Pages

Friday, May 9, 2014

နိုင်ဂျီးရီးယားကျောင်းသူ သုံးရာနီးပါး ပြန်ပေးဆွဲခံရမှု

~


ပြီးခဲ့တဲ့လလယ်ပိုင်းက နိုင်ဂျီးရီးယားနိုင်ငံ အမျိုးသမီးကျောင်းတခုကနေ ပြန်ပေးဆွဲခံရတဲ့ ကျောင်းသူ သုံးရာနီးပါးဟာ အခုလောက်ဆိုရင်  အိမ်နီးချင်းနိုင်ငံတွေဆီ အပို့ဆောင်ခံနေရဖွယ်ရှိတယ်လို့  သုံးသပ်နေကြကြောင်း နိုင်ငံတကာ သတင်းတွေမှာ ရေးထားပါတယ်။

ပြန်ပေးဆွဲခံရတဲ့အရေအတွက်က ၂၇၆ ဦး ရှိတယ်လို့ ဆိုတယ်။

အစ္စလမ် စစ်သွေးကြွအဖွဲ့တခု ဖြစ်တဲ့ Boko Haram အဖွဲ့ကတော့ ပြန်ပေးဆွဲသွားတာ သူတို့ဖြစ်တယ်၊ ဒီကျောင်းသူတွေကို ရောင်းချပစ်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။

ကျောင်းသူအများစုက ခရစ်ယာန်ဘာသာဝင်တွေပါ။

ပြန်ပေးဆွဲမှုနဲ့ ပတ်သက်ပြီး ပြောဆိုထားတဲ့ Boko Haram အဖွဲ့ ခေါင်းဆောင်ရဲ့ ဗီဒီယိုဖိုင်က မီဒီယာတွေဆီ ရောက်လာပါတယ်။

ဗီဒီယိုထဲမှာ သူက ဒီမိန်းကလေးတွေကို ရောင်းစားပစ်ဖို့ အလ္လာဟ်က ကျုပ်ကို မိန့်ကြားတယ်၊ ရောင်းပစ်လိုက်ဖို့ သူက ကျုပ်ကို အမိန့်ပေးတယ် လို့   ပြောပါတယ်။

အကြမ်းဖက်အဖွဲ့  အကြောင်း ဒီဘလော့ http://blog.irrawaddy.org မှာ သီးခြား ရေးသားဖော်ပြပါဦးမယ်၊ နိုင်ဂျီးရီးယား ဆိုတာ ပုံမှာ တွေ့ရတဲ့အတိုင်း   နိုင်ဂျာ၊ ချတ်၊ ကင်မရွန်း ဆိုတဲ့ နိုင်ငံတွေနဲ့ ထိစပ်နေပါတယ်။
အမျိုးသမီးသီးသန့်ကျောင်း ၀င်ရောက် စီးနင်းခံရတဲ့ဒေသကို မြေပုံမှာ ကြယ်ပွင့်ပြထားပါတယ်။

အဲဒီဒေသဟာ ဆက်သွယ်ရေး ခက်ခဲလွန်းတာကြောင့် ဒီဖြစ်ရပ်က ရက်အတန်ကြာမှ မီဒီယာပေါ် ရောက်လာတာပါ။

၂၀၀၉ ခုနှစ်က စတင်ပြီး Boko Haram အဖွဲ့ရဲ့ လက်ချက်ကြောင့် သေဆုံးမှုအရေအတွက်က ထောင်နဲ့ချီပြီး ရှိတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းမှာပဲ နောက်ထပ် အမျိုးသမီး ၈ ဦး ပြန်ပေးဆွဲခံရပြန်ပါတယ်။ အသက် ၁၂ ကနေ ၁၅ ကြား အမျိုးသမီးတွေပါ။

ဒါကြောင့် ပြန်ပေးဆွဲခံရသူ အရေအတွက်က ၂၈၄ ဦး ရှိသွားပါပြီ။

ဗုဒ္ဓဟူးနေ့မှာတော့ ရဲတပ်ဖွဲ့ကတော့ ... ဒီ ၂၈၄ ဦး ဘယ်မှာ ရှိနေတယ် ဆိုတဲ့အကြောင်း တိတိကျကျ သတင်းပေးနိုင်ရင် ဒေါ်လာ သုံးသိန်း ပေးမယ်လို့ ကြေညာပါတယ်။

သူတို့လွတ်မြောက်ရေးအတွက် နိုင်ငံတကာကလည်း  နိုင်ဂျီးရီးယား အစိုးရကို ဖိအားတွေ ပေးနေပါတယ်။
သူတို့ကို ရှာဖွေတွေ့ရှိဖို့အတွက်လည်း အကူအညီတွေ ပေးပို့ခဲ့တာတွေ ရှိပါတယ်။


 





.

No comments:

Post a Comment