Pages

Friday, November 21, 2014

မြန်မာပြည်ရဲ့ လူပြက်ဆရာဝန်များ



ကလေးငယ်လေးတွေရဲ့ နာကျင်မှုဝေဒနာတွေ၊ စိတ်ဒဏ်ရာတွေ ပြေပျောက်ပြီး ပျော်ရွှင်ရယ်မောဖွယ်ရာ လေးတွေကို ဖန်တီးပေးမယ့် လူပြက်ဆရာဝန်(ခေါ်) clown doctor တွေ လာပါပြီ။ ပရဟိတလူငယ်အဖွဲ့ဝင် ၇ ယောက်နဲ့ ဖွဲ့စည်းထားတဲ့ လူပြက်ဆရာဝန်လေးတွေဟာ တကယ့်ဆရာဝန်အစစ်တွေတော့ မဟုတ်ပါဘူး။ သူတို့တွေထဲမှာ ဘွဲ့ရကျောင်းသားတွေ၊ အလုပ်လုပ်နေတဲ့ ၀န်ထမ်းတွေနဲ့ ကျောင်းတက်နေဆဲ ကျောင်းသူ ကျောင်းသားလေးတွေ ပါဝင်ပါတယ်။


ဓာတ်ပုံများ - Myanmar Clown Doctor facebook

 သူတို့လေးတွေ ကလေးတွေကို ပျော်ရွှင်အောင် ဘာတွေလုပ်ပေးနေလဲ။

“ကလေးတွေ ဆေးရုံတက်နေတဲ့အချိန်မှာ ခံစားနေရတဲ့ နာကျင်မှုဝေဒနာ၊ စိတ်မပျော်မရွှင်ဖြစ်တာ၊ စိတ်မလန်းဆန်းတာ၊ စိတ်ဒဏ်ရာတွေကို တဒင်္ဂ ဖြေဖျောက်ပေးတဲ့ သဘောပါ။ နာကျင်မှုကို ခေတ္တခဏမေ့သွားအောင် အကြောက်တရားတွေ အဲ့ဒါတွေကို ထိုက်သင့်သလျောက် လျှော့ချပေးဖို့အတွက် ကျနော်တို့ ဒီအစီအစဉ်တွေကို ရည်ရွယ်ပြီး လုပ်ပါတယ်။ ကျနော်တို့ထဲမှာ မျက်လှည့်ပြတတ်တဲ့သူတွေရှိတယ်။ အဲ့ဒီလူတွေက မျက်လှည့်ပြတယ်။ ချစ်စရာကောင်းတဲ့ အမူအရာလုပ်တတ်တဲ့သူ ကျတော့ အမူအရာတွေလုပ်ပြတယ်။ ကတတ်တဲ့သူက ကပြတယ်။ ဂစ်တာတီးတတ်တဲ့သူက တီးပြတယ်။ တချို့ကလေးတွေဆို ပုံပြင်ပြောပြပါဆို ကျနော်တို့က ထိုင်ပြီး ပုံပြင်တွေပြောပြတယ်။ ကလေးရဲ့အခြေအနေ ပေါ်မူတည်ပြီး လုပ်ပေးတာပါ။ ပူပေါင်းလေးတွေ မှုတ်ပြတာတို့ အရုပ်ကလေးတွေ ညှစ်ပြပြီး သူတို့ စိတ်ဝင်စားအောင် ဆေးမသောက်ချင်တဲ့ ကလေးလေးတွေဆို ပါဝါရိန်းဂျာ လုပ်ပေးမယ် ဆေးသောက်ပါ ဘာညာတို့ သူတို့စိတ်ပျော်မယ့်ဟာလေးတွေကို ရွေးပြီးတော့ လုပ်တယ်။ နောက်တခုက ကျနော်တို့ ကလေးတွေကို အားပေးစကားပြောတာပေါ့။” လို့ Myanmar Clown Doctor အဖွဲ့ဝင်တဦးဖြစ်တဲ့ ကိုထက်ပိုင်ဦးက ရှင်းပြပါတယ်။

သူတို့အဖွဲ့ကို စနေ၊တနင်္ဂနွေလိုနေ့တွေမှာ ရန်ကုန်ကလေးဆေးရုံကြီးနဲ့ ရန်ကင်းကလေးဆေးရုံတို့မှာ တွေ့နိုင်ပါတယ်။ အခုလို ကလေးဆေးရုံတွေမှာ အပတ်စဉ် ပျက်ရက်မရှိ သွားရောက်ပြီး ဝေဒနာခံစားနေရတဲ့ ကလေးတွေအတွက် ပျော်ရွှင်ဖွယ်ရာလေးတွေ ဖန်တီးပေးနေတာ၊ အားပေးနှစ်သိမ့်ပေးနေတာ အခုဆိုရင် ၃ နှစ်တိတိပြည့်ပါတော့မယ်တဲ့။

သူတို့အဖွဲ့ရဲ့ နာမည်တွေကို နာမည်ပြောင်တွေအနေနဲ့ ဒေါက်တာ ပြောင်ကြီးတို့ ဘာတို့ပေးထားပြီး တကယ့် ဒေါက်တာတွေမဟုတ်ဘဲနဲ့ ဘာကြောင့် ဒေါက်တာလို့ နာမည်တပ်ထားသလဲဆိုတော့ ကလေးတွေအမြင်မှာ ဆရာဝန်တွေက သူတို့ကို အခုလို ပျော်ရွှင်အောင် လုပ်ပေးပါလားဆိုတဲ့ အတွေးမျိုးလေးတွေမြင်အောင် ဒေါက်တာဆိုတဲ့ နာမည်ကိုတပ်ပြီး ဂျူ တီကုတ်ဝတ်ကာ လူနာ ကလေးငယ်တွေနဲ့ တကယ့် ဆရာဝန်တွေကြားပေါင်းကူးပေးချင်တဲ့ သဘောပါလို့ ဆိုပါတယ်။






ဆေးရုံဆိုတဲ့နေရာမျိုးဟာ နာကျင်မှုဝေဒနာတွေ စိတ်အလိုမကျမှုတွေ စတဲ့ အရာတွေနဲ့ ပြည့်နှက်နေတဲ့ နေရာဆိုတော့ ဒီလိုနေရာမျိုးမှာ ရှိနေတဲ့သူတွေရဲ့ စိတ်ထဲမှာလည်း ပျော်ရွှင်မှုဆိုတာ မရှိသလောက် နည်းပါး နေမှာပါ။ ဒီလိုနေရာမျိုးမှာ အခုလို ပျော်ရွှင်မှုတွေကို အားကြိုးမာန်တက် ဖျော်ဖြေနှစ်သိမ့်မှုတွေ ပေးနေပေမယ့် တချို့သူတွေရဲ့ အမြင်မကြည်လင်မှုတွေ မျက်လုံးစိမ်းတွေနဲ့ တုန့်ပြန်မှုတွေကို အစပထမတုန်းက ရင်ဆိုင်ခဲ့ ရပါသေးတယ်တဲ့။ ဒါကို ဂရုမစိုက်ခြင်းဆိုတဲ့ အရာနဲ့သာ တုန့်ပြန့်ခဲ့ရတယ်လို့ ဆိုပါတယ်။

သူတို့အဖွဲ့ အခုလို ပျော်ရွှင်ဖွယ်ရာပရဟိတ အလုပ်ကလေးတွေ စလုပ်ဖြစ်တာကတော့ အမေရိကားမှာရှိတဲ့ The Bridge of Life ဆိုတဲ့ ပရဟိတအဖွဲ့ရဲ့ လမ်းညွှန်မှုနဲ့ စခဲ့တယ်လို့ ပြောပါတယ်။

အခုလောလောဆယ်မှာ ရန်ကုန်မှာရှိတဲ့ အစိုးရဆေးရုံးတွေမှာပဲ လုပ်ဖြစ်နေပြီး မန္တလေးမှာရှိတဲ့ ကလေးဆေးရုံ တွေဆီ သွားနိုင်ဖို့လည်း ကြိုးစားနေပါတယ်တဲ့။

လူပြက်ဆရာဝန်လေးတွေရဲ့ အမည်ရင်းတွေကတော့ ထက်ပိုင်ဦး၊ ကြည်ငြိမ်းချမ်းကျော်၊ ချစ်ဖြိုးဝေ၊ ထက်ထက်နိုင်၊ ခိုင်သူဇာ၊ ပီတာ နှင်းအောင်၊ ဖြိုးသက်ခိုင် တို့ဖြစ်ပါတယ်။

အနောက်နိုင်ငံတွေမှာတော့ အခုလို ဝေဒနာခံစားနေရတဲ့ ကလေးငယ်တွေကို ပျော်ရွှင်နှစ်သိမ့်မှုတွေ ပေးနေသူတွေက ပရဟိတလူငယ်ဆရာဝန်လေးတွေများပါတယ်။

မြန်မာပြည်က လူငယ်ဆရာဝန်တွေရော အခုလို ပရဟိတအလုပ်မျိုးကို စိတ်ဝင်စားမယ်ဆိုရင် ပိုမကောင်းဘူးလားလို့ဆိုတော့ “သူတို့လုပ်နိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပါ။ ကျနော်တို့ထက် အများကြီးကောင်းမှာပါ။ ဘာကြောင့်လည်းဆိုတော့ သူတို့ကျင်လည်ရတဲ့ ပတ်ဝန်းကျင် အနေအထားမှာ ပိုပြီးတော့ သိတတ်မှု လည်းရှိမယ်။ ဥပမာ- ရိုးရိုးတန်းတန်း serious ကြီးဖြစ်နေတဲ့အချိန်မှာ လူတယောက်ရဲ့ ခံစားချက်တွေ ပြောပြဖို့ဆိုတာ မပြောကြဘူး။ ကျနော်တို့သွားတဲ့အခါကျတော့ ဘယ်လိုဖြစ်တယ်ဆိုတာ သူတို့ ဘာတွေခံစားတယ်ဆိုတာ ပိုပြီးလည်းသိလာရတယ်။ ဆေးပညာမှာလည်း အထောက်အကူဖြစ်နိုင်မယ်လို့ ထင်ပါတယ်။ တချို့ ဆရာဝန်ကြီးတွေဆိုရင်လည်း ရှိပါတယ်။ နားကျပ်မှာ အရုပ်ကလေးတွေ တပ်ထားပြီး ဆေးကုတာတို့တွေ ကလေးဆေးရုံတွေမှာ ရှိပါတယ်။ကျနော်တို့လိုတော့ သက်သက်ကြီး လိုက်ပြီး လုပ်တယ်လို့တော့ မရှိဘူး။” လို့ ကိုထက်ပိုင်ဦးက သူ့အမြင်ကိုပြောပါတယ်။

သူတို့အဖွဲ့အနေနဲ့ကတော့ သူတို့ကို စိတ်ပါဝင်စားသူရှိသလောက် သူတို့ လုပ်နိုင်သလောက် လုပ်သွားမှာလို့ လည်း  ဆိုပါတယ်။









No comments:

Post a Comment