေးတပွဲက အသင့်ရှိနေပြီဖြစ်ပါတယ်။

ရွှေရင်အေးအတွက် လုပ်ပုံလုပ်နည်းတွေသိပြီဆိုရင်တော့ နွေရာသီ သင်္ကြန်ပိတ်ရက်တွေမှာ အိမ်မှာ နားနားနေနေနဲ့ မိသားစု အပျော်မုန့်လုပ်စားတာပဲဖြစ်ဖြစ်၊  အိမ်နီးပါးချင်းတွေကို ကုသိုလ်ယူ ဝေငှဖို့ပဲဖြစ်ဖြစ် အဆင်ပြေပြီလို့ မျှော်လင့်ပါတယ်။

သီ


(ဧပြီလ ၁၃  ရက်နေ့ထုတ် The Irrawaddy ဂျာနယ်ကနေ ကူးယူ ဖော်ပြပါတယ်)
.

No comments:

Post a Comment