Pages

Sunday, October 26, 2014

ပြည်မြို့စေတနာဆေးခန်းအတွက် FORD ကား လှူဒါန်း

 -


 

 

တယ်လီဖုန်းတာဝါတိုင်စိုက်တဲ့ Digicel ကုမ္ပဏီရဲ့နိုင်ငံတကာပြိုင်ပွဲမှာ မြန်မာက ဒုတိယနေရာ ရခဲ့တဲ့အတွက် ကုမ္ပဏီက  ပြည်မြို့မှာရှိတဲ့ စေတနာဆေးကုခန်းအတွက် လူနာတင်ယာဉ်တစီး ပေးအပ်လိုက်ပါတယ်။

            အမေရိကန်အခြေစိုက် Digicel ကုမ္ပဏီက  ကမ္ဘာအရပ်ရပ်   ကုမ္ပဏီဝန်ထမ်းတွေရဲ့ ရုပ်သံ/ဓာတ်ပုံမှတ်တမ်းတွေကို စုစည်းပြီး နှစ်စဉ်   ပြိုင်ပွဲ ပြုလုပ်ပေးနေတာပါ။

ဆုရတယ်ဆိုရင် အဲဒီနိုင်ငံက အလိုအပ်ဆုံးနေရာကို ရွေးချယ်လှူဒါန်းနိုင်ဖို့ စီစဉ်ပါတယ်။

            ၂၀၁၄ ခုနှစ်အတွက် ပြိုင်ပွဲကိုတော့ ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်း  အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့မှာ ကျင်းပပြုလုပ်ခဲ့ရာမှာ  Digicel ကုမ္ပဏီရှိတဲ့  ကမ္ဘာအရပ်ရပ်  ၃၈ နိုင်ငံက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။

  ဒုတိယဆုကိုတော့ ပြည်မြို့ ခေတ္တရာလူငယ်များသာရေးနားရေး ကူညီပံ့ပိုးမှုအသင်းရဲ့ အခမဲ့ဆေးခန်းဖြစ်တဲ့ ပီတိဆေးခန်းက လှုပ်ရှားမှုတွေနဲ့ လိုအပ်ချက်တွေကို  ကွက်ကွက်ကွင်းကွင်း တင်ဆက်ပြနိုင်တဲ့အတွက် ရရှိခဲ့တာဖြစ်ပါတယ် တဲ့။

            ဒီပြိုင်ပွဲအတွက် ဆုရမယ်လို့ မမျှော်လင့်ထားကြောင်း သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ ပြည်မြို့က  ကုမ္ပဏီရဲ့ OHS Officer  ကိုရဲစွမ်းက  ပြောပါတယ်။

            "ပြည်မြို့က ပီတိဆေးခန်းအတွက် တကယ်လိုအပ်ချက်တွေကို မြင်နိုင်အောင်  အကောင်းဆုံး တင်ဆက်ခဲ့တဲ့အတွက် ဆုရွေးချယ်ရေးအဖွဲ့က ရွေးချယ်ခဲ့တယ်လို့ပဲ ထင်ပါတယ်။
 ကျနော်တို့ပြည်မြို့က ဒေသခံတွေရဲ့ ကြိုးစားအားထုတ်မှုကြောင့် ရခဲ့တာပါ"

            ပထမဆုကိုတော့ Nauru ဆိုတဲ့ ပစိဖိတ်သမုဒ္ဒရာထဲက ကျွန်းနိုင်ငံလေးက ရပါတယ်။ အဲဒီက ဆေးရုံတရုံအတွက်   ဒေါ်လာ ၅ သောင်းတန်  စက်တလုံး ပေးလှူခဲ့ကြောင်း သိရပါတယ်။
ဒုတိယဆုရတဲ့ မြန်မာအတွက် FORD ကုမ္ပဏီထုတ် ဒေါ်လာ ၂ သောင်းခွဲတန် လူနာတင်ယာဉ်နဲ့ ယာဉ်အတွင်းလိုအပ်တဲ့ အထောက်အကူပြု ပစ္စည်းတွေကို ရရှိခဲ့ပါတယ်။

ကုမ္ပဏီက   ကြာသပတေးနေ့မှာ ခေတ္တရာလူငယ်များ သာရေးနာရေး ကူညီပံ့ပိုးမှုအသင်းရဲ့  ပီတိဆေးခန်းအထိ လာရောက် ပေးအပ်ခဲ့ပါတယ်။

 


ယာဉ်အတွက် လိုအပ်တဲ့ စက်သုံးဆီကိုလည်း  ဆက်လက်လှူဒါန်းပေးသွားမယ်လို့ ကုမ္ပဏီရဲ့ မြန်မာပြည်ဆိုင်ရာ အလုပ်အမှုဆောင်အရာရှိ Mr. Oliver Coughlan က အခမ်းအနားမှာပြောကြားခဲ့ပါတယ်။

            ကိုရဲစွမ်းကလည်း "တခြားတိုင်းပြည်က ကုမ္ပဏီတွေက စီးပွားရေးလုပ်တယ်ဆိုပေမဲ့ သူတို့အခြေချတဲ့ နိုင်ငံရဲ့ ဒေသတွင်း
လိုအပ်ချက်တွေကိုလည်း သူတို့အကျိုးအမြတ်ထဲကနေ ပြန်လှူဒါန်းတာမြင်ရတော့ အားကျမိတယ်။ မြန်မာပြည်က ကုမ္ပဏီတွေလည်း အဲဒီလို လုပ်ပေးစေချင်တယ်"

            Digicel Myanmar Tower Co.Ltd ဟာ မြန်မာပြည်အတွင်းကို လွန်ခဲ့တဲ့ ၄ နှစ်က စတင်ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး ကုမ္ပဏီရဲ့ အဓိကလုပ်ငန်းတွေကတော့   ဖုန်းတာဝါတိုင်တွေကို ဆောက်လုပ်တဲ့ ကန်ထရိုက်လုပ်ငန်းဖြစ်ပါတယ်။

ကောင်းမြတ်မင်း

No comments:

Post a Comment