Pages

Sunday, December 21, 2014

ရီးယဲလ်မက်ဒရစ်အသင်း ကမ္ဘာ့ကလပ်ဖလား ဆွတ်ခူး



အောင်ပွဲခံနေတဲ့ ရီးယဲလ်မက်ဒရစ်အသင်း (ဓာတ်ပုံ-Getty Images)


 မော်ရိုကိုနိုင်ငံ မရာကက်ခ်ျကွင်းမှာ စနေနေ့ညက ဆန်းလိုရန်ဇို အသင်းကို ရီးယဲလ် မက်ဒရစ်အသင်း က ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ယူပြီး ၂၀၁၄ ခုနှစ်ရဲ့ ကမ္ဘာ့ကလပ်ဖလားကို ရယူသွားပြီ ဖြစ်ပါတယ်။

ဥရောပချန်ပီယံ ရီးယဲလ်အသင်းအတွက် ဂိုးတွေကို နောက်ခံလူ ဆာဂျီယိုရာမို့စ်နဲ့ တောင်ပံကစားသမား ဂါရတ်ဘေးတို့က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဒီနိုင်ပွဲကြောင့် နည်းပြ အန်စလော့တီရဲ့ ၂၂ ပွဲ ဆက်တိုက် နိုင်ပွဲစံချိန်ကို ဆက်နိုင်ခဲ့ပါပြီ။

ရီးယဲလ်နည်းပြဟာ ဆီမီးဖိုင်နယ်ပွဲစဉ်တုန်းကလည်း ဂျိမ်းရိုဒီဂွက်ဇ်ရဲ့ နေရာမှာ အေစရာ လက်ရာမက်ဒီကို အစားထိုး ထည့်သွင်း ကစားခဲ့တုန်းကလည်း အလုပ်ဖြစ်ခဲ့ပြီး ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ခြင်းပါ။

ဒီဖိုင်နယ်ပွဲစဉ်မှာတော့ ဥရာပချန်ပီယံအသင်းဟာ ပွဲစစချင်းပဲ ဂိုးရလုနီးပါး ဖြစ်ခဲ့ပါတယ်။ ကွင်းလယ်မှာ တိုနီခရူးစ် ရလာတဲ့ ဘောလုံးကို တောင်ပံမှာ ရှိနေတဲ့ ရိုနယ်ဒိုကို ချိတ်ဆက်မိမိ ပေးပို့နိုင်ခဲ့တာပါ။  အဲဒီနောက် ရိုနယ်ဒိုက ဂိုးရှေ့မှာ ရှိနေတဲ့ ဘန်ဇီမာဆီကို ချက်ချင်း ဖြတ်တင်ပေးခဲ့ပေမယ့် ဘောလုံးနဲ့ မထိဘဲ လွဲချော်ပြီး ဂိုးမရရှိခဲ့ပါဘူး။
ငါးမိနစ်လောက်မှာတော့  ရိုနယ်ဒိုရဲ့ ဖရီးကစ် ကန်ချက်က နောက်ခံလူတွေကို ဝှေ့ဝိုက် ကျော်သွားပေမယ့် ဆန်လိုရန်ဇို ဂိုးသမား တိုရီကိုဆီ တည့်တည့်မတ်မတ် ရောက်သွားခဲ့ပါတယ်။ နောက် ၂၈ မိနစ်မှာတော့ ဘန်ဇီမာရဲ့ မီတာ ၂၀ လောက် အကွာကနေ အပြင်းကန်ချက်ကို ဂိုးသမားတိုရီကို ကာကွယ်ဖမ်းယူခဲ့ပါတယ်။

၃၆ မိနစ်မှာတော့ ရီးယဲလ်က တန်ပြန်ထိုးစစ်ကနေ ရလာတဲ့ ဘောလုံးကို ဘန်ဇီမာက ဆွဲယူလာပြီး အလျင်အမြန် ပေးပို့လိုက်တာမှာ ဘေးလ်က သွင်းယူပေမယ့် ဂိုးသမား တိုရီကို ကာကွယ်ပြီး ထောင့်ကန်ဘော ဖြစ်သွားခဲ့ပါတယ်။ ဒီထောင့်ကန်ဘောကို တိုနီခရူးက ကန်တင်ပေးခဲ့ရာမှာ ဆာဂျီယိုရာမို့စ်က တဖက်နောက်ခံလူ မာရီယိုယက်ပေ့စ်ကို ကျော်ပြီး ဆီးမီးဖိုင်နယ် ပွဲစဉ်တုန်းကလိုပဲ ခေါင်းတိုက်သွင်းယူခဲ့ပါတယ်။

ဒုတိယပိုင်း ၅၁ မိနစ်မှာတော့ အစ္စကိုရဲ့ ပေးပို့မှုကနေ ဘေးလ်က ဘယ်ခြေနဲ့ ဂိုးသမား တိုရီကိုရဲ့ ခြေထောက်ကြားထဲကနေ ဂိုးသွင်းယူနိုင်ခဲ့တာပါ။

ဆန်လိုရန်ဇိုအသင်းကလည်း ရီးယဲလ်ဘက်ကို ဂိုးရဖို့ ပြန်လည်ကြိုးစားခဲ့ပြီး ရီးယဲလ်ဂိုးသမား ကာဆီးလက်စ်က ၂ ကြိမ် ကာကွယ်ဖမ်းယူနိုင်ခဲ့ပါတယ်။ တဖက်နဲ့ တဖက် အပြန်အလှန် တိုက်စစ်ဆင်ခဲ့ကြပေမယ့် ဂိုးထပ်မံ မသွင်းယူနိုင်ခဲ့ကြဘဲ ၂ ဂိုး ဂိုးမရှိနဲ့ပဲ စပိန်ကလပ်အသင်းက အနိုင်ရပြီး ကမ္ဘာ့ကလပ်ချန်ပီယံ ဖြစ်လာခဲ့ပါတယ်။

ကမ္ဘာ့ကလပ်ဖလားကို ဆွတ်ခူးနိုင်ခဲ့တာကြောင့် နည်းပြ အန်စလော့တီရဲ့ ရီးယဲလ်အသင်းဟာ ၂၀၁၄ ရာသီထဲမှာ ချန်ပီယံလိဂ်၊ ကိုပါဒယ်ရေ ဖလား အပါအ၀င် ၄ ခုမြောက် ချန်ပီယံဆုဖလားကို ရယူနိုင်တာ ဖြစ်ပါတယ်။

ကမ္ဘာ့ကလပ်အသင်းဖလားပြိုင်ပွဲမှာ ရီးယဲလ်နောက်ခံလူ ဆာဂျီယိုရာမို့စ်က ရွှေဘောလုံးဆု ရရှိခဲ့ပြီး ခရစ်တီယာနို ရော်နယ်ဒိုကတော့ ငွေဘောလုံးဆု ဆွတ်ခူးရရှိခဲ့ကြပါတယ်။ ကြေးဘောလုံးဆုကိုတော့ Auckland City (အောက်ကလန်စီးတီး) အသင်းကစားသမား ဗီချဲလစ်ခ်ျ က ရရှိခဲ့ပါတယ်။



ကိုးကားသတင်း။  ။ http://www.fifa.com/clubworldcup/matches/round=259701/match=300298898/match-report.html?intcmp=fifacom_hp_module_news_top

No comments:

Post a Comment